နိုင်ငံတော်သမ္မတ ကျန်းမာပါစ

ပုပ်ရဟန်းမင်းကြီးအား ကြိုဆိုသည့် အခမ်းအနား၌ သမ္မတဦးထင်ကျော်ကို ၂၀၁၇ နိုဝင်ဘာ ၂၈ ရက်က တွေ့ရစဉ် (ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ))

အိုဘားမား အပါအ၀င် အမေရိကန်သမ္မတဟောင်းများ၏ အိမ်ဖြူတော် မရောက်မီနှင့် ရောက်ပြီးပုံကို ကမ္ဘာကျော် TIME မဂ္ဂဇင်းက နှိုင်းယှဉ်ဖော်ပြခဲ့သည်။ တိုင်းပြည်၏ အထွတ်အထိပ်ဟူသော သမ္မတ များ ပိုမိုနုပျိုလာမည်ထင်ပါသလား။ ကြီးမားလေးလံသော တာဝန်များ၏ ဖိစီးမှုက ၎င်းတို့၏ မျက်နှာများတွင် အထင်းသားပေါ်လွင်ခဲ့သည်။ အလွန်တရာစမတ်ကျသည်ဟု နာမည်ကျော်သော အမေရိကန်သမ္မတများ ဘဲဥပုံရုံးခန်းရောက်ပြီးနောက် ရုပ်ကျသွားခဲ့သည်။

မြန်မာသမ္မတ ဦးထင်ကျော်သည် ယမန်နှစ်မေလက ဆိုချီမြို့ ၌ ရုရှားသမ္မတပူတင်နှင့်တွေ့ဆုံခဲ့ သည်။ အရပ်ခြောက်ပေကျော်မြင့်သည့် ဦးထင်ကျော်သည် ပူတင်ကို အုပ်မိုးထားပြီး ရုပ်ရည်က ကြည်လင်လန်းဆန်းနေသည်။ အဆိုပါ အခြေအနေသည် သမ္မတ နှစ်လ မပြည့်မီကဖြစ်သည်။

သမ္မတဖြစ်ပြီး၂ နှစ်မပြည့်မီ ဆောက်လုပ်ရေးဝန်ကြီးဌာနက Public Works Department (၁၃၁)နှစ်မြောက် အခမ်းအနားသို့ တက်ရောက်လာသော သမ္မတဦး ထင်ကျော် သိသိသာသာ ပိန်သွား ကြောင်း ပြည်သူများက သတိ ထားမိခဲ့သည်။

သမ္မတ သိသိသာသာပိန်ကျ သွားသော်လည်း သမ္မတကျန်းမာ ရေးကောင်းကြောင်း အစိုးရဘက်ကရော ပါတီဘက်ကပါ အသိပေးခဲ့သည်။

‘‘သမ္မတကြီးက ကျန်းမာရေး လည်း ကောင်းတယ်။ ဘန် ကောက်သွားပြီးကတည်းက ၀ိတ်ကျသွားတယ်’’ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဗဟိုအလုပ် အမှုဆောင်အဖွဲ့ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန်က ပြောကြားသည်။

သမ္မတကြီးသည် လက်ရှိ တွင် ယခင်ကထက် ၁၅ ပေါင်ခန့် ၀ိတ်ကျသွားသည်ဟု ဦးဝင်းထိန်က ပြောသည်။

နိုင်ငံတော်သမ္မတ ဦးထင် ကျော်သည် ပြီးခဲ့သည့် စက်တင် ဘာ ၈ ရက်က ကျန်းမာရေးစစ် ဆေးရန် ထိုင်းနိုင်ငံသို့သွားရောက် ခဲ့သည်။ စစ်ဆေးတွေ့ရှိချက်များအရ အူလမ်းကြောင်းတွင် (Colo-nic Polyp)တွေ့ရှိ၍ ခွဲစိတ်ကုသ မှုခံယူခဲ့သည်။

ခွဲစိတ်ကုသမှုခံယူပြီးနောက် ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ စက် တင်ဘာ ၁၉ ရက်တွင် ပြန်လည် ရောက်ရှိလာကြောင်း နိုင်ငံတော် သမ္မတရုံးက သတင်းထုတ်ပြန် ထားသည်။

ဆေးကုသမှုခံယူပြီး နှစ်ပတ်ခန့်အကြာတွင် ဘဏ္ဍာရေးကော်မ ရှင်အစည်းအဝေး တက်ရောက် ခြင်းနှင့် ပြည်ပဧည့်သည်များလက်ခံတွေ့ဆုံခြင်းတို့ကို အောက်တို ဘာ ၂ ရက်က စတင်ဆောင်ရွက် ခဲ့သည်။

 သမ္မတဦးထင်ကျော်သည် ကျန်းမာရေးကုသမှုခံယူပြီးနောက် ပထမဆုံး ပြည်ပခရီးစဉ်အဖြစ် ထိုင်းဘုရင်မင်းမြတ် ဘူမိဘောအ ဒူယာဒတ်၏ တော်ဝင်ဈာပနအ ခမ်းအနားသို့ တက်ရောက်ရန် အောက်တိုဘာ ၂၅ မှ ၂၇ ရက်အထိ ထိုင်းနိုင်ငံသို့သွားခဲ့သေးသည်။

နိုင်ငံတော်သမ္မတ ကျန်းမာ ရေးအခြေအနေ ကောင်းမွန် ကြောင်း သမ္မတရုံးပြောရေးဆိုခွင့် ရှိသူ ဦးဇော်ဌေးကပြောသည်။

သို့သော် နိုဝင်ဘာ ၂၅ ရက် က နေပြည်တော်ရှိ ဆောက်လုပ် ရေးဝန်ကြီးဌာန၌ Public Works Department (၁၃၁)နှစ်မြောက် နှစ်ပတ်လည် အခမ်းအနားသို့ တက်ရောက်လာသော နိုင်ငံတော် သမ္မတသည် ဓာတ်ပုံများတွင် သိ သိသာသာ ပိန်ကျသွားသည်။

အဆိုပါအခမ်းအနား တက် ရောက်သော သမ္မတဓာတ်ပုံများကို သမ္မတရုံးဖေ့စ်ဘွတ်ခ်က ဖော် ပြရာ သမ္မတသည် ယခင်ကထက် သိသိသာသာပိန်နေကြောင်း ပြည် သူအချို့က သတိထားမိသည်။ ထို့အပြင် သမ္မတပုံအောက်တွင် ‘သမ္မတကြီး နေမကောင်းဘူးထင် တယ်’၊ ‘သမ္မတကြီးပိန်သွားတယ်’ ဟူသော မှတ်ချက်များပေးခဲ့သည်။

 သမ္မတဦးထင်ကျော်နှင့် လတ်တလော တွေ့ဆုံမှုမရှိသော်လည်း ၎င်း၏ကျန်းမာရေးကောင်းမွန်သည်ဟုသိရှိထားကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက် တာ ၀င်းမြတ်အေးကလည်း ပြောကြားသည်။


ကတိသစ္စာပြုပြီးနောက် နိုင်ငံတော်သမ္မတဖြစ်လာသော ဦးထင်ကျော်ကို ၂၀၁၆ မတ်လ ၃၀ ရက်က တွေ့ရစဉ် (ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ))

ဆောက်လုပ်ရေးဝန်ကြီးဌာန ၌ ကျင်းပသော အခမ်းအနားသို့ တက်ရောက်ပြီး သမ္မတကို မြင် တွေ့ရသည့် အငြိမ်းစားအရာရှိ တစ်ဦးကမူ ‘‘သမ္မတကြီးကတော့ ကျန်းမာရေးကတော့ နည်းနည်း ကျတယ်နဲ့တူတယ်’’ ဟု ၎င်း၏ အမြင်ကို ပွင့်ပွင့်လင်းလင်းပြော သည်။

 နိုင်ငံတော်သမ္မတ ဦးထင် ကျော်သည် အဆိုပါအခမ်းအနားသို့ တက်ရောက်ခြင်းသည် အောက်တိုဘာ ၂၅ ရက်မှ ၂၇ ရက်အထိ ထိုင်းနိုင်ငံသို့သွား ရောက်သည့်ခရီးစဉ်အပြီး တစ်လ အတွင်း သမ္မတအိမ်တော်ပြင်ပ အခမ်းအနားများသို့ ပထမဆုံးပြန် လည်တက်ရောက်ခြင်းဖြစ်သည်။

နိုင်ငံတော်သမ္မတရုံး ထုတ် ပြန်ချက်များအရ သမ္မတသည် အောက်တိုဘာ ၂ ရက်မှ နိုဝင်ဘာ ၂၆ ရက်အထိ ပြည်ပသံတမန်များကို လက်ခံတွေ့ဆုံမှု ကိုးကြိမ်ပြု လုပ်ထားပြီး နေပြည်တော်၌ ပြု လုပ်သည့် ဘဏ္ဍာရေးကော်မရှင် အစည်းအဝေး၊ ပြည်ထောင်စုအစိုးရ ကထိန်သင်္ကန်းဆက်ကပ် လှူဒါန်းပွဲနှင့် ဆောက်လုပ်ရေးဝန် ကြီးဌာန၌ Public Works Dep-artment (၁၃၁)နှစ်မြောက် နှစ် ပတ်လည်အခမ်းအနားသို့ တက် ရောက်ခဲ့သည်။

‘‘သမ္မတကြီးနဲ့ ကျွန်တော် မ တွေ့တာတော့ကြာပြီ။ ကျန်းမာ ရေး ကောင်းတယ်ဆိုတာတော့ ကြားတယ်။ သူကကျန်းမာရေးကို ဂရုစိုက်တဲ့သူတစ်ယောက်ပါ။ ကျန်းမာရေးကို ဂရုစိုက်မှာပါ’’ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဉာဏ်ဝင်းက မှတ်ချက်ပြုသည်။

 သမ္မတဦးထင်ကျော်သည် ဂျပန်နိုင်ငံ တိုကျိုမြို့တွင် ပြုလုပ် မည့် နိုင်ငံတကာကျန်းမာရေးဖိုရမ် (UHC)သို့ တက်ရောက်ရန် ဒီဇင်ဘာလဒုတိယပတ်၌ ဂျပန်နိုင်ငံသို့ သွားရောက်မည်ဖြစ်သည်။

‘‘ဂျပန်ကတော့ UHC ဖိုရမ် တက်ဖို့ ဖိတ်ထားတာ ရှိပါတယ်။ ဒီဇင်ဘာ ၁၄ ရက် တက်ရမှာ ပေါ့။ တက်ဖြစ်ရင် ဂျပန်ကိုသွား မယ်။ စီစဉ်ထားတာရှိပါတယ်’’ဟု နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက သမ္မတခရီးစဉ်နှင့် ပတ်သက်၍ ပြောကြားသည်။

7Day Daily သတင်းစာ၏ စုံစမ်းမှုအရ သမ္မတဦးထင်ကျော်သည် ဂျပန်နိုင်ငံသို့ ဒီဇင်ဘာ ၁၂ ရက်မှ ၁၉ ရက်အထိ တစ်ပတ်ကြာ သွားရောက်မည်ဖြစ်သည်။ ထို့ ကြောင့် အထက်ပါအစည်းအဝေး အပြင် ဂျပန်အစိုးရ၏ ဖိတ်ကြား မှုဖြင့် အခြားအစီအစဉ်များလည်း ပါဝင်နိုင်သည်။

ဂျပန်သို့ ခရီးထွက်မည်ဆိုသည့် သတင်းက သမ္မတကျန်းမာ ရေး မဆိုးရွားကြောင်း သက်သေတစ်ခုလည်းဖြစ်သည်။

သမ္မတကျန်းမာရေးကို စိုး ရိမ်ပြီး သမ္မတနှင့် ရင်းနှီးသည့် ဒီချုပ်လွှတ်တော်ကိုယ်စားလှယ်အချို့က သမ္မတ၏ မိသားစုဆရာဝန်ထံ မေးမြန်းစုံစမ်းခဲ့ကြသည်။ ဆရာဝန်၏အဖြေကလည်း သမ္မတကျန်းမာရေး ကောင်းသည်ဟူ၍ ဖြစ်သည်။

သို့သော် ပုပ်ရဟန်းမင်းကြီးကို ကြိုဆိုသည့် သမ္မတကို လှေကားအတက်တွင် တွဲခဲ့ရသည်။

ဒုတိယသမ္မတနှစ်ဦးက ရန် ကုန်၊ ပဲခူး၊ တနင်္သာရီ၊ ကရင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့သို့ လှည့် လည်နေစဉ်တွင် သမ္မတသည် နေ ပြည်တော်၌ပင် ရှိနေသည်။

လာမည့်ဖေဖော်ဝါရီတွင် အသက် (၇၂)နှစ်ပြည့်မည့် သမ္မတသည် ကျန်းမာရေးကောင်းသော်လည်း စိတ်ဖိစီးမှုဒဏ် ခံနေရ ကြောင်း ဓာတ်ပုံများက အထင်းသားသက်သေပြနေသည်။

 သားထောက် သမီးခံမရှိ သော သမ္မတဇနီးမောင်နှံသည် နေပြည်တော်ရှိ ကျယ်ဝန်းလှသော သမ္မတအိမ်တော်ကြီးထဲတွင် အထီးကျန်ကြောင်း နီးစပ်သူအချို့က ပြောသည်။

‘‘သူ့နေရာကို ကိုယ်ချင်းစာကြည့်နိုင်ပါတယ်’’ဟု သမ္မတနှင့် ရင်းနှီးသည့် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ပြောသည်။

ဦးထင်ကျော်သည် သမ္မတ မဖြစ်မီ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းတွင် အလုပ်လုပ်ကိုင်စဉ်က ကျေးလက်ဒေသများရှိ ရွှံ့နွံများထိ ဆင်းခဲ့သူဖြစ်သည်။

 သမ္မတမဖြစ်မီ ဦးထင် ကျော်သည် လွှတ်တော်ကိုယ်စား လှယ်ဖြစ်သူ ဇနီးသွားလေရာကို ကားမောင်းပို့ပေးခဲ့သူ ဖြစ်သည်။ ဦးထင်ကျော်ကို ရန်ကုန်မြို့လှည်းတန်း၊ ဒေါ်အောင်ဆန်းစုကြည်၏ တက္ကသိုလ်ရိပ်သာလမ်း နေအိမ် နှင့် နေပြည်တော်စည်ပင်ဧည့်ရိပ် သာတို့တွင် မကြာခဏတွေ့မြင် နိုင်ပြီး လူချစ်လူခင်ပေါများသူဖြစ် သည်။

ဆရာကြီးမင်းသုဝဏ်၏ သား ဖြစ်သူ၊ စာပေအသိုင်းအဝိုင်း၊ တက္ကသိုလ်အသိုင်းအဝိုင်းတွင် ကြီးပြင်းခဲ့သော ခပ်ရိုးရိုးနေတတ်သူ ဦးထင်ကျော်သည် သမ္မတဟူသောရာထူးကိုရ၍ ပျော်မည်မဟုတ်ကြောင်း သမ္မတဖြစ်ခါစကပင် နီးစပ်သူများက မှတ်ချက်ပြုခဲ့သည်။

ထို့အပြင် နေပြည်တော်တွင် ပြုလုပ်သော ကလေးစာပေပွဲတော်တွင် ဖခင်ဖြစ်သူကို သတိရပြီးလူ မြင်ကွင်းတွင် မျက်ရည်ကျခဲ့ခြင်းက သမ္မတ၏ စိတ်ထားနူးညံ့သိမ် မွေ့မှုကို ပြသည်။

ထိုသို့ စိတ်ထားနူးညံ့သိမ်မွေ့ ဖြူစင်ခြင်းကပင် သမ္မတရာထူးကို ယုံကြည်စွာ ပေးအပ်ခံရခြင်း၏ အ ကြောင်းရင်းတစ်ခု ဖြစ်သည်။

သို့သော် ရိုးသားသည့် စာ ရေးဆရာဒလဘန်းသည် ရှုပ်ထွေး  ပွေလီသည့် မြန်မာ့နိုင်ငံရေးတွင် သမ္မတဖြစ်လာသည့်အခါ ပျော်ပါရဲ့လားဟု မေးခွန်းထုတ်မှုများ ရှိခဲ့သည်။

သမ္မတရုံး ဖေ့စ်ဘွတ်ခ်စာ မျက်နှာအထက်ရှိ သိသိသာသာ ပိန်သွားသည့် သမ္မတဓာတ်ပုံ အောက်တွင် ‘သမ္မတကြီး ကျန်းမာရေး မကောင်းဘူးလား’ ဟု မေးမြန်းထားပြီး ‘သမ္မတကြီး ကျန်းမာပါ စေ’ဟု ပြည်သူအချို့က ဆုတောင်းပေးထားသည်။