သင့်ရင်သွေး အမွေဆိုးမပေးပါနှင့်

NLD HIV/AIDS ကူညီစောင့်ရှောက်ရေးဂေဟာ၌ ထမင်းစားနေသော ကလေးများ-ဓာတ်ပုံ−ဂျေမောင်မောင်(အမရပူရ)

 မိဘနှစ်ပါးက  ပေးခဲ့သည့် အမွေဆိုးကြီးကို မောင်စီ (အမည် လွှဲ) တစ်ယောက် လက်ဝယ်ပိုက် ပြီး ရှင်သန်နေထိုင်ခဲ့ရသည်မှာ (၁၅) နှစ်တင်းတင်း ပြည့်ခဲ့ပြီ ဖြစ်သည်။ သို့သော် လက်ရှိအချိန် ထိ ယင်းအမွေဆိုးကြီးကို ထွေး ပိုက်နေရတုန်းပင်။ ယင်းသည် ကု ရာနတ္ထိဆေးမရှိဟူ၍ တင်စားကြ သော အိတ်ခ်ျအိုင်ဗီဗိုင်းရပ်စ်ပိုး ပင်ဖြစ်သည်။

အဆိုပါ ရောဂါပိုးကို ဖခင်မှ တစ်ဆင့် မိခင်၊ မိခင်မှတစ်ဆင့် ၎င်းထံသို့ ကူးစက်ခဲ့ခြင်းဖြစ် သည်။ မိခင်ဝမ်းထဲရှိ သန္ဓေသား ဘဝမှာကတည်းက ကူးစက်ခံရ ခြင်းဖြစ်နိုင်သော်လည်း သူ (၁) နှစ် သားပြည့်ချိန်တွင်မှ ရောဂါပိုးရှိ မှန်းသိခဲ့ကာ ယခုအသက်ဆယ့် ငါးနှစ်ပြည့်သည့်အချိန်အထိ ယင်းရောဂါပိုးကပေးသော ဝေဒနာကို တောက်လျှောက်ခံစားခဲ့ရသည် ဟု မောင်စီက ဆိုသည်။

‘‘ငယ်ငယ်လေးကတည်းက ရောဂါကြောင့် လူတောထဲမတိုးရဲ ဘူး။ လူသိမှာလည်းကြောက်လို့ ကျောင်းကိုလည်း မသွားချင်ဘူး။ နောက်ဆုံးကျောင်းပါထွက်လိုက် တယ်’’ ဟု တိုးညင်းစွာဖြင့် ၎င်းက ဆိုသည်။

၎င်း၏ဖခင်သည် ရောဂါရှိ ကြောင်း စသိချိန်တွင် မိခင်နှင့် မောင်စီအပါအဝင် ကလေးငယ် သုံးဦးကိုပါ ရောဂါပိုး ရှိ၊မရှိစစ် ဆေးခဲ့ရာ ကံဆိုးစွာဖြင့်အငယ်ဆုံး သား မောင်စီ၌ ရောဂါရှိနေသည် ကို တွေ့ခဲ့ရသည်။ မောင်စီ၏အစ် ကိုနှစ်ဦးမှာမူ အဆိုပါရောဂါ ပိုး အမွေဆိုးကို မရရှိခဲ့ပေ။

မောင်စီကဲ့သို့ပင် မိဘများ ထံမှ ရောဂါအမွေဆိုးကို လက်ခံ ရရှိထားသူ ဆယ်ကျော်သက်အ ရွယ် အိတ်ခ်ျအိုင်ဗီဝေဒနာရှင်များ စွာ မြန်မာနိုင်ငံအနှံ့အပြားတွင် ရှိ နေပါသည်။

မိဘထံမှ  ရောဂါအမွေဆိုး ကြောင့် ကျောင်းပင်ရပ်နားထားရ သည်ဟု ဝမ်းနည်းစွာပြောသူက အသက် (၁၅) နှစ်ကျော်အရွယ်ရှိ ကိုးတန်းကျောင်းသား မောင်ဖြူ (အမည်လွှဲ) ဖြစ်သည်။ ၎င်းသည် လည်း မောင်စီကဲ့သို့ပင် ဖခင်ထံမှ မိခင်၊ ထိုမှတစ်ဆင့် ၎င်းထံကူး စက်ခံခဲ့ရခြင်းဖြစ်သည်။

‘‘ရွယ်တူ သူငယ်ချင်းတွေ ကျောင်းတက်တာမြင်ရင် တက် ချင်တယ်။ သားကရဲဖြစ်ချင်တာ။ ရဲယူနီဖောင်းကို အရမ်းသဘော ကျတာ။ အခုတော့ နေမကောင်း လို့ ကျောင်းတောင်ထွက်လိုက်ရ တယ်’’ ဟု ၎င်းကမျက်ရည်ဝဲရင်း ဆိုသည်။

ကလေးဘဝကစတင်ပြီး ဘ ဝတစ်သက်တာလုံး၌ အိတ်ခ်ျအိုင် ဗီရောဂါပိုးနှင့်အတူ ရှင်သန်ကြီး ပြင်းရသော ဆယ်ကျော်သက် အရွယ် အိတ်ခ်ျအိုင်ဗီဝေဒနာရှင် များသည် ပညာရေး၊ ကျန်းမာရေး၊လူမှုရေးတို့အပြင် စိတ်ပိုင်းဆိုင် ရာနှင့် အလုပ်အကိုင် အခွင့်အ လမ်းဆုံးရှုံးမှုများမှာ အခြားသာ မန်သက်တူရွယ်တူများထက် ပိုမို ထိခိုက်ခံစားနေရသည်။

အိမ်နီးချင်းနိုင်ငံ ကလေးများနှင့် နှိုင်းယှဉ်လျှင် လူမှုရေးအရ မူလနေထိုင်ရာ အိမ်မှပြောင်းရွှေ့ ရခြင်း၊ မိသားစုတကွဲတပြားဖြစ် ရခြင်း၊ အိမ်ထောင်စုစာရင်းတွင် ပါဝင်မှု နည်းပါးခြင်းစသည့် လူမှုရေးထိခိုက်မှုများနှင့် အာဟာရ အရ အသက် (၅) နှစ်အောက် ကလေးငယ်များတွင်လည်း ကိုယ်အလေးချိန်  လျော့နည်းခြင်း၊ အရပ်ပုလွန်းခြင်း၊ ပိန်လှီခြင်းတို့ မှာ အိမ်နီးချင်းကလေးများနှင့် နှိုင်းယှဉ်ပါက ပိုမိုဖြစ်ပွားသည်ကို လေ့လာတွေ့ရှိရကြောင်း သုတေသနစာတမ်း၌ ဖော်ပြထားသည်။

ကမ္ဘာပေါ်တွင် အိတ်ခ်ျအိုင်ဗီ ရောဂါကြောင့် မိဘတစ်ဦးဦးသေ ဆုံးရသော ကလေးသူငယ်ပေါင်း သည် တစ်ကမ္ဘာလုံးတွင် ၁၄ သန်း ကျော်ရှိပြီး ၂၀၁၀ ပြည့်နှစ်၌ ခုခံ အား ကျဆင်းမှု ကူးစက်ရောဂါပိုး ကြောင့် မိဘမဲ့ဖြစ်ရသူ ကလေးသူ ငယ်ပေါင်း ၂၅ သန်းခန့်ရှိနိုင် ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ခန့်မှန်းထာသည်။

မြန်မာနိုင်ငံတွင် ၂၀၁၆ က တွက်ချက်ထားသော စာရင်းများ အရ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ရောဂါဖြစ်ပွားနှုန်းသည် သုည ဒသမ ၆ ရာခိုင်နှုန်းရှိပြီး မိခင်မှ ကလေးသို့အိတ်ခ်ျအိုင်ဗီ ကူးစက် ခံရမှုနှုန်းမှာ သုည ဒသမ ၅ ရာခိုင် နှုန်းရှိနေကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သ တင်းထုတ်ပြန်ထားသည်။

ထို့ကြောင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက လာ မည့် ၂၀၂၅ တွင် မိခင်မှ ကလေးသို့ အိတ်ခ်ျအိုင်ဗီပိုး ကူးစက်မှုလုံးဝ ကင်းစင် ပပျောက်သည်အထိ ဆောင်ရွက်မည်ဖြစ်ကြောင်း ခုခံ အားကျကာလသားရောဂါတိုက် ဖျက်ရေး စီမံချက်မန်နေဂျာ ဒေါက်တာထွန်းညွန့်ဦးက ဆိုသည်။

‘‘ကိုယ်ဝန်ဆောင်တွေကို ရောဂါပိုး ရှိ၊ မရှိ စစ်ဆေးပေး တယ်။ စောစောစီးစီးကုသပေး တယ်။ ကုသပေးပြီးတော့ မွေးလာ တဲ့ ကလေးတွေကိုလည်း ရောဂါ ရှိ၊ မရှိပေါ့။ ရောဂါပိုးစစ်ဆေးပေး တယ်။ စစ်ဆေးပြီးရင် စောစောစီး စီး ကုသမှုပေးတယ်ပေါ့’’ ဟု ၎င်း ကဆိုသည်။

ယင်းနည်းလမ်းဖြင့် မိခင်မှ ကလေးသို့ ကူးစက်မှုကို ကာကွယ်မည်ဖြစ်သည်။ လက်ရှိတွင် မြန်မာနိုင်ငံသာမက အခြားသောနိုင်ငံ များ၌ အိတ်ခ်ျအိုင်ဗီပိုး ကူးစက်ခံထားရသော ဆယ်ကျော်သက် အရွယ်များအတွက် ကျန်းမာရေး ဝန်ဆောင်မှုပေးခြင်း၊ နှစ်သိမ့် ဆွေးနွေးပေးခြင်းအပြင် ၎င်းတို့ဘ ဝတစ်လျှောက်လုံး၌ ကုသမှုပေး သည့် လမ်းညွှန်ချက်များကို ချမှတ်ထားပြီးဖြစ်ကြောင်း ကမ္ဘာ့ကျန်း မာရေးအဖွဲ့ (WHO) မြန်မာနိုင်ငံ ဆိုင်ရာ ဌာနေကိုယ်စားလှယ် ဒေါက်တာစတီဖင်ပေါလ်ဂျော့ (Dr. Stephan Paul Jost) ကဆို သည်။

ထိုကဲ့သို့ လမ်းညွှန်ချက်များ ရှိနေသော်လည်း အိတ်ခ်ျအိုင်ဗီနှင့် ပတ်သက်ပါက ကာကွယ်ရေး၊ ကုသရေးလုပ်ငန်းများကိုသာ ဦး တည်လုပ်ကိုင်ခြင်းကြောင့် လက် ရှိ အိတ်ခ်ျအိုင်ဗီရောဂါ ဝေဒနာရှင်များတွင် ခွဲခြားဆက်ဆံခံရမှုများ နှင့် အလုပ်အကိုင် အခွင့်အလမ်း ဆုံးရှုံးသည့် ပြဿနာများ တွေ့ ကြုံနေရဆဲဖြစ်သည်။

‘‘လတ်တလောမှာ ခွဲခြား ဆက်ဆံမှုကတော့ အနည်းငယ် တော့ လျော့နည်းသွားပြီ။ ဒါပေမဲ့ လည်း ရှိနေတယ်ပေါ့။ လုပ်ငန်း ခွင်ထဲရှိမယ်။ ပတ်ဝန်းကျင်၊ မိ သားစုထဲရှိမယ်။ တချို့ကျတော့ ကျန်းမာရေးဝန်ထမ်းတွေလည်း ပါကောင်း ပါနိုင်မယ်ပေါ့။ ဆိုလို တာက လျော့တော့လျော့နည်း သွားပြီ။ ဒါပေမဲ့ရှိနေတုန်းပဲ။ အိတ်ခ်ျ အိုင်ဗီကာကွယ်ကုသရေး ဆောင်ရွက်နေသော အေးငြိမ်းမေတ္တာလူထုအခြေပြု အဖွဲ့အစည်းမှ စီမံချက်မန်နေဂျာ ကိုမျိုးမင်းထက်က အကြံပြုသည်။

အိတ်ခ်ျအိုင်ဗီဝေဒနာရှင် များကို ကူညီစောင့်ရှောက်မှုပေး နေသည့် နယ်စည်းမထားဆရာဝန် များအဖွဲ့၏ ၂၀၁၆ စက်တင်ဘာ ကိန်းဂဏန်းများအရ ရန်ကုန်၊ ရှမ်း၊ ကချင်နှင့် တနင်္သာရီ ဒေသ များရှိ  ၎င်းတို့၏ စီမံကိန်းနေရာ များ၌ အေအာရ်တီဆေးဖြင့်လူနာ ၃၄,၈၇၇ ဦးအား ကုသပေးနေ သည်။ ၎င်းတို့အနက် ၁,၈၀၇ ဦး သည် အသက် (၁၀) နှစ်မှ (၁၉) နှစ်ကြား အရွယ်များဖြစ်ပြီး ယင်း အရေအတွက်မှာ လူနာစုစုပေါင်း ၏ ၅ ရာခိုင်နှုန်းခန့်ရှိသည်။

အဆိုပါကိန်းဂဏန်းများအ ရ ရန်ကုန်မြို့ရှိ နယ်စည်းမထား ဆရာဝန်အဖွဲ့၏ စီမံချက်တွင် ဆယ်ကျော်သက်အရွယ်များ၏ အိတ်ခ်ျအိုင်ဗီ ကူးစက်ခံရမှုကို ကြည့်မည်ဆိုပါက မိခင်မှကလေး သို့ ကူးစက်မှုမှာ အခြားသွေးသွင်း ခြင်း၊ သက်ငယ်မုဒိမ်းကျင့်ခံရခြင်း ကြောင့်ဖြစ်သော ကူးစက်မှုထက် ရာခိုင်နှုန်းအားဖြင့် ပိုမိုများပြားနေ သည်။

မြန်မာနိုင်ငံတွင် အိတ်ခ်ျအိုင်ဗီပိုးအသစ် ကူးစက်ခံရမှုနှုန်း သည် တစ်နာရီလျှင် တစ်ဦးနှုန်း ရှိနေပြီး နေ့စဉ်လူဦးရေ ၃၀ ခန့်ကူးစက်ခံနေရသည်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ခန့်မှန်းတွက်ချက်မှုအရ ၂၀၁၆ အတွင်း အိတ်ခ်ျအိုင်ဗီ ရောဂါကူးစက်ခံရသူ လူနာအသစ်ဦးရေ ၁၁,၁၄၉ ဦးရှိပြီး နေ့စဉ်လူဦးရေ ၃၀ ခန့် ကူးစက်ခံနေရခြင်းဖြစ် သည်။အိတ်ခ်ျအိုင်ဗီရောဂါပိုးဖြစ် ပွားသူဦးရေ ၂၂၀,၀၀၀ ခန့်ရှိပြီး မူးယစ်ဆေးအကြောထဲ ထိုးသွင်း သူများကြား ၂၉ ရာခိုင်နှုန်း၊ အမျိုး သမီး လိင်လုပ်သားကြား ၇ ရာခိုင် နှုန်း၊ အမျိုးသားချင်း လိင်တူဆက် ဆံသူများကြား ၁၃ ရာခိုင်နှုန်းကူး စက်ခံနေရသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ ၂၀၁၅ လမ်းညွှန်ချက် အတိုင်း လိုက်နာမည်ဆိုပါက မိခင်မှ ကလေးသို့ ကူးစက်မှုနှုန်း ၅ ရာခိုင်နှုန်းအောက်သာ ရှိနိုင်သော် လည်း လိုက်နာကာကွယ်မှုမလုပ် လျှင် ကူးစက်မှုနှုန်းသည် ၁၅ ရာခိုင်နှုန်းမှ ၄၅ ရာခိုင်နှုန်းအထိ ရှိနိုင်သည်။ မိခင်မှကလေးသို့ ကူး စက်မှုကို ကာကွယ်ရန် မိခင်များ အနေဖြင့် ကိုယ်ဝန်ဆောင်ချိန် တွင် သားဖွားမီးယပ်ဆရာဝန်များ နှင့် ဆောလျင်စွာအပ်၍ သွေးစစ် ဆေးခြင်းကို ဆောလျင်စွာပြုလုပ် ရန် လိုအပ်သည်။ အကယ်၍ရော ဂါပိုးကူးစက်ခံထားရပါကသန္ဓေ သားသို့ မကူးစက်စေရန် ဆေးကု သမှုကို ဆောလျင်စွာခံယူရမည် ဖြစ်သည်။

စိုးရိမ်စရာကောင်းသည့်အ ချက်တစ်ချက်အနေဖြင့် အိတ်ခ်ျ အိုင်ဗီရောဂါပိုးရှိသူ ဆယ်ကျော် သက်လူငယ်များသည် ရောဂါ ဒဏ်ခံစားနေရခြင်း အဓိကအုပ်စု တစ်ခုဖြစ်သော်လည်း ဂရုစိုက်ကူ ညီပံ့ပိုးမှု လုံလောက်စွာ မရရှိကြ သောကြောင့် ၎င်းအုပ်စုဝင်များ တွင် ဆေးယဉ်ပါးမှု ဖြစ်ပွားနှုန်း မြင့်မားနေသည်ကို တွေ့ရှိနေရ ခြင်းပင်ဖြစ်သည်။

‘‘အခုက အိတ်ခ်ျအိုင်ဗီဝေဒ နာခံစားနေရတဲ့ ဆယ်ကျော်သက် တွေမှာ သူတို့က တခြားသူတွေ ထက် ဆေးယဉ်ပါးတဲ့ပြဿနာ သူတို့မှာပိုဖြစ်တယ်။ သူတို့က ခွဲခြား ဆက်ဆံတာ ပိုပြီးခံစားရတယ်။ လူကြီးတစ်ယောက်လို မဟုတ် ဘူး။ ခံနိုင်ရည်နည်းတယ်။ နောက်ပြီးသူတို့မှာ လူငယ်သဘာဝတို့၊ ကိုယ်ရေးကိုယ်တာ စိတ်ဝင်စား တဲ့ အကြောင်းအရာတွေ အများ ကြီးရှိတယ်။ ကျားမကိစ္စ၊ လိင် ကိစ္စတွေ ဒါတွေလည်းပါတယ်။ အဲဒီလိုပါတဲ့အခါကျတော့ အေ အာရ်တီ ဆေးသောက်ရတာက သူ တို့တွက် ဝန်ထုပ်ဝန်ပိုး ဖြစ်လာ တယ်။ ဖြစ်လာတော့ ဘာကိုသွား ထိခိုက်လဲဆိုတော့ ဆေးမှန်မှန်မ သောက်တော့ဘူး။ အဲဒီမှာဆေး ယဉ်ပါးတဲ့ ပြဿနာကစဖြစ်လာ တယ်’’ ဟု နယ်စည်းမထားဆရာ ဝန်များအဖွဲ့မှ ဒေါက်တာဘုန်း သစ်က ဆိုသည်။

ထို့ကြောင့် ၎င်းတို့အတွက် ပုံမှန်အတိုင်း ဘဝရှင်သန်ဖွံ့ဖြိုး စေရန် အထောက်အကူပေးသည့် ပတ်ဝန်းကျင်ကောင်းတစ်ခု မဖြစ် မနေလိုအပ်နေသည်။

ကလေးနှင့်လူငယ်လူရွယ် များသည် နိုင်ငံ၏ အနာဂတ်ခေါင်းဆောင်များ ဖြစ်သည်။ မောင်စီ နှင့် မောင်ဖြူတို့ကဲ့သို့ လူငယ်များ ရောဂါဝေဒနာခံစားရလျှင် တစ် နည်းအားဖြင့်ဆိုသော် နိုင်ငံ့စီး ပွား၊ လုပ်အား၊ ဝင်ငွေဆုံးရှုံးခြင်း ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့အ တွက် အနာဂတ်မပျောက်ရေး၊ ပတ်ဝန်းကျင်ကောင်းဖန်တီးပေး ရေးနှင့် ရောဂါထိန်းချုပ်ရေးများ ကို ဆောင်ရွက်ပေးရန် လိုအပ်နေ ပြီဖြစ်သည်။

ထိုသို့မဟုတ်ပါက မောင်စီ၊ မောင်ဖြူကဲ့သို့ အနာဂတ်ပျောက် ဆုံးနေသည့် ကလေးငယ်များ သည် ရှိနေဦးမည်ဖြစ်သည်။