ဗြိတိန် ဝန်ကြီးချုပ်ကို လုပ်ကြံမည့် အစီအစဉ် တစ်ခုကို ရဲတပ်ဖွဲ့ ဟန့်တားနိုင်ခဲ့

ဗြိတိန် ဝန်ကြီးချုပ် သီရေဆာမေကို လုပ်ကြံမည့် အစီအစဉ် တစ်ရပ်ကို လန်ဒန် မက်ထရိုပိုလီတန် ရဲတပ်ဖွဲ့က ဟန့်တားနိုင်ခဲ့ကြောင်း သိရှိရသည်။


ဒီဇင်ဘာ ၅ ရက် ကြေညာချက်တွင် အဆိုပါ အားထုတ်မှုနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှု လုပ်ငန်းစဉ် အသေးစိတ်ကိုမူ ဖော်ပြမထားချေ။ ပြီးခဲ့သည့် သီတင်းပတ်ကုန်က လူနှစ်ဦးကို ဖမ်းဆီးရမိခဲ့ပြီး အကြမ်းဖက် တိုက်ခိုက်မှု ကျူးလွန်ရန် ကြံစည်မှုအတွက် ဝက်စ်မင်စတာ တရားရုံးတွင် ဒီဇင်ဘာ ၆ ရက်၌ စတင်ကြားနာ စစ်ဆေးမည်ဟု ရဲတပ်ဖွဲ့က အတည်ပြုခဲ့သည်။

မက်ထရိုပိုလီတန် ရဲတပ်ဖွဲ့၏ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဌာနခွဲက နိုဝင်ဘာ ၂၈ ရက်တွင် အဆိုပါ အမျိုးသား နှစ်ဦးကို ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။ ၎င်းတို့ နှစ်ဦးမှာ လန်ဒန် မြောက်ပိုင်းတွင် နေထိုင်သည့် အသက် ၂၀ အရွယ် နိုင်မာ ဇာကာရီယာ ရာမန်နှင့် ဘာမင်ဂမ် အရှေ့တောင်ပိုင်းတွင် နေထိုင်သည့် အသက် ၂၁ နှစ်အရွယ် မိုဟာမက် အေကွစ်ဘ် အင်မ်ရန်တို့ ဖြစ်ကြောင်း သိရသည်။

နီးစပ်သော သတင်းရင်းမြစ်များကို စုံစမ်းမေးမြန်းပြီးနောက် အဆိုပါ အမျိုးသား နှစ်ဦးသည် ဗြိတိန်ဝန်ကြီးချုပ် မေကို လုပ်ကြံမည့် အကြမ်းဖက် စီမံကိန်း တစ်ခုကို အကောင်အထည်ဖော်ရန် ကြိုးစားနေခဲ့ခြင်းဖြစ်ကြောင်း Sky Newsက ဖော်ပြခဲ့သည်။

၎င်းတို့သည် ဒေါင်းနင်းလမ်းရှိ ဝန်ကြီးချုပ် နေအိမ်ကို ဖောက်ခွဲကာ မေကို လုပ်ကြံရန် စီမံကိန်းချ ဆောင်ရွက်နေကြောင်း Sky Newsက ဆိုသည်။

ဒီဇင်ဘာ ၅ ရက် မနက်အစောပိုင်းတွင် ဝန်ကြီးချုပ်၏ ပြောရေးဆိုခွင့်ရ အရာရှိက ဗြိတိန် ထောက်လှမ်းရေး အရာရှိများသည် ၁၂ လတာ ကာလအတွင်း အကြမ်းဖက် တိုက်ခိုက်ရန် ကြံစည်မှု ၉ ခုကို ဖော်ထုတ် ဟန့်တားနိုင်ခဲ့ကြောင်း ကြေညာသွားခဲ့သည်။

Ref: Sky News

Top News