ထောက်ကြန့်တွင် အရိုက်ခံရသည့်သံဃာ ဘီယာဝယ်ခြင်းမဟုတ်ကြောင်း သတင်းစာရှင်းလင်း

သတင်းစာရှင်းလင်းပွဲသို့ တက်ရောက်လာသည့် ၀န်းရံသံဃာတော်များ (ဓာတ်ပုံ − ကျော်ဇင်သန်း)

 ထောက်ကြန့်လမ်းဆုံရှိ လမင်းသာ (၂) စားသောက်ဆိုင် တွင် ဆိုင်ရှင်နှင့် အလုပ်သမား များ ဝိုင်းဝန်းရိုက်နှက်ခြင်း ခံခဲ့ရသည့် သံဃာတော်သည် သံဃာအတုမဟုတ်သလို၊ ဘီယာလာဝယ်ခြင်းမဟုတ်ဘဲ  ဆေးသောက်ရန် ရေအလှူခံခဲ့ခြင်းသာဖြစ်ကြောင်း  ဗဟန်းမြို့နယ်ရှိ သမ္မတသင်္ကန်းတိုက်ငါးလွှာတွင်  ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ဆရာတော်ဘဒ္ဒန္တဣန္ဒာဝုဓက မိန့်သည်။

အခင်းဖြစ်ပွားသည့် နိုဝင် ဘာ ၂၈ ရက် နေ့လယ်က လှည်း ကူးမြို့နယ် ရာမဝတီကျောင်း တိုက်မှ ဆရာတော်ဦးဣန္ဒက သည် ထောက်ကြန့်လမ်းဆုံရှိ ကမ္ဘောဇဘဏ်တွင် ကျပ်နှစ်သိန်း အပ်ပြီးနောက် အစာအိမ်ရောဂါ အတွက် မင်္ဂလာရွှေအုပ် ဆေး သောက်ရန် ရေအလှူခံခဲ့ခြင်းသာ ဖြစ်ကြောင်း ဆရာတော်၏ တပည့်သံဃာများက မိန့်သည်။

‘‘အဲဒီနေ့က ဆရာတော့်ဆီ မှာ ငွေခုနစ်သိန်းပါတယ်။ အဲဒီ အထဲက နှစ်သိန်းကို ဘဏ်မှာ အပ်ပြီး ဝိနည်းနဲ့အညီ   လေး တောင်ခန့်အကွာကိုသာကြည့်ပြီး ငုံ့လျှောက်လာတော့ ဆိုင်းဘုတ် ကို မမြင်လိုက်ဘူး။ ရေဝင်အလှူ ခံတော့ ရေကို ရခိုင်လိုရွီလို့ခေါ်တဲ့ အတွက် ရွီယာပေးပါလို့ အလှူခံ တာကို ဘီယာပေးပါလို့ အထင် မှားပြီး ရိုက်ကြတာ။ နောက်ပြီး ဗီဒီယိုဖိုင်ထဲကလို တစ်မိနစ်သာ သာပဲမဟုတ်ဘူး။  နေ့လယ် လောက်ကတည်းက  ညှဉ်းပန်းနှိပ် စက်တာ ညနေ ၄ နာရီလောက် အထိ အကြမ်းဖက်ခံရတာ။ ပိုက် ဆံငါးသိန်းလည်း  ပျောက်နေ တယ်’’ဟု  ဆရာတော်ဘဒ္ဒန္တဣန္ဒာ ဝုဓက မိန့်သည်။

ဆရာတော် ဦးဣန္ဒကသည်ထောက်ကြန့်လမ်းဆုံရှိ  လမင်းသာ (၂)စားသောက်ဆိုင်အတွင်းသို့ အရက်လာဝယ်သည်ဟု စွပ်စွဲထားပြီး သံဃာအတုဟုဆိုကာ ဆိုင်ရှင်နှင့် ဆိုင်တွင်လာရောက်သောက်စားသည့်အမျိုးသားက ဝိုင်းဝန်း  ရိုက်နှက်ခဲ့ကြောင်း ထောက်ကြန့်မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက နိုဝင်ဘာ ၃၀တွင်ပြောကြားထားသည်။

‘‘ခံဝန်လက်မှတ်ထိုးခိုင်းတဲ့ အချိန်ကလည်း ရဲမပါဘူး။ အုပ် ချုပ်ရေးမှူးအဖွဲ့ကလည်း မပါ ဘူး။ အရက်ဆိုင်ပိုင်ရှင်က ဒီခံဝန် ကို ဘုန်းကြီးကျောင်းကိုပို့လိုက် တယ်။ အရက်ဆိုင်ပိုင်ရှင်နဲ့ ခံဝန် ထိုးခိုင်းတဲ့ ဘုန်းကြီးက ဆရာ ဒကာအရင်းတွေဖြစ်နေပါတယ်။ ခံဝန်ထိုးခိုင်းတဲ့အချိန်ကလည်း ခြိမ်းခြောက်ပြောဆိုတာတွေရှိပါ တယ်။ ကြောက်ကြောက်လန့်လန့် နဲ့ ထိုးခဲ့ရတာ။ နောက်ပြီး ဝိုင်းဝန်းရိုက်နှက်တဲ့တရားခံက နှစ်ယောက်မဟုတ်ပါဘူး။ သုံးယောက်ပါ’’ဟု ဆရာတော်ဘဒ္ဒန္တဣန္ဒာဝုဓက မိန့် သည်။

နိုဝင်ဘာ ၂၈ ရက် နေ့လယ် က အဆိုပါစားသောက်ဆိုင်တွင် လှည်းကူးမြို့နယ်    ရာမဝတီ ကျောင်းတိုက်မှ   ဆရာတော် ဦးဣန္ဒကက အလှူခံရာ သံဃာအတုဟုဆိုကာ ရိုက်နှက်ခဲ့သည့် ဗီဒီယိုဖိုင်သည်  ဖေ့စ်ဘွတ်ခ်၌ ပျံ့နှံ့ခဲ့ပြီးနောက် ထောက်ကြန့်ရဲစခန်းမှူး ဒုရဲမှူးမြင့်လွင်က တရားလိုပြုလုပ်ကာ အမှုဖွင့်ခဲ့သည်။

သတင်းစာရှင်းလင်းပွဲ ပြု လုပ်ချိန်တစ်လျှောက်လုံးတွင် စားသောက်ဆိုင်အတွင်း ဝိုင်းဝန်းထိုး ကြိတ်ခံခဲ့ရသည့် ဆရာတော် ဦးဣန္ဒက တစ်စုံတစ်ရာဝင် ရောက်ရှင်းလင်းခြင်းမရှိဘဲ ဝန်း ရံသည့် ဆရာတော်ဘဒ္ဒန္တဣန္ဒာဝုဓ ကသာ မိန့်ခဲ့သည်။

ယင်းသို့ ရိုက်နှက်ခံရသည့် ဆရာတော် ဦးဣန္ဒကသည် ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် ကျက်သရေရွာမှဖြစ်ပြီး ကျက်သရေရွာ သိမ်တောင်  ကျောင်းတိုက်၊ မြောင်းမြမြို့ရှိ   ပဇ္ဇောတာရုံကျောင်းတိုက်၊ ညောင်တုန်းမြို့ရှိ ရွှေဟင်္သာတောရကျောင်းတိုက်၊ ပုသိမ်မြို့ရှိ ပစ္ဆိမာရုံကျောင်းတိုက်တို့တွင်  ပညာသင်ကြားခဲ့ကာ လက်ရှိတွင် လှည်းကူးမြို့နယ်ရှိ ရာမဝတီကျောင်းတိုက်၌ သီတင်း သုံးနေသည်။

ဆရာတော်အား ဝိုင်းဝန်း ရိုက်နှက်ခဲ့သူများကို သာသနာညှိုးနွမ်းစေရန် တမင်ရည်ရွယ် ကျူးလွန်သော ပြုလုပ်မှုပုဒ်မ ၂၉၅ -က၊ နာကျင်စေမှုပုဒ်မ ၃၂၃၊ ပစ္စည်းကို   မရိုးမဖြောင့်သောသဘောဖြင့် အလွဲသုံးစားမှုပုဒ်မ ၄၀၃၊ အားပေးကူညီမှုပုဒ်မ ၁၁၄တို့ဖြင့် ထောက်ကြန့်မြို့မရဲစခန်း က အမှုဖွင့်အရေးယူထားသည်။

သတင်းစာရှင်းလင်းပွဲနှင့် ပတ်သက်၍ ထောက်ကြန့်မြို့မ ရဲစခန်းသို့ ဖုန်းဖြင့်ဆက်သွယ်မေး မြန်းရာ  အဆက်အသွယ်မရခဲ့ပေ။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ရန်ကုန်တိုင်းလွှတ်တော် တရားစီရင်ရေးတရားဥပဒေစိုးမိုးရေးနှင့် တိုင်ကြားစာများ၊ အသနားခံစာများ စိစစ်ရေးကော်မတီက ယမန်နေ့ကကျင်းပသော လွှတ်တော်အစည်းအဝေးပြီးသည်နှင့် ကော်မတီအရေးပေါ်အစည်းအဝေးပြုလုပ်ကာ  စတင်ကွင်းဆင်းစုံစမ်း နေပြီဖြစ်ကြောင်း   တိုင်းဒေသကြီးအမတ်  ဦးရန်အောင်က  ၎င်း၏ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင်  ရေးသားထားသည်။