တောင်ကိုရီးယားတွင် အမေရိကန်၏ အဆင့်အမြင့်ဆုံး တိုက်လေယာဉ်များ လေ့ကျင့်ပျံသန်း

တောင်ကိုရီးယားတွင် ပြုလုပ်နေသည့် စစ်ရေးလေ့ကျင့်မှု၌ အမေရိကန်၏ အဆင့်အမြင့်ဆုံး ကိုယ်ပျောက် တိုက်လေယာဉ်များ ပါဝင်ပျံသန်းနေကြောင်း သိရသည်။

ပြီးခဲ့သည့် သီတင်းပတ်ကုန်က မြောက်ကိုရီးယား၏ ခရီးအကွာအဝေး အများဆုံး ပျံသန်းသည့် တိုက်ချင်းပစ် ဒုံးကျည်ကို စမ်းသပ်ခဲ့ပြီးနောက် ကိုရီးယားကျွန်းဆွယ်တွင် တင်းမာမှုများ ပိုမို မြင့်တက်လာခဲ့သည်။ ဒီဇင်ဘာ ၄ ရက်တွင်မူ အမေရိကန်က တောင်ကိုရီးယားနှင့် ပူးပေါင်း၍ လေကြောင်း စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ခဲ့ရာ F-22နှင့် F-35 တိုက်လေယာဉ်များကိုပါ ထည့်သွင်း ပျံသန်းစေခဲ့သည်။

F-22များသည် အမေရိကန် လေတပ်တစ်ခုတည်းသာ အသုံးပြုနေသည့် ပဉ္စမမျိုးဆက် တိုက်လေယာဉ်များ ဖြစ်ကြပြီး မဟာမိတ် နိုင်ငံများ၏ ကမ်းလှမ်း ဝယ်ယူမှုကိုပင် လက်မခံဘဲ ထိန်းသိမ်းထားသည့် အမျိုးအစား ဖြစ်သည်။ F-35များမှာလည်း အမေရိကန်နှင့် မဟာမိတ် နိုင်ငံအချို့ ပူးပေါင်းမှာယူသည့် နောက်ဆုံးပေါ် ဂျက်တိုက်လေယာဉ်များ ဖြစ်ကြသည်။

တောင်ကိုရီးယားတွင် နှစ်စဉ် ပြုလုပ်လေ့ရှိသည့် Vigilant Ace 18 လေတပ်စွမ်းရည် မြှင့်တင်မှု လေ့ကျင့်ရေး အစီအစဉ်တွင် တောင်ကိုရီးယားနှင့် အမေရိကန် လေယာဉ်ပေါင်း ၂၃၀ မျှ ပူးပေါင်း ပါဝင်ခဲ့ကြောင်း သိရသည်။

မြောက်ကိုရီးယားကမူ အဆိုပါ စစ်ရေးလေ့ကျင့်မှုမျိုးသည် ၎င်းတို့ကို တိုက်ရိုက် ခြိမ်းခြောက်နေမှုအဖြစ် ယူဆကြောင်း သတိပေးထားသည်။ အမေရိကန်၏ အဆင့်အမြင့်ဆုံး တိုက်လေယာဉ်များပါ ပါဝင်လာသည့် အစီအစဉ်ကမူ မြောက်ကိုရီးယားကို ပိုမို၍ အမျက်ထွက်စေဖွယ် ရှိကြောင်း လေ့လာသူများက သုံးသပ်ကြသည်။

မြောက်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီးဌာနက အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်သည် နျူကလီးယား စစ်ပွဲတစ်ခုကို တောင်းဆိုနေပြီး ကိုရီးယား ကျွန်းဆွယ်တွင် အန္တရာယ် ကြီးလွန်းသည့် နျူကလီးယား ကစားပွဲ တစ်ခုကို စတင်ရန် စိတ်ကူးနေကြောင်း စွပ်စွဲခဲ့သည်။ အမေရိကန်ဘက်ကမူ လက်ရှိ အခြေအနေများအရ ကိုရီးယား ကျွန်းဆွယ်တွင် စစ်ဖြစ်နိုင်သည့် အလားအလာမှာ တစ်နေ့တခြား မြင့်တက်လာနေကြောင်း မှတ်ချက်ပေး ပြောကြားထားသည်။

Ref: CNN