ရှားပါး အခြေအနေအဖြစ် မြောက်ကိုရီးယားသို့ ကုလသမဂ္ဂ ထိပ်တန်း အရာရှိတစ်ဦး သွားရောက်

ရှားပါး အခြေအနေ တစ်ရပ်အဖြစ် ကုလသမဂ္ဂ ထိပ်တန်း အရာရှိတစ်ဦး မြောက်ကိုရီးယားသို့ သွားရောက်ခဲ့ကြောင်း သိရှိရသည်။

ကုလသမဂ္ဂ၏ မူဝါဒရေးရာဌာန အကြီးအကဲ ယက်ဖရီ ဖဲ့လ်တ်မန်းသည် ဒီဇင်ဘာ ၅ ရက်တွင် ပြုံယမ်းသို့ သွားရောက်ခဲ့ခြင်း ဖြစ်သည်။ ယင်းသည် မြောက်ကိုရီးယားမြေတွင် ခြောက်နှစ်တာအတွင်း ကုလသမဂ္ဂ အရာရှိတစ်ဦး ပထမဆုံးအကြိမ် ခြေချမှုအဖြစ် မှတ်တမ်းဝင်ခဲ့သည်။

မြောက်ကိုရီးယားက ကုလသမဂ္ဂကို နိုင်ငံရေး ဆွေးနွေးမှုများအတွက် ဖိတ်ခေါ်ကြောင်း စက်တင်ဘာလ အတွင်းက ကြေညာခဲ့သည်။ ဖဲ့လ်တ်မန်းသည် အမေရိကန် သံအရာရှိဟောင်း တစ်ဦးဖြစ်ပြီး လက်ရှိ ကုလသမဂ္ဂ ဖွဲ့စည်းပုံတွင် ရာထူးအမြင့်ဆုံး ရယူထားသည့် အမေရိကန် နိုင်ငံသားလည်း ဖြစ်သည်။

၎င်းသည် ဒီဇင်ဘာ ၈ ရက်ထိ ပြုံယမ်းတွင် နေထိုင်ပြီး မြောက်ကိုရီးယား အစိုးရ ထိပ်တန်း အရာရှိများနှင့် ဆွေးနွေးသွားမည်ဟု သိရသည်။ ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရ အရာရှိ တစ်ဦးက ဖဲ့လ်တ်မန်းသည် မြောက်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီး ရီယောင်ဟိုနှင့်လည်း တွေ့ဆုံမည်ဟု ဆိုသည်။ သို့သော် နိုင်ငံခေါင်းဆောင် ကင်မ်ဂျုံအန်းနှင့်မူ ဆွေးနွေးရန် စီစဉ်ထားခြင်း မရှိချေ။

မြောက်ကိုရီးယားသည် ယခုနှစ်အတွင်း နျူကလီးယားဗုံးနှင့် တိုက်ချင်းပစ်ဒုံးကျည် လက်နက်နည်းပညာ သုတေသန ကဏ္ဍကို အရှိန်မြှင့် အကောင်အထည် ဖော်လာပြီး နိုဝင်ဘာ ၂၉ ရက်တွင် နိုင်ငံသမိုင်း၌ အကွာအဝေး အရှည်ဆုံး ခရီးပေါက်သည့် တိုက်ချင်းပစ် ဒုံးကျည်ကို စမ်းသပ် အောင်မြင်ခဲ့သည်။ နောက်တစ်နေ့တွင် ကုလသမဂ္ဂက မြောက်ကိုရီးယား၏ ဖိတ်ကြားထားမှုကို တရားဝင် လက်ခံရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

လတ်တလောတွင် မြောက်ကိုရီးယားနှင့် အမေရိကန် ဦးဆောင်သော မဟာမိတ်များ၏ ဆက်ဆံရေးမှာ အတင်းမာဆုံး အခြေအနေ ဖြစ်နေပြီး ကိုရီးယား ကျွန်းဆွယ်တွင် စစ်ဖြစ်လာမည်ကို နိုင်ငံတကာက စိုးရိမ်လျက် ရှိသည်။ ပြီးခဲ့သည့် သီတင်းပတ်အတွင်း ကုလသမဂ္ဂ အစည်းအဝေးတွင်မူ အမေရိကန် သံအမတ် နစ်ကီဟာလေက အကယ်၍ စစ်ဖြစ်လာပါက မြောက်ကိုရီးယားသည် အဆုံးစွန်ထိ ချေမှုန်းဖျက်ဆီးခြင်း ခံရလိမ့်မည်ဟု ခြိမ်းခြောက် ပြောဆိုသွားခဲ့သည်။

Ref: AFP