အခြေအနေကိုသိ၍ နေရာယူမှန်ပါစေ

(၁)

နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ရဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ခရီးစဉ်အပေါ် ဝေဖန်သုံးသပ်မှုတွေ အမျိုးမျိုးကြားရပါတယ်။ တချို့အကောင်းဘက်က ရှုမြင်တာတွေ့ရသလို အချို့လည်း တရုတ်အစိုးရအနေနဲ့ နိုင်ငံတော် အတိုင်

ပင်ခံပုဂ္ဂိုလ်ကို တခမ်းတနား ကြိုဆိုနေရာပေးခြင်းဟာ အကျိုးလိုလို့ ညောင်ရေလောင်းတာသာ ဖြစ်တယ်လို့ ဝေဖန်တာလည်း ရှိတယ်။တစ်ခုမေးစရာရှိတာက အကျိုးလိုလို့ ညောင်ရေလောင်းတာ မဟုတ်တဲ့ နိုင်ငံဘယ်နိုင်ငံ ရှိသလဲဆိုတဲ့ မေးခွန်းပါပဲ။ ‘‘ထာဝရရန်သူမရှိ၊ ထာဝရမိတ်ဆွေမရှိ၊ ထာဝရ အကျိုးစီးပွားသာရှိတယ်’’ဆိုတဲ့ နိုင်ငံရေးမှာ ကိုယ့်နိုင်ငံကို စေတနာသန့်သန့်နဲ့ ကူညီပေးမယ့် နိုင်ငံကြီးတစ်ခုခု ရှိနေမယ်လို့ ယူဆထားတာ ဟာ  အတော်လေးကို ကမောက်ကမ နိုင်လွန်းလှပါတယ်။

အကောင်းမြင်လွန်းခြင်းဟာ သတိကို လျော့ပါးစေတာကြောင့် ရန်သူ့ထောင်ချောက်ထဲကို ဝင်ရောက်မိစေ တတ်ပါတယ်။ ဒါပေမဲ့ အဆိုးမြင်လွန်းခြင်းဟာ လည်း အခွင့်အလမ်း ကောင်းတွေကို ဆုံးရှုံးစေနိုင်ပါတယ်။ ဒါကြောင့် အကောင်းမြင်လွန်းခြင်း၊ အဆိုးမြင်လွန်းခြင်းဆိုတဲ့ အစွန်းနှစ်ဖက်ကို ရှောင်ပြီး လက်ရှိ မြန်မာနိုင်ငံ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေက ဘာတွေလဲ၊ ဘယ်လိုချဉ်းကပ်ဖြေရှင်းမလဲဆိုတဲ့ စဉ်းစားပုံမျိုးနဲ့ ချဉ်းကပ်တာက ပိုပြီး မှန်ကန်လိမ့်မယ်လို့ ယူဆမိပါတယ်။ 

(၂)

အာဆီယံ အစည်းအဝေးနဲ့ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးရဲ့ မြန်မာနိုင်ငံခရီးစဉ်အပြီးမှာ ရခိုင်ပြည်နယ်  မြောက်ပိုင်းအရေးနဲ့ ပတ်သက်ပြီး နိုင်ငံတကာရဲ့ ဖိအားတွေ အတော်အတန် လျော့ပါးသွားလိမ့်မယ်လို့ မျှော်လင့်ခဲ့ကြပါတယ်။ နိုင်ငံတစ်နိုင်ငံချင်းစီရဲ့ ဖိအားကို အတော်အတန် လျှော့ချနိုင်ခဲ့တာ မှန်ပေမယ့် မြန်မာနိုင်ငံသား အများစုအနေနဲ့ ကုလသမဂ္ဂနဲ့ အခြားဒေသဆိုင်ရာ အဖွဲ့အစည်းတွေရဲ့ ဖိအားကို မေ့လျော့ထားလို့ မဖြစ်ပြန်ပါဘူး။ နိုဝင်ဘာ ၆ ရက်မှာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဥက္ကဋ္ဌရဲ့ ကြေညာချက် (Presidential Statem -ent) ကို ထုတ်ပြန်ခဲ့ပြီး အဲဒီကြေညာချက်ကို မြန်မာအစိုးရက ကန့်ကွက်ခဲ့ပါတယ်။ တကယ်တော့ အဲဒီမတိုင်မီမှာ ဗြိတိန်၊  ပြင်သစ်တို့က လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် (Resolution) အဖြစ် ထုတ်ပြန်ဖို့ ဆုံးဖြတ်ချက်မူကြမ်းကို တင်သွင်းခဲ့တာပါ။ တရုတ်က ပယ်ချခဲ့တဲ့အတွက်သာ ဆုံးဖြတ်ချက်အဖြစ် မထုတ်ပြန်ဘဲ ဥက္ကဋ္ဌရဲ့ ကြေညာချက်အဖြစ် ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ တကယ်လို့သာ ဥက္ကဋ္ဌရဲ့ ကြေညာချက်မဟုတ်ဘဲ ကောင်စီရဲ့ ဆုံးဖြတ်ချက်အဖြစ်သာ ထုတ်ပြန်ခဲ့ရင် အဲဒီဆုံးဖြတ်ချက်ကို ကုလသမဂ္ဂအဖွဲ့ဝင်ဖြစ်တဲ့ မြန်မာနိုင်ငံက မဖြစ်မနေလိုက်နာဖို့  လိုအပ်သွားမှာ ဖြစ်ပါတယ်။

ဒါ့အပြင် နိုဝင်ဘာ ၁၆ ရက် ကုလသမဂ္ဂ အထွေထွေညီလာခံ တတိယကော်မတီ အစည်းအဝေးမှာ OIC အဖွဲ့ဝင်နိုင်ငံတွေကို ကိုယ်စားပြုပြီး အီဂျစ်နိုင်ငံက ဆုံးဖြတ်ချက်မူကြမ်းတစ်ခု တင်သွင်းခဲ့ပါ တယ်။

 မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ဆုံးဖြတ်ချက်မူကြမ်းလို့ ဆိုပါတယ်။ ထောက်ခံမဲ ၁၃၅ မဲ၊ ကြားနေမဲ ၂၆ မဲ ရှိခဲ့ပြီး ကန့်ကွက်မဲက ၁၀ မဲပဲ ရခဲ့ပါတယ်။ ကန့်ကွက်မဲ ၁၀ မဲထဲမှာ တရုတ်၊ ရုရှား တို့ပါဝင်သလို ထောက်ခံတဲ့ မဲထဲမှာတော့ အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်တို့လို နိုင်ငံကြီးတွေ ပါပါတယ်။ ဒီဆုံးဖြတ်ချက်ကို ကုလသမဂ္ဂ အထွေထွေညီလာခံ စုံညီအစည်းအဝေး မှာ ထပ်ပြီး မဲခွဲဖို့ ရှိပါတယ်။ သေချာတာကတော့ မြန်မာအတွက် အခြေအနေကောင်းတဲ့ မဲရလဒ်တွေ ထွက်ပေါ်ဖို့တော့ သိပ်ပြီး မျှော်လင့်ချက် မရှိပါဘူး။

နောက်ထပ် တွေးတောပူပန်စရာ တစ်ခုက R2P လို့ လူသိများတဲ့ Responsibility to Protect ဆိုတာကို ထုတ်သုံးလာမလား ဆိုတဲ့အချက်ပါ။ R2P ဆိုတာကတော့ လူမျိုးတုံးသတ်ဖြတ်မှုတွေ (Genocide)၊ လူသားမျိုးနွယ်စုအ ပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ (Crimes Cgainst Humanity)၊ စစ်ရာဇဝတ်မှုတွေ (War Crimes)နဲ့ လူမျိုးရေးရှင်းလင်းမှု (EthnicCleansing) တွေကို တားဆီးဖို့အတွက် ကုလသမဂ္ဂအဖွဲ့ဝင်နိုင် ငံတွေရဲ့ သဘောတူညီချက်ပဲ ဖြစ်ပါတယ်။ လိုအပ်ရင် ကုလသမဂ္ဂအနေနဲ့ စေ့စပ်ညှိနှိုင်းမှု၊ သတိပေးမှု၊ အရေးယူဒဏ်ခတ် ပိတ်ဆို့မှုတွေနဲ့ တားဆီးနိုင်သလို လိုအပ်ရင်စစ်ရေးအရ အရေးယူနိုင်တဲ့ Chapter VII Power တွေကိုပါ အသုံးပြုနိုင်ဖို့ ခွင့်ပြုထားတာပါ။ Chapter VII Power ဆိုတာကတော့ ကမ္ဘာ့ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ထိန်းသိမ်းဖို့အတွက် စစ်ရေးအရရော စစ်ရေးမဟုတ် တဲ့ အခြားနည်းလမ်းတွေနဲ့ပါ အရေးယူဆောင်ရွက်နိုင်ဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို လုပ်ပိုင်ခွင့်အပြည့် အပ်နှင်းထားတဲ့ ပြဋ္ဌာန်းချက်ပါပဲ။ ဥပမာပြောရရင်တော့ ၂၀၁၁ ခုနှစ် မတ်လ ၁၇ ရက်မှာ ချမှတ်ခဲ့တဲ့ လုံခြုံရေး ကောင်စီဆုံးဖြတ်ချက်အမှတ် (၁၉၇၃) ဖြစ်ပါတယ်။ အဲဒီတုန်းကလည်း ဗြိတိန်နဲ့ ပြင်သစ်ကပဲ လစ်ဗျားကို စစ်ရေးအရ အရေးယူဖို့ ဆုံးဖြတ်ချက်မူကြမ်း တင်သွင်းခဲ့ တာပါ။ လုံခြုံရေးကောင်စီက ခွင့်ပြုပြီး ၂ ရက်အတွင်း လစ်ဗျားကို ဝင်တိုက်ခဲ့ကြတာပါ။

မြန်မာနိုင်ငံကိုတော့ R2P နဲ့ အရေးယူဖို့ ထင်သလောက်ကြီး မလွယ်ကူဘူးလို့ ယူဆသူများလည်း ရှိပါ တယ်။ ဘယ်လိုပဲဖြစ်ဖြစ် အခုချိန်အထိ တိကျသေချာတဲ့ သက်သေ(Evidence) တွေမပြနိုင်ဘဲ လူမျိုးရေးရှင်းလင်းမှု (Ethnic Cleansing) ရှိနေပါတယ် လို့ စွပ်စွဲပြောဆိုမှုတွေ ပြုလုပ်နေတာက မြန်မာနိုင်ငံအတွက်တော့ စိုးရိမ်စရာ အခြေအနေတစ်ခု အဖြစ် သတ်မှတ်ရမှာပါပဲ။ ဖြစ်နိုင်ခြေအလွန်နည်းပေမယ့် မဖြစ်ပါ ဘူးလို့ အာမခံမယ့်သူလည်း မရှိတဲ့ အခြေအနေတစ်ခု ဖြစ်ပါ တယ်။

 ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အထွေထွေ ညီလာခံတွေမှာတင် မြန်မာနိုင်ငံကို ဖိအားပေးနေကြတာ မဟုတ်ပါဘူး။ARSA အကြမ်းဖက်အဖွဲ့ရဲ့ တိုက်ခိုက်မှု မတိုင်မီမှာကတည်းက ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီမှာ မြန်မာနိုင်ငံကို ဖိအားတွေပေးနေခဲ့တာပါ။ တစ်ဖက်မှာ လည်း ဥရောပသမဂ္ဂရဲ့ ဖိအားရှိ နေသလို အနောက်နိုင်ငံကြီးတွေ တစ်နိုင်ငံချင်းစီရဲ့ ဖိအားကလည်းကြောက်ခမန်း လိလိပါပဲ။ ပိုပြီးဆိုးတာကတော့ အိမ်နီးချင်း အာဆီယံထဲမှာကို မြန်မာအစိုးရဘက်က ရပ်တည်ပေးသူက အတော်ကိုနည်းတယ် ပြောရမှာပါ။ ကုလသမဂ္ဂ အထွေထွေညီလာခံ တတိယကော်မတီ အစည်းအဝေးမှာ OIC က တင်သွင်းတဲ့ ဆုံးဖြတ်ချက်မူကြမ်းကို မဲခွဲစဉ်က ကမ္ဘောဒီးယား၊ လာအို၊ ဖိလစ်ပိုင်၊ ဗီယက်နမ်တို့က ကန့်ကွက်မဲပေးခဲ့ကြပေမယ့် အင်ဒိုနီးရှား၊ မလေးရှား၊ ဘရူနိုင်းနိုင်ငံတွေက ထောက်ခံခဲ့ကြပါ တယ်။ စင်ကာပူ၊ ထိုင်းတို့သည် ပင် ကြားနေမဲပဲ ပေးခဲ့ကြပါတယ်။

လက်တွေ့ရင်ဆိုင်နေရတဲ့ အခက်အခဲတွေဟာဘယ်လောက် ကြီးမားသလဲ ဆိုတာကို သေသေချာချာ သုံးသပ်ကြည့်ခြင်းအားဖြင့် ဒီအကျပ်အတည်း၊ ဒီဖိအားတွေ ကို မြန်မာတစ်နိုင်ငံတည်း ခါးစည်းရင်ဆိုင်ဖို့ဆိုတာ အတော့်ကိုမ လွယ်တာ တွေ့ရနိုင်ပါတယ်။ ဒါကြောင့်လည်း နိုင်ငံ့ခေါင်းဆောင် တွေအနေနဲ့ အဖြစ်သင့်ဆုံး နိုင်ငံ တကာ ဆက်ဆံရေးပုံစံကို ချမှတ် နေတာ ဖြစ်နိုင်ပါတယ်။

(၃)

ရခိုင်အရေးကို စဉ်းစားတဲ့တစ်ချိန်တည်းမှာ စဉ်းစားရမယ့် အချက်က မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအပေါ် ဘယ်သူကဘယ်လောက် အထောက်အ

ကူပြုနိုင်မလဲ ဆိုတဲ့အချက် ဖြစ်ပါ တယ်။ မြန်မာ့ပြည်တွင်းစစ်ကို သုံးသပ်ကြရာမှာ အများစုမေ့ လျော့ထားကြတဲ့ အချက်ကတော့ နိုင်ငံခြားရေးမူဝါဒပဲ ဖြစ်ပါတယ်။ အားလုံး သိကြတဲ့အတိုင်း ဖဆ ပလ အစိုးရလက်ထက်မှာ တရုတ်-မြန်မာ ဆက်ဆံရေးဟာ အတော်ကို ကောင်းမွန်ခဲ့သ လို ၁၉၆၂ အာဏာသိမ်းမှုအပြီး တော်လှန်ရေးကောင်စီ လက်ထက်မှာလည်း ဆက်လက်ကောင်းမွန်ခဲ့တာပါပဲ။ ဒါပေမဲ့ ၁၉၆၅ နောက်ပိုင်းမှာ ဆိုဗီယက်ယူနီယံနဲ့ နီးကပ်လာသလို နည်းပညာအကူအညီတွေ လက်ခံရယူခဲ့ပါတယ်။ ဒီကြားထဲမှာ ဆိုရှယ်လစ်နိုင်ငံ ထူထောင်ဖို့ တော်လှန်ရေး ကောင်စီဖွဲ့တဲ့ အစိုးရအနေနဲ့ ဆိုရှယ်လစ် အ တွေးအခေါ်နဲ့ ကွန်မြူနစ်တွေကို ဆန့်ကျင်နေတာကြောင့် အမေရိကန်ရဲ့ မျက်နှာသာပေးခြင်းကို လည်း ခံနေရပါသေးတယ်။ အဲဒီတော့ တရုတ်ကလည်း ပြန်ညစ်တာပါပဲ။ တော်လှန်ရေးကောင်စီ အစိုးရကို ဆန့်ကျင်တဲ့ ဗမာပြည်ကွန်မြူနစ် ပါတီကို အထောက်အပံ့တွေ ပေးခဲ့ပါတယ်။ အဲဒီအချိန်က မြန်မာအစိုးရကလည်း တရုတ်ဆန့်ကျင်ရေး ပြန်လုပ်ပါတယ်။ ၁၉၆၇မှာ တရုတ် - ဗမာ အဓိကရုဏ်း ဖြစ်ပါတယ်။ ဒီ့နောက် ဗမာပြည်ကွန်မြူနစ်ပါတီတွက် အရှေ့မြောက်စစ်ဒေသကို တရုတ်ကဖန်တီးခဲ့ပါတယ်။ ဇာတ်လမ်းကအဲဒီမှာ မပြီးပါဘူး။ အရှေ့မြောက်ဒေသရဲ့ ဗမာပြည်ကွန်မြူနစ်ပါတီအောက်မှာ ‘ဝ’၊ ကိုးကန့်တို့လို တရုတ်အနွှယ် စစ်တပ်တွေကို ထူထောင်ပေးခဲ့ပါတယ်။ အဲဒီ ‘ဝ’၊ ကိုးကန့်တို့ကပဲ ဗမာပြည် ကွန်မြူနစ်ပါတီကိုပြန်ပြီး ပုန်ကန်ခဲ့ကြတာပါ။ အခုတော့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေအဖြစ်နဲ့ ငြိမ်းချမ်းရေးအတွက် အတော်ကိုညှိနှိုင်းယူနေကြရပါတယ်။

ဒီနေရာမှာ အိမ်နီးချင်း နိုင်ငံအပေါ် ပြစ်ပယ်တဲ့ နိုင်ငံခြားရေးပေါ်လစီရဲ့ အမှားကို သင်ခန်းစာယူရမှာဖြစ်သလို လက်တလော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အိမ်နီးချင်းနိုင်ငံက ဘယ်လောက် ကူညီပေးနိုင်မလဲဆိုတာကို  တွေးဆဆင်ခြင်ဖို့ လိုအပ်ပါတယ်။ နိုင်ငံတကာက ဘယ်လောက်ပံ့ပိုး ကူညီသည်ဖြစ်စေ အိမ်နီးချင်းနိုင်ငံ တွေနဲ့ မသင့်မြတ်ရင် ကိုယ့်တိုင်း ပြည်ကို ထိခိုက်တယ်ဆိုတဲ့ အချက်ကိုလည်း သင်ခန်းစာထုတ်ယူ ဖို့ လိုပါတယ်။

(၄)

ကမ္ဘာကြီးက ပြားလာတယ် ဆိုဆို၊ ပြန်လုံးသွားပြီ ပြောပြောသေချာတာကတော့ ယနေ့ကမ္ဘာ မှာ ကိုယ့်တစ်နိုင်ငံတည်း ထီးထီးကြီးနေပြီး မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်နေလို့ မရပါ ဘူး။ ဒါကြောင့် သင့်လျော်တဲ့ နိုင်ငံခြားဆက်ဆံရေးကို အစိုးရက ချမှတ်ရမှာဖြစ်သလို ပြည်သူလူ ထုက ဝန်းရံကူညီရမှာ ဖြစ်ပါ တယ်။ အခြေအနေမှန်ကိုသိပြီး နေရာမှန်ယူတတ်ကြဖို့ လိုပါတယ်။ အခြေအနေကို မသိရင် နေရာယူမှားတတ်ပါတယ်။ နေရာယူမှားရင် မျိုးဆက်နဲ့ချီပြီး ဒုက္ခရောက်တတ်ပါတယ်။ အဲဒီလိုနေရာယူရာမှာ အကောင်းမြင်လွန်း ပြီး သတိလွတ်မသွားဖို့ လိုသလိုအဆိုးမြင်လွန်းပြီး အခွင့်အလမ်း တွေ မဆုံးရှုံးစေဖို့ လိုအပ်ကြောင်း ပါ။ ။

ဖော်ပြပါဆောင်းပါးသည် စာရေးသူ၏ အာဘော်သာဖြစ်ပါသည်။