မီလျံနာကြီးဖြစ်တော့မည်

‘ဂျင်းတုံးကြီးကုမ္ပဏီ’

တိုက်နဖူးစည်းတွင် ချိတ်ဆွဲ ထားသည့် ဧရာမဗီနိုင်းဆိုင်းဘုတ် ကြီးက လမ်းသွားလမ်းလာတိုင်း ကို လည်ပြန်လှည့်မကြည့်ဘဲ မနေနိုင်အောင် ဆွဲဆောင်နေ သည်။

တိုက်အတွင်းထဲတွင် ခေတ် မီပရိဘောဂပစ္စည်းများ ခင်းကျင်း ထားပြီး သပ်သပ်ရပ်ရပ် ဝတ်ဆင် ထားသည့် ရုံးဝန်ထမ်း လူငယ် လေးများက အလုပ်များနေဟန် ဟိုဟိုဒီဒီ သွားလာနေကြသည်။ အစည်းအဝေးခန်းအဖြစ် အသုံး ပြုထားသည့် အတွင်းဘက် အခန်းကျယ်ကြီးထဲတွင်တော့ အရွယ်ပေါင်းစုံပါဝင်သည့် လူ တစ်စုကို အနောက်တိုင်းဝတ်စုံ စမတ်ကျကျ ဝတ်ထားသည့် အမျိုးသားတစ်ဦးက အာပေါင် အာရင်းသန်သန်ဖြင့် ရှင်းပြနေ သည်။

‘‘ကျွန်တော်တို့ ဂျင်းတုံးကြီး ကုမ္ပဏီက အခုလို လူကြီးမင်းတို့ ကို ဖိတ်ကြားရတာဟာ ကုမ္ပဏီ ရဲ့ နောက်လုပ်မယ့်အစီအစဉ်တွေ နဲ့ လူကြီးမင်းတို့ အကျိုးအမြတ် ရနိုင်မယ့် အကြောင်းအရာတွေ ကို ပြောပြချင်လို့ပါ’’


ထိုင်နေသူများက ခေါင်း တညိတ်ညိတ်ဖြင့် နားထောင်နေ ကြသည်။ ယခု တက်ရောက်လာ သူအားလုံးမှာ ရပ်ကွက်အတွင်း ငွေကြေးချောင်လည်သည်ဟု ဆို နိုင်သည့် လုပ်ငန်းရှင်များဖြစ် သော လက်ဖက်ရည်ဆိုင်ပိုင်ရှင် ဦးစန်းမြင့်၊ ဆိုက်ကားအုံနာ ကိုဘသန်း၊ အပေါင်ဆိုင်ပိုင်ရှင် ဦးသန်းဝင်း၊ တက္ကစီအုံနာ ကိုဟန် စိုး၊ အလှပြင်ဆိုင်ပိုင်ရှင် မာမီရဲ၊ ငွေတိုးချေးသူ မသန္တာ အစရှိသူ တို့ဖြစ်ကြသည်။ သူတို့ကိုရှင်းပြ နေသူက ဂျင်းတုံးကြီးကုမ္ပဏီ၏ ပိုင်ရှင် မောင်ဇင်ဖြစ်သည်။

‘‘ကျွန်တော်တို့ကုမ္ပဏီဟာ လုပ်ငန်းတွေ အများကြီးတိုးချဲ့ဖို့ ရှိပါတယ်။ ကုန်ကုန်ပြောရရင် သွားကြားထိုးတံကနေ လေယာဉ် ပျံအထိ အရောင်းအဝယ်လုပ်ဖို့ စီစဉ်ထားပါတယ်။ ဘယ်လို ပစ္စည်းဖြစ်ဖြစ် အမြတ်အစွန်းရ မယ်ဆို အရောင်းအဝယ်လုပ်မှာ ပါ။ တကယ်လည်း အမြတ်အများ ကြီးရမယ့်လုပ်ငန်းတွေ တွေ့ထား ပါတယ်’’

မောင်ဇင်က စကားခဏရပ် ရင်း နားထောင်နေသူများကို စိတ် ဝင်စားမှု ရှိ၊ မရှိ အကဲခတ်သည်။ အားလုံး စိတ်ဝင်တစား နား ထောင်နေသည်ကို မြင်တော့မှ စကားဆက်ပြောသည်။

‘‘ကျွန်တော်တို့ အခုလို လုပ် ငန်းတွေထပ်ပြီးတိုးချဲ့ဖို့အတွက် ဆိုရင် အရင်းအနှီးတွေ လိုအပ်ပါ တယ်။ တကယ်ဆို ကျွန်တော့် ဘာသာ လိုအပ်နေတဲ့ အရင်း အနှီးကို မိတ်ဆွေဘဏ်သူဌေး တစ်ယောက်ယောက်ဆီကနေ လွယ်လွယ်ကူကူ ချေးယူလို့ရပါ တယ်။ အမြတ်အစွန်း အများကြီး ရမှာသေချာနေတာ လူတိုင်းပေး ချင်ကြတယ်။ ဒါပေမဲ့ ဟောဒီက ကျွန်တော့်ဆရာ ဆြာစူပါက ကျွန် တော့်ကို အမြဲသင်ပေးတယ်။ လူ ဆိုတာ ကိုယ်နေထိုင်တဲ့ပတ်ဝန်း ကျင်ကို အကျိုးပြုရတယ်တဲ့’’

မောင်ဇင်က စကားပြောရင်း သူ့ဘေးတွင်ထိုင်နေသည့် စူပါကို လက်ညှိုးထိုးပြသည်။ သူနှင့် မတော်သည့် အနောက်တိုင်းဝတ် စုံ ပွပွကြီးကို ဝတ်ဆင်ထားရ သဖြင့် စိတ်အိုက်နေသည့် စူပါက မောင်ဇင်၏ စကားအဆုံးတွင် ထိုင်နေသူများကို ကမန်းကတန်း ပြုံးပြလိုက်ရသည်။ မောင်ဇင်က ဆက်ပြောသည်။

‘‘ဒါကြောင့် ကျွန်တော့်အနေ နဲ့ လိုအပ်နေတဲ့ အရင်းအနှီးကို ဟောဒီရပ်ကွက်ထဲက လူတွေဆီ က ရှယ်ယာခေါ်ဖို့ ဆုံးဖြတ်လိုက် တာပါ။ ကျွန်တော်အကျိုးရှိသလို ရပ်ကွက်သူ၊ ရပ်ကွက်သားတွေ ကိုလည်း အကျိုးရှိစေချင်တယ် လေ။ လုပ်ငန်းရဲ့ အမြတ်အစွန်း အခြေအနေအရ သုံးလကို အတိုး ၅၀ ရာခိုင်နှုန်းထိ ထုတ်ပေးမှာဖြစ် ပါတယ်။ ခုချိန်မှာ အရင်းအနှီး ငွေတစ်သိန်းထည့်ရင် နောက်သုံး လကြာတဲ့အခါ တစ်သိန်းခွဲဖြစ် သွားမှာပေါ့’’

နားထောင်နေသူအားလုံး မျက်လုံးများ အရောင်လက်သွား သည်။ ၅၀ ရာခိုင်နှုန်းဆိုသည့် အတိုးက လူတိုင်း၏လောဘကို ဆွပေးလိုက်သည်။ ဆိုက်ကား အုံနာ ကိုဘသန်းကသာ ဘဝင် မကျဟန်ဖြင့် ထမေးသည်။

‘‘အတိုးရတာတော့ ဟုတ်ပါ ပြီ။ ခင်ဗျားကိုကျွန်တော်တို့က ဘယ်လောက် ယုံကြည်ရမှာလဲ။ ငွေတွေယူပြီး ပြန်မပြေးဘဲ လစ် သွားရင်ကော’’

မောင်ဇင်က ရှင်းပြမည်ပြု စဉ် စူပါက လက်ကာ၍ တား လိုက်ပြီး သူကိုယ်တိုင် ထပြော လေသည်။

‘‘ဒါကတော့ ကျွန်တော့် အပိုင်း ရောက်သွားပါပြီ။ မောင် ဇင်ဆိုတာ ကျွန်တော် သွန်သင် ဆုံးမခဲ့တဲ့ တပည့်ရင်းပါ။ သူ့ အတွက် ကျွန်တော် လုံးဝအာမခံ ပါတယ်။ ရုံးနဲ့ကနားနဲ့ တရားဝင် လုပ်နေတဲ့အလုပ်ပါ။ လေထိုး လေလျော်မဟုတ်ပါဘူး။ ကျွန် တော့်သိက္ခာနဲ့ထပ်ပြီး အာမခံပါ တယ်’’

စူပါမှာ ရပ်ကွက်ထဲတွင် လူလေးစားသူ တစ်ယောက်ဖြစ် သည့်အလျောက် သူ၏ အာမခံ ချက်အပေါ် ကျေနပ်သွားကြ သည်။ မောင်ဇင်က စကားဆက် ပြောသည်။

‘‘စည်းကမ်းချက်လေးတွေ တော့ ရှိပါတယ်။ အဲဒါကတော့ ရှယ်ယာရှင်တွေဟာ ကုမ္ပဏီရဲ့ လုပ်ငန်းတွေမှာ ဝင်စွက်ဖက်ခြင်း မပြုရပါဘူး။ နောက်ပြီး သုံးလ မပြည့်မချင်း အတိုးရောအရင်းပါ ထုတ်ယူခွင့်မရှိပါဘူး။ စည်းကမ်း မလိုက်နာတဲ့ ရှယ်ယာရှင်တွေကို ငွေပြန်အမ်းပြီး ဘလက်လစ်သွင်း ရပါလိမ့်မယ်’’

သူပြောသည့်အချက်များက လည်း မလိုက်နာစရာမရှိသဖြင့် အားလုံးလက်ခံကြသည်။ ထို့ နောက် ရှယ်ယာရှင်များ ထပ်မံ ဖိတ်ခေါ်ရာ လုပ်ငန်းရှင်များက တစ်သိန်း၊ နှစ်သိန်းမှ လေးငါး သိန်းအထိ ထည့်ဝင်ကြသဖြင့် စုစုပေါင်း သိန်း ၅၀ ကျော်ရသွား သည်။ မောင်ဇင်က စူပါကို လက်မထောင်ပြသည်။ စူပါက တော့ မျက်လုံးထဲတွင် ပွဲစားခများ ကို မြင်ယောင်ပြီး ကျေနပ်နေ သည်။

စူပါနှင့် ကာလရှည်ကြာ လက်တွဲခဲ့ဖူးသည့် တပည့်ကျော် မောင်ဇင်သည် နိုင်ငံရပ်ခြားသို့ သုံးနှစ်ခန့် သွားရောက်စီးပွားရှာ ပြီး မြန်မာပြည် ပြန်ရောက်လာ သည်မှာ သိပ်မကြာသေးချေ။ ရောက်ပြီးလပိုင်းအတွင်းမှာပင် သူရှာလာသည့် ငွေကြေးများဖြင့် ကုမ္ပဏီတစ်ခု တည်ထောင်လို သည်ဟု စူပါကို အကူအညီ တောင်းလာသည်။ ရုံးခန်းငှားခြင်း မှအစ ဝန်ထမ်းခန့်အပ်မှုအဆုံး စူပါက လိုက်ကူညီပေးခဲ့သည်။

ယခုလည်း ကုမ္ပဏီကို လုပ် ငန်းတိုးချဲ့ရန် အရင်းအနှီးလိုအပ် သည်ဟုဆိုကာ စူပါမှတစ်ဆင့် ရပ်ကွက်ထဲမှ လုပ်ငန်းရှင်များကို ဖိတ်ပေးခဲ့သည်။ မောင်ဇင်က ရရှိ လာသည့် အရင်းနှီးတိုင်း၏ ၁၀ ရာခိုင်နှုန်း စူပါကိုပေးမည်ဟု မက်လုံးပေးထားသဖြင့် အား တက်သရောအာမခံပြီး ကူညီနေ ခြင်းလည်းဖြစ်သည်။

ရှယ်ယာ သိန်း ၅၀ကျော် အတွက် မောင်ဇင်က စူပါကို ငါးသိန်းကျော် ပွဲစားခပေးသဖြင့် စူပါတစ်ယောက် ကျေနပ်နေ သည်။ မောင်ဇင်၏လုပ်ငန်းများ မည်သို့လည်ပတ်နေသည်ကို အသေးစိတ် မသိသော်လည်း အလုပ်အကိုင် ကောင်းပုံရသည်။ တစ်လလျှင် ကားတစ်စီး ပြောင်း စီးနေသည့် မောင်ဇင့်ကို စူပါအား ကျမိသည်။ အလုပ်ကောင်းလျက် နှင့် ဆရာတပည့်ခြင်း လျှိုလေ ခြင်းဟု တစ်ခါတစ်ရံ အပြစ်တင်မိ သည်မှလွဲ၍ အနည်းအကျဉ်းမျှ သံသယမဖြစ်မိ။

ဒီလိုနဲ့ ပထမတစ်ကြိမ် အတိုးထုတ်ရမည့် သုံးလတာကာ လ ပြည့်သွားသည်။ မောင်ဇင်က ကတိအတိုင်း ရှယ်ယာရှင်အား လုံးကို အတိုး ၅၀ ရာခိုင်နှုန်းစီ ထုတ်ပေးသည်။ အရင်းများများ ထည့်လျှင် အတိုးများများရမှန်း သိလာသဖြင့် ရှယ်ယာရှင်များ လောဘတက်လာကြပြီး နောက် ထပ် အဆမတန် ထပ်ထည့်ကြ သည်။ ထို့အပြင် လုပ်ငန်းရှင် မဟုတ်သည့် ရပ်ကွက်ထဲမှ လူ များကပါ မောင်ဇင်၏ကုမ္ပဏီ မတန်တဆ အတိုးပေးသည့် သတင်းကိုကြားပြီး ရှယ်ယာဝိုင်း ထည့်ကြသည်။ တချို့ဆိုလျှင် ရွှေ၊ ငွေ၊ အိမ်ဂရန်စသည်တို့ပေါင် နှံ၍ပင် ရှယ်ယာထည့်ကြသည်။

 ယခုတစ်ခေါက်ကတော့ ရှယ်ယာစုစုပေါင်း သိန်းထောင် ဂဏန်းအထိ ရခဲ့သည်။ မောင်ဇင် က စူပါကို ပွဲစားခ သိန်းရာကျော် ပေးသည်။ တစ်သက်နှင့်တစ် ကိုယ် ယခုလောက်များသည့်ငွေ ကို မကိုင်ဖူးခဲ့သည့် စူပါတစ် ယောက် ငွေထုပ်ကိုင်ပြီး ဘာ လုပ်ရမှန်းမသိဖြစ်နေသည်။ ထို့ ကြောင့် မောင်ဇင်က ယင်းငွေများ ကို ထိုင်စားမည့်အစား ကုမ္ပဏီ တွင် ရှယ်ယာထည့်ပြီး တိုးပွား အောင်လုပ်ရန် တိုက်တွန်းသည်။ စူပါလည်း လိုလိုလားလားပင် ငွေ အားလုံး ရှယ်ယာပြန်ထည့်လိုက် လေသည်။ အတွေးထဲတွင်တော့ ရလာသည့်အတိုးများဖြင့် မီလျံနာ ကြီးလုပ်ပြီး မည်သို့မည်ပုံ သုံးဖြုန်း လိုက်မည်ကို မစားရဝခမန်းစိတ် ကူးယဉ်နေသည်။

***

အချိန်များ တရွေ့ရွေ့ကုန် ဆုံးခဲ့သည်။ တစ်ခုသောနံနက်ခင်း တွင် စူပါ၏အိမ်ရှေ့တံခါးမှ ကျယ်လောင်စွာ အော်ဟစ်သံများ ကြောင့် အိပ်ရာမှ လန့်နိုးလာခဲ့ သည်။

‘‘ကိုစူပါ...ကိုစူပါ’’

‘‘ဗျို့ ကိုစူပါ အိမ်ထဲမှာရှိ လား’’

ပုဆိုးကို ကမန်းကတန်း ပြင် ဝတ်ရင်း အိပ်ရာထဲမှစူပါ လူးလဲ ထလာသည်။ အိမ်ရှေ့တွင် လူ အုပ်ကြီး စုစုရုံးရုံးဖြစ်နေသည်ကို တွေ့ရသည်။

‘‘ဘာတုံးဟေ့ စောစော စီးစီး’’

‘‘ဘာဖြစ်ရမတုန်း။ ခင်ဗျား တပည့်ကုမ္ပဏီက အတိုးထုတ် ပေးရမယ့်ရက် ရောက်ပြီလေ’’

‘‘ဟေ...ဟုတ်လား၊ မေ့ တောင်နေတယ်။ လာ လာ သွား ထုတ်ရအောင်’’

‘‘ထုတ်မနေနဲ့။ ဟိုကောင်က လစ်ပြီ’’

‘‘ဟေ...ဘယ်ကိုလစ်တာ တုံး’’

‘‘ဘယ်လစ်ရမလဲ။ ငွေတွေ ဗုန်းပြီး ပြေးပြီလေ’’

‘‘ဟာ...မဖြစ်နိုင်ပါဘူး။ ဟိုတစ်နေ့ကတောင် သူ့ရုံးခန်း ငါ ရောက်သေးတဲ့ဟာ’’

‘‘ဟုတ်တယ်။ ကျွန်တော်တို့ ရုံးခန်း သွားကြည့်ပြီးပြီ။ အိမ်ရှင် က အခန်း ခြောက်လပြည့်သွားလို့ ပိတ်ထားလိုက်ပြီတဲ့။ စာချုပ်သစ် ထပ်မချုပ်ထားဘူးတဲ့’’

‘‘ဟင်...အထဲမှာ ပရိဘောဂ တွေ ရှိသေးတယ်မဟုတ်လား’’

‘‘အဲဒါတွေကိုလည်း ရုံးခန်း ပြောင်းဖို့ဆိုပြီး တစ်ရက်၊ နှစ်ရက် အတွင်းပဲ ကားနဲ့သယ်သွားတယ် တဲ့။ အခု သူ့ဖုန်းလည်းမရှိတော့ ဘူး။ စက်ပိတ်ထားတယ်။ သူနေ တဲ့အိမ်ကို လိုက်တော့လည်း ပိုင် ရှင်ကို ပြန်အပ်သွားပြီတဲ့’’

‘‘မင်းတို့ကလည်းကွာ နည်း နည်းစောင့်ကြည့်ပါဦးလား။ ဟို က နိုင်ငံခြားမှာတောင် စီးပွားရှာ ပြီးပြန်လာတာ။ အဲဒီလို မလုပ် လောက်ပါဘူး’’

‘‘အဲဒါ ဂျင်းဗျ။ ဂျင်း...ဂျင်း။ ဘာစီးပွားမှမရှာဘူး။ ဒီကောင် မလေးမှာ အိုဗာစတေးဖြစ်ပြီး ထောင်ကျနေတာတဲ့။ မလေး သွားတဲ့အသိတွေ ပြန်ပြောပြတာ။ ထောင်ထဲမှာ လူလိမ်တွေနဲ့ရင်းနှီး ပြီး အဲဒီပညာနဲ့ လိုက်လိမ်စားနေ တာတဲ့။ အခု ဟိုမှာ အခြေအနေ မကောင်းလို့ ဒီပြန်လာပြီး လာ လိမ်တာဖြစ်မှာပေါ့’’

‘‘ဟေ...ဒါတွေ ငါမသိရပါ လား’’

‘‘ခင်ဗျားပဲ တပည့်ကို အာမ ခံတယ်ဆို။ သိသိမသိသိ ကျွန် တော်တို့ငွေတွေ အခုပြန်လျော် ပေး’’

‘‘ဟုတ်တယ်။ နို့မို့ဆို ကျွန် တော်တို့ ရှယ်ယာထည့်မှာမဟုတ် ဘူး။ ခင်ဗျားမျက်နှာနဲ့ ထည့် တာ’’

‘‘ကိုစူပါ ကျုပ်တို့ငွေတွေ ပြန်ပေး’’

ဒေါသထွက်နေသည့် လူ အုပ်ကြီးက ရုတ်ရုတ်သဲသဲဖြစ်လာ သဖြင့် စူပါ လန့်ဖျပ်ပြီး အိမ်တံခါး ကို ပိတ်လိုက်မိသည်။

‘‘ဟေ့ လူကြီး အခုမှအိမ်ထဲ မှာ ပုန်းမနေနဲ့။ အခုထွက်လာခဲ့’’

‘‘ခင်ဗျား မထွက်လာရင် အိမ်ကိုမီးရှို့မှာနော်’’

‘‘ကျုပ်တို့ငွေတွေ အကုန် ပြန်လျော်ပေး’’

အပြင်မှ လူအုပ်ကြီးက ဝုန်း ဒိုင်းကြဲ သောင်းကျန်းနေသည်။ စူပါတစ်ယောက် အိမ်တံခါးကို ကျောမှီရင်း စိတ်ပျက်လက်ပျက် ထိုင်ကာ လူလိမ် မောင်ဇင်ကို ရော၊ မိမိ၏အယုံလွယ်မှုနှင့် လောဘကိုပါ ကျိန်ဆဲနေလေ တော့သတည်း။

(ဖော်ပြပါ သရော်စာသည်စာရေးသူ၏ အာဘော်သာ ဖြစ်ပါသည်)