ဘန်ကောက်မြို့ မြန်မာသံရုံးအတွင်း ချိန်ကိုက်ဗုံးပုံစံတူ အထုပ်တွေ့ရှိ၍ လုံခြုံရေး တိုးမြှင့်ထား

မြန်မာသံရုံးအတွင်း ချိန်ကိုက်ဗုံးပုံစံတူအထုပ်တွေ့ရှိပြီးနောက် လုံခြုံရေးတိုးမြှင့်ထားစဉ် (ဓာတ်ပုံ − ဘခက်MAT)

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ မြန်မာသံရုံးအတွင်း ချိန်ကိုက်ဗုံးနှင့် ပုံစံတူပြုလုပ်ထားသော အထုပ်နှစ်ထုပ် တွေ့ ရှိမှုကြောင့်​ ရဲတပ်ဖွဲ့က သံရုံးလုံခြုံရေးကို တိုးမြှင့်ချထား ကြောင်း မြန်မာသံရုံးမှ အလုပ်သမား သံအရာရှိ ဦးမိုးအောင် ခိုင်က ပြောသည်။

ဒီဇင်ဘာ ၄ ရက် နံနက် ၁၀ နာရီတွင် နာရီကိုတိပ်အမည်းဖြင့် ကပ်ထားပြီး ၀ိုင်ယာကြိုး တပ်ဆင်ထားသော ချိန်ကိုက်ဗုံးနှင့် ပုံစံတူအထုပ်နှစ်ထုပ်တွေ့ရှိမှုကြောင့် ထိုင်းရဲတပ်ဖွဲ့က လာရောက်ရှင်းလင်းပေးခဲ့သည်။ ထိုကဲ့သို့ ပြုလုပ်ခြင်းမှာ  ခြိမ်းခြောက်သည့်သဘောဖြစ်ကြောင်း မြန်မာသံရုံး အလုပ်သမား သံအရာရှိ ဦးမိုးအောင်ခိုင်က 7Day Daily သတင်းစာအား ပြောသည်။

‘‘ချိန်ကိုက်ဗုံးပုံစံတူ လုပ် ထားတာပေါ့။ အဓိကတော့ လှန့် တာပေါ့။ ခြိမ်းခြောက်တဲ့သဘော မျိုးလုပ်တာပေါ့။ စီစီတီဗီတွေ ပြန်စစ်ရမယ်။ လုံခြုံရေးကိုပိုပြီး ဂရုစိုက်သွားရမှာပေါ့’’ဟု ၎င်းက ပြောသည်။ယခု အထုပ်များ တွေ့ရှိခဲ့သော နေရာသည် မြန်မာသံရုံးဝင်းအတွင်းသံရုံးအဖြစ် ယခင်ကအသုံးပြုခဲ့သော အဆောက်အအုံ ဟောင်းဖြစ်ပြီး လက်ရှိတွင် ယင်း အဆောက်အအုံ၌ ပတ်စ်ပို့များ ပြုလုပ်ပေးနေသည်။

ယင်းအခြေအနေများ ကြောင့် သံရုံးပတ်စ်ပို့ဌာနနှင့် သံ ရုံးကို ၂ နာရီကြာပိတ်ထားခဲ့ပြီး မွန်းတည့် ၁၂ နာရီတွင် ပြန်လည်ဖွင့် ပေးခဲ့ကြောင်း ၎င်းကဆက်လက် ပြောသည်။

ယင်းအထုပ်များ တွေ့ရှိချိန်တွင် ပတ်စ်ပို့ဌာနသို့ မြန်မာလုပ်သား ၂၀၀ ခန့် လာရောက် ပတ်စ်ပို့ ပြုလုပ်နေကြောင်း ယင်းဌာန၌ ကူညီပေးနေသော ကိုဝင်းနိုင်က ပြောသည်။

‘‘အထုပ်နှစ်ထုပ်တွေ့တာ။ သံရုံးပတ်စ်ပို့လုပ်တဲ့ဌာန အင်္ကျီ လဲတဲ့နေရာမှာ တွေ့တာ။ ထိုင်းရဲ တပ်ဖွဲ့ကတော့ ၁၅ မိနစ်အတွင်း မှာ လာပြီးစစ်ဆေးပေးပါတယ်’’ ဟု ကိုဝင်းနိုင်ကပြောသည်။

အဆိုပါ အထုပ်ကိုစစ်ဆေး ကြည့်ရှုရာ ချိန်ကိုက်နာရီတစ်လုံး၊ တီဘီစီပိုက်လုံးတစ်ခုနှင့် ၀ိုင်ယာ ကြိုးတစ်ချောင်းစသည်တို့ ပါရှိပြီး ပေါက်ကွဲစေနိုင်သည့် ယမ်းများ မပါရှိဘဲ မသမာသူများက အခြေအနေ ငြိမ်သက်မှု မရှိအောင် ရည် ရွယ်ချက်ဖြင့်ပြုလုပ်ခြင်းဖြစ် ကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြော ဆိုထားသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီဇင် ဘာ ၄ ရက်တွင် သတင်းထုတ်ပြန် ခဲ့ရာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ မြန်မာသံရုံးဟောင်း အတွင်းရှိ မြန်မာနိုင်ငံကူးလက်မှတ် ထုတ် ပေးသည့် ရုံးအတွင်း မသင်္ကာဖွယ်ပလတ်စတစ် အထုပ်တစ်ခု တွေ့ရှိ၍ ထိုင်းရဲတပ်ဖွဲ့ဝင်များကို အကြောင်းကြားပြီး စစ်ဆေးရာ အထုပ်အတွင်းမှ နာရီနှင့် ပလတ်စတစ်ပိုက်ကို တိပ်ဖြင့်ပတ်ထား ကာ ပလတ်စတစ်ပိုက်အတွင်း ဆန်များထည့်ထားသည့် Fake Bomb  ဖြစ်ကြောင်း၊ မြန်မာသံရုံးမှ တာဝန်ရှိသူများအနေဖြင့် သံရုံးနှင့် ၀န်ထမ်းအိမ်ရာ လုံခြုံရေးအပါအ၀င် နိုင်ငံကူးလက်မှတ်ထုတ်ပေး သည့် ရုံးခန်းလုံခြုံရေးတို့ကို အထူးဂရုပြု ဆောင်ရွက်နေကြောင်း ပါရှိသည်။

ရခိုင်အရေးကိစ္စနှင့်  ပတ် သက်၍ ပြီးခဲ့သည့်လများအတွင်း က ပြည်ပနိုင်ငံအချို့မှ မြန်မာသံ ရုံးများကို ဆန္ဒပြကန့်ကွက်ခဲ့ရာ စက်တင်ဘာ ၄ ရက်တွင် အင်ဒိုနီးရှားနိုင်ငံ မြို့တော်ဂျကာတာရှိ မြန်မာသံရုံး၌  မီးလောင်ဗုံးဖြင့် ပစ်ပေါက်ခံရမှု ဖြစ်ပွားခဲ့သည်။

ရခိုင်အရေးကိစ္စနှင့်  ပတ် သက်၍ ပြည်ပနိုင်ငံအချို့တွင် ဆန့်ကျင်ဆန္ဒပြနေသောကြောင့် ပြည်ပရှိ မြန်မာသံရုံးများလုံခြုံရေး အချက်သုံးချက် ဆောင်ရွက်ရန် ညွှန်ကြားထားကြောင်း သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး က ပြောဆိုထားသည်။

Top News