ပြည်နယ်စီးပွားရေးကျဆင်းသွားနိုင်၍ ရော်ဘာစက်ရုံများ ပြောင်းရွှေ့ပေးမည်မဟုတ်ဟု မွန်ပြည်နယ်ဝန်ကြီးချုပ်ပြော

မွန်ပြည်နယ်ရှိ ရော်ဘာစက်ရုံများ ပြည်သူများ နှင့် ကင်းဝေးရာသို့ ပြောင်းရွှေ့ ပါက ပြည်နယ်၏ စီးပွားရေးထက် ဝက်ခန့် ကျဆင်းနိုင်သဖြင့် ပြောင်းရွှေ့ပေးရန် အစီအစဉ်မရှိ ကြောင်း မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ပြည်နယ် လွှတ်တော်တွင် ပြောကြားသည်။

ရော်ဘာစက်ရုံများကို ခရီး သွားပြည်သူများနှင့် လွတ်ကင်းရာ အတည်တကျနေထိုင်နေသော ရပ်ကွက်ပြည်သူများနှင့် ကင်းဝေးရာသို့ ပြောင်းရွှေ့ပေးရန် မွန်ပြည်နယ်လွှတ်တော်၌ စက်တင်ဘာ ၈ ရက်က အလေးအနက် တိုက်တွန်းကြောင်းအဆို အတည်ပြုထားသော်လည်း ယနေ့အချိန်ထိ အစိုးရက အကောင်အထည် မဖော်သေးသဖြင့် အဆိုတင်သွင်းသည့် မုဒုံမြို့နယ်မဲဆန္ဒနယ်အမှတ် (၁) ပြည်နယ်လွှတ်တော် ကိုယ်စား လှယ် ဒေါ်မြသိင်္ဂီမော်က ဒီဇင်ဘာ ၄ ရက်တွင် ကျင်းပသည့်အဋ္ဌမအကြိမ် လွှတ်တော်အစည်းအဝေး၌ ထပ်မံမေးမြန်းရာ ပြည်နယ်ဝန်ကြီးချုပ်က ထိုသို့ဖြေကြား ခဲ့သည်။


‘‘ဒီလုပ်ငန်းကို တခြားတစ် နေရာကို ပြောင်းဖို့က မဖြစ်နိုင် ဘူး။ စီးပွားရေး လုံးဝကျဆင်း သွားမယ့် အခြေအနေကို အစိုးရ အဖွဲ့က လုံးဝ မလိုလားပါဘူး။ မွန်ပြည်နယ် စီးပွားရေး ထက်ဝက် ကျဆင်းသွားမှာဖြစ်တဲ့အတွက် ကြောင့် ဒီကိစ္စနှင့်ပတ်သက်ပြီး ရှင်းရှင်းပဲပြောပါမယ်။ တခြား တစ်နေရာကို မပြောင်းရွှေ့ပါဘူး။ မွန်ပြည်နယ်ရဲ့ စီးပွားရေးကို လည်း ထိခိုက်မခံနိုင်ပါဘူး။ ကိုယ့်ပြည်နယ်ရဲ့ စီးပွားရေးအခြေအနေကိုလည်း လေ့လာပါ။ ကိုယ့်ပြည်နယ်ရဲ့ လုပ်ငန်းတွေကိုလည်း လေ့လာပါ။ အစိုးရရဲ့ လုပ်ကိုင်ဆောင်ရွက်မှုကိုလည်း လေ့လာပါ’’ဟု မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ပြည်နယ်လွှတ်တော်တွင် ဖြေ ကြားခဲ့သည်။

လက်ရှိတွင် မွန်ပြည်နယ် အတွင်း ရော်ဘာစက်ရုံ ၁၉ ရုံ ခန့်ရှိကြောင်း၊ စက်ရုံအားလုံးကို သဘာဝပတ်ဝန်းကျင် လေ့လာဆန်းစစ် စစ်ဆေးမှု ပြုလုပ်ထားကြောင်း ဒေါက်တာအေးဇံက ဆိုသည်။

ရော်ဘာစက်ရုံများကို နေ ရာပြောင်းရွှေ့ရန် အစီအစဉ်မရှိ သော်လည်း ပတ်ဝန်းကျင်ဆိုင်ရာ လိုက်နာရမည့် စည်းကမ်းချက် များ လိုက်နာဆောင်ရွက်မှုမရှိပါက စက်ရုံကို ပိတ်သိမ်းမည်ဟု မွန်ပြည်နယ် အစိုးရအဖွဲ့ဝင် ပအိုဝ်း တိုင်းရင်းသားရေးရာ ဝန်ကြီး ဒေါ်စံဝင့်ခိုင်က ပြည်နယ်လွှတ် တော်တွင် ပြောကြားခဲ့သည်။

ပြည်နယ်အတွင်း ရော်ဘာ ကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် အရည်အသွေးမြင့် ရော်ဘာများ ထုတ်လုပ်နိုင်သည့် ရော်ဘာသန့် စင်စက်ရုံများ တည်ဆောက်ရန် လိုအပ်သည့် ကူညီထောက်ပံ့မှု များ ရရှိရန် ပြည်နယ်အစိုးရအဖွဲ့ အနေဖြင့် ကြိုးပမ်းပေးနေကြောင်း ဒေါက်တာအေးဇံကဆိုသည်။

မွန်ပြည်နယ်သည် ရော်ဘာ စိုက်ပျိုးရာ အများဆုံးဒေသဖြစ်ပြီး အများစုသည် အသေးစား ရော်ဘာစိုက်ပျိုးသူများဖြစ်ကာ ပြည်နယ်တစ်ခုလုံး၏ ၈၀ ရာခိုင် နှုန်းခန့်သည် အသေးစားစိုက်ပျိုး သူများဖြစ်ကြောင်း မွန်ပြည်နယ် ရော်ဘာလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌနိုင်ကျန်ရစ်က ပြောကြား သည်။