တရုတ်-အိန္ဒိယအားပြိုင်မှုမှ မြန်မာ ဘယ်လိုအကျိုးအမြတ်တွေရနေလဲ

ဒေါ်အောင်ဆန်းစုကြည်နှင့် စီကျင်းပင်

ရခိုင်ပြည်နယ် ပဋိပက္ခနဲ့ဆက်စပ် ပြီး တရုတ်နဲ့ မြန်မာအစိုးရအရာရှိတွေကြား ထိတွေ့ဆက်ဆံမှုတွေက ပိုပြီးများပြားလာပါတယ်။ နေပြည်တော်ကို သွားရောက်လည် ပတ်ချိန်မှာ တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယီက မြန်မာ-တရုတ် နှစ်နိုင်ငံမှာ စီးပွားရေးစင်္ကြံတစ်ခု ဆက်သွယ်ဖို့ အဆိုပြုခဲ့ပါတယ်။ ဝမ်ကို ဖိတ်ကြားဧည့်ခံခဲ့တဲ့ မြန်မာအစိုးရ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကလည်း ဒီအဆိုကို ထောက်ခံသဘောတူခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က ဒီအစီအစဉ်ဟာ မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးရေးစီမံကိန်းတွေနဲ့ ကိုက် ညီမှုရှိနိုင်ကြောင်း အလေးအနက် ပြောပါတယ်။ အထူးသဖြင့် သယ်ယူပို့ဆောင်ရေးနဲ့ လျှပ်စစ်ဓာတ် အားကဏ္ဍတွေကို အာရုံစိုက်ထား တဲ့အပိုင်းမှာ ဖြစ်ပါတယ်။

ဒါဟာ ဒေါ်အောင်ဆန်းစု ကြည်တစ်ဦးတည်း မဟုတ်ပါဘူး။နိုင်ငံတော်သမ္မတ ဦးထင်ကျော်က လည်း ဒီစီးပွားရေးစင်္ကြံစီမံကိန်းကို ထိထိရောက်ရောက် အကောင်အ ထည်ဖော်စေလိုကြောင်း တရုတ် အစိုးရကို တိုက်တွန်းအကြံပြုခဲ့ပါ တယ်။ ဒါ့အပြင် တရုတ်ရဲ့ ရပ်ဝန်း တစ်ခု၊ လမ်းကြောင်းတစ်ခု စီမံကိန်းကြီးကို ထောက်ခံကြောင်း လည်း ပြောကြားခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ အရပ်သားအစိုးရတက် လာပြီး ဒီမိုကရေစီပြုပြင်ပြောင်း လဲရေး လုပ်ငန်းစဉ်တွေ အစပြုလာ ခြင်းကြောင့် အနောက်အုပ်စုနဲ့ ပိုရင်းနှီးလာတာရယ်၊ နိုင်ငံမြောက်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ ပြဿနာတွေ ရယ်ကြောင့် တရုတ်နဲ့ ဆက်ဆံရေးမှာ အနည်းငယ်ထိခိုက်မှုတွေ ရှိခဲ့ ဖူးပါတယ်။ ဒါပေမဲ့ ဒီနှစ်နိုင်ငံကြား ဆက်ဆံရေး ပြန်လည် သင့်မြတ် နွေးထွေးလာတာကတော့ အံ့ဩ စရာမဟုတ်ပါဘူး။ ရခိုင်အရေးမှာ အလွန်အကျွံ ဖိအားပေးနေရင် မြန်မာနဲ့ တရုတ်တို့ ဆက်ဆံရေး ပိုနီးစပ်သွားနိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က အနောက်အုပ်စုနိုင်ငံတွေရဲ့ သံတမန်အသိုက်အဝန်းကို သတိပေးခဲ့ပါသေးတယ်။

ရခိုင်ပြည်နယ် ပဋိပက္ခဟာ တရုတ်အစိုးရအနေနဲ့ မြန်မာအ ပေါ် ပိုမိုနီးစပ်အောင်၊ ပိုမိုလွှမ်းမိုး နိုင်အောင် မဟာဗျူဟာသစ် ဖော် ဆောင်နိုင်ဖို့ လမ်းဖွင့်ပေးသလိုဖြစ် လာပါတယ်။ တရုတ်ကလည်း ဒီ အခွင့်အရေးကို အမိအရယူခဲ့ပြန် တယ်။တရုတ်ဟာ မြန်မာ့အရေးနဲ့ ပတ်သက်ရင် နိုင်ငံတကာကို အ လယ်အလတ်ကျတဲ့ နည်းလမ်းမျိုး နဲ့ပဲ ချဉ်းကပ်နိုင်အောင် တွန်းအား ပေးခဲ့တယ်။ ကုလသမဂ္ဂမှာ ဗြိတိန်နဲ့ ပြင်သစ်တို့ ပူးပေါင်းပြီး မြန်မာ အပေါ် အရေးယူမယ့် အဆိုမူကြမ်းကို ဗီတိုအာဏာသုံးပြီး ကန့်ကွက်ခဲ့တယ်။ အကျိုးဆက်အနေနဲ့ လုံခြုံ ရေးအဖွဲ့ဝင် နိုင်ငံတွေ ပူးပေါင်း ထုတ်ပြန်တဲ့ ကြေညာချက်မှာ မြန်မာနိုင်ငံအပေါ် အရေးယူပိတ် ဆို့မယ့် ခြိမ်းခြောက်ဖော်ပြမှုတွေ ပါမလာတော့ဘူး။ တစ်ချိန်တည်း မှာပဲ ရခိုင်ပြည်နယ်ပဋိပက္ခနဲ့ပတ် သက်လို့ အဆင့်သုံးဆင့်နဲ့ ဖြေရှင်း ဖို့ နည်းလမ်းမျိုးကို တရုတ်က အဆိုတင်သွင်းခဲ့တယ်။


ဒေါ်အောင်ဆန်းစုကြည်နှင့် မိုဒီ

ဘင်္ဂါလီဒုက္ခသည်တွေ နေ ရပ်ပြန်ရေးကိစ္စနဲ့ ပတ်သက်ပြီး မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် အစိုးရတွေကြားသဘောတူညီမှုရရှိခဲ့ချိန်မှာ တော့ တရုတ်ဟာ မြင်ကွင်းနောက် ကွယ်မှာ ပြန်ပြီးခပ်လျှိုလျှိုနေပေး လို့ ရသွားပါပြီ။

တရုတ်က ပန်းပဲပညာရှင် တစ်ယောက်လို ကျင့်သုံးနေဟန် ရှိတယ်။ သံထည်က အရမ်းပူနေတဲ့အချိန်မှာ ဘယ်လိုပုံသွင်းယူရ မလဲဆိုတာကို နှိုင်းဆစဉ်းစားပြီး ကိုင်တွယ်ပါတယ်။ ဝမ်ရဲ့ နေပြည်တော်  ခရီးစဉ်အပြီး သိပ်မကြာ ခင်မှာပဲ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချူပ်မှူးကြီး မင်း အောင်လှိုင်က ဘေဂျင်းကို သွား ရောက်ခဲ့ပါတယ်။ တရုတ်ရဲ့ ဩဇာကြီးမားတဲ့ ဗဟိုစစ်ရေး ကော်မရှင် အဖွဲ့ဝင် ဗိုလ်ချုပ်ကြီး လီဇူချန်းက လေ့ကျင့်ရေးနဲ့ နည်းပညာဖလှယ် မှု ကဏ္ဍတွေမှာ ပိုမိုနက်ရှိုင်းတဲ့ ပူးပေါင်းမှုတွေအပါအဝင် မြန်မာ့တပ်မတော်နဲ့ လက်တွဲဆောင်ရွက် မှုတွေ ပိုမိုမြှင့်တင်နိုင်ရေး အဆိုပြု ခဲ့ပါတယ်။

ကာကွယ်ရေးကဏ္ဍမှာ ပူး ပေါင်းဆောင်ရွက်မှုတွေ မြှင့်တင် ချင်တဲ့ တရုတ်ရဲ့ သဘောထားက နားလည်လွယ်တဲ့ ကိစ္စတစ်ခုပါ။ မြန်မာနိုင်ငံရဲ့ ပထဝီဝင်အနေအ ထားဟာ တရုတ်အတွက် စီးပွားရေးအရရော လုံခြုံရေးအတွက်ပါ အရေးတကြီး ထည့်စဉ်းစားရတဲ့ ရှုထောင့်တစ်ခု ဖြစ်နေတယ်။ မြန်မာနိုင်ငံဟာ အိန္ဒိယသမုဒ္ဒရာ အရှေ့ဘက်ကမ်းခြေမှာ တည်ရှိနေတယ်။ အဲဒီဧရိယာဟာ တရုတ် ရဲ့ အသက်သွေးကြောသဖွယ် အရေးကြီးတဲ့ စွမ်းအင်တင်ပို့မှုရေ လမ်းကြောင်းတွေ စုဆုံနေတဲ့နေ ရာလည်း ဖြစ်ပြန်တယ်။ ပုံမှန်ဆို ရင် တရုတ်က အာဖရိကနဲ့ အရှေ့အလယ်ပိုင်းဒေသက မှာယူထားတဲ့ စွမ်းအင်သွင်းကုန်တွေကို မလက္ကာ ရေလက်ကြားကနေတစ် ဆင့် သယ်ယူလေ့ရှိပါတယ်။ မြန်မာရဲ့ တည်နေရာဟာ မဟာဗျူဟာကျလှတဲ့ အက်ဒမန်ပင် လယ်နဲ့ နစ်ကိုဘား ကျွန်းစုတွေမှာ ဖြန့်ကြက်ထားနိုင်တဲ့ အိန္ဒိယရဲ့ စစ်ရေးအခင်းအကျင်း အသာစီးရမှု ကို တရုတ်အနေနဲ့ အတိုင်းအတာ တစ်ခုထိ တန်ပြန်တွန်းလှန်ဖို့ အဆင်ပြေစေတယ်။ ဒါ့အပြင်ကျောက်ဖြူကနေ တရုတ်တောင် ပိုင်း ယူနန်ထိ သွယ်တန်းထားတဲ့ ပိုက်လိုင်းကြီးကြောင့် စွမ်းအင်တင်သွင်းမှုမှာ ရေလမ်းကြောင်း ပြောင်းလဲအသုံးချနိုင်တဲ့ အထောက်အပံ့ မျိုး ဖြစ်လာစေတယ်။ ပြိုင်ဘက်တွေနဲ့ ယှဉ်လိုက်ရင် ရေလမ်း ကြောင်း စိုးမိုးနိုင်မှုဟာ တရုတ်အတွက်တော့ ပျော့ကွက်၊ ဟာကွက် တစ်ခုလို့ ကာလရှည်ကြာ သတ် မှတ်ခံထားရပါတယ်။

မြန်မာနဲ့ပတ်သက်ပြီး တရုတ်က လမ်းဖွင့်ပြင်ဆင်လာတဲ့ မဟာ ဗျူဟာ အခင်းအကျင်းသစ်ဟာ ပါဝါအားပြိုင်မှုတွေကိုလည်း ဦးတည်သွားစေတယ်။ ဩစတြေး လျ၊ အိန္ဒိယ၊ ဂျပန်နဲ့ အမေရိကန် တို့ရဲ့ လေးနိုင်ငံ ညီညွတ်မှုဟာ ပြန် လည် ရှင်သန်လာသလို အိန္ဒိယနဲ့ဂျပန်တို့ကလည်း တရုတ်ရဲ့ ရပ် ဝန်းတစ်ခု၊ လမ်းကြောင်းတစ်ခု စီမံကိန်းကို ယှဉ်ပြိုင်ပြီး ရွေးချယ် စရာ အခြေအနေမျိုးတွေ ဖန်တီးဖို့ ကြိုးစားလာပါတယ်။

ဒီတော့ ပြည်တွင်းရေး ပြဿနာတွေ ရိုက်ခတ်မှုဒဏ် ခံစားနေရတဲ့တိုင် ဒေသတွင်း ဩဇာလွှမ်းမိုးမှု ကစားပွဲမှာ မြန်မာနိုင်ငံရဲ့ တည်ရှိမှု အခန်းကဏ္ဍက ပိုမိုကျယ်ဝန်း လာတယ်။ အနည်းဆုံးတော့ ဒေသတွင်း အင်အားကြီးနိုင်ငံတွေဟာ ပထဝီဝင် နိုင်ငံရေးကစားပွဲမှာ အရှုံးခံရနိုင်တဲ့ စွန့်စားမှုမျိုးတွေအ တွက် အဆင်သင့်မဖြစ်သေးတာ သိသာပါတယ်။ မြန်မာက တရုတ် ရဲ့ စီးပွားရေး စင်္ကြံအဆိုပြုမှုကို ကြိုဆိုလက်ခံခဲ့တဲ့တိုင် နောက်ထပ်ပို ပြီး လက်တွေ့ကျတဲ့ ရေရှည်အ တွေးအမြင်တွေတော့ ရှိနိုင်ပါ သေးတယ်။

နောက်တစ်ခုက မြန်မာအနေနဲ့ တရုတ်ဘက်က အဆိုပြုလာသမျှကိစ္စတိုင်းကို လက်ခံနေစရာမလို တဲ့ အရိပ်အခြည်တွေကိုလည်းတွေ့နိုင်ပါတယ်။ ဥပမာအနေနဲ့ တရုတ်က ကျောထောက်နောက်ခံ ပြုထားတဲ့ ဒေါ်လာ ၃ ဒသမ ၆ဘီလီယံတန် မြစ်ဆုံရေအားလျှပ် စစ်စီမံကိန်းဟာ ရပ်တန့်သွားပါပြီ။ပြည်တွင်းမှာလည်း သဘာဝပတ် ဝန်းကျင်ကို ထိခိုက်နိုင်တဲ့ တခြားစီမံကိန်းတွေကိုလည်း ပြန်လည် သုံးသပ်စဉ်းစားဖို့ ရှိနေတယ်။

လက်ရှိမှာ တရုတ်ဘက်ကို ပိုယိမ်းတဲ့ အခြေအနေမျိုးရှိနေတဲ့ တိုင် မြန်မာနိုင်ငံဟာ တရုတ်နဲ့ အိန္ဒိယလို အင်အားကြီး နှစ်နိုင်ငံကို တန်းတူ ချဉ်းကပ်ဆက်ဆံတဲ့ သဘောထားမျိုး ရေရှည်မှာကျင့် သုံးလာနိုင်ပါတယ်။ ရေကြောင်းလုံခြုံရေးနဲ့ စွမ်းဆောင်ရည် တည် ဆောက်မှု ကဏ္ဍတွေအတွက် အိန္ဒိယအစိုးရဆီကနေ အကူအညီကောင်းတွေ အများကြီးရနိုင် တယ်။ အဲဒီထဲမှာ ဆိုနာစနစ်လို နည်းပညာသစ်တွေနဲ့ အပေါ့စား တော်ပီဒိုတွေ ဝယ်ယူတာ၊ ပူး ပေါင်းလေ့ကျင့်မှုတွေ ဆောင်ရွက် တာ အစရှိတဲ့ကဏ္ဍတွေ ပါဝင်နေ ပါတယ်။ မတ်လတုန်းက အိန္ဒိယ ရေတပ်ဟာ မြန်မာနိုင်ငံမှာ မိုးလေဝသဌာနတစ်ခု တည်ဆောင်ရေး ကူညီပေးသွားဖို့ သဘောတူညီခဲ့ပါတယ်။ စက်တင်ဘာမှာတော့ အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာမိုဒီဟာ မြန်မာနိုင်ငံကို အလည်အပတ် ရောက်ရှိလာတယ်။ အဲဒီခရီးစဉ်အတောအတွင်းမှာ နှစ်နိုင်ငံ ရေကြောင်း ပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာ သဘောတူစာချုပ်သုံးခုကို လက်မှတ်ရေးထိုး ချုပ်ဆိုနိုင်ခဲ့ပါ တယ်။ အဲဒီနောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဗိုလ် ချုပ်ကြီး တင်အောင်စန်းကလည်း ရေတပ်ချင်း ပူးပေါင်းဆောင်ရွက် မှုတွေ မြှင့်တင်ဖို့အတွက် အိန္ဒိယကို သွားရောက်ဆွေးနွေးခဲ့ပါ တယ်။

ရခိုင်ပြဿနာကြောင့် လတ်တလော ရပ်တည်မှုအရ နည်းနည်းအောက်စည်း ရောက်သလိုဖြစ်နေ ပေမယ့် တကယ်တမ်းမှာတော့ မြန်မာဟာ ပထဝီဝင် မဟာဗျူဟာ အသာစီးရမှုကို အကောင်းဆုံးအ သုံးချပြီး အင်အားကြီး နိုင်ငံတွေရဲ့အလေးထားမှုကို ခံရဆဲဖြစ်တယ် ဆိုတာ အထင်းသား ပေါ်လွင်နေပါတယ်။ ပြီးတော့ အဲဒီနိုင်ငံကြီးတွေ ရဲ့ ပြိုင်ဆိုင်မှုကို အခြေခံပြီး ကိုယ့်အတွက် အကောင်းဆုံး ကောင်း ကျိုးရရှိအောင် ညှစ်ယူနိုင်ဖို့ အရေးကြီးပါတယ်။ အထူးသဖြင့် တရုတ်နဲ့ အိန္ဒိယဆီကပေါ့။ တကယ်တော့မဟာဗျူဟာအခွင့်အလမ်းတွေမှာ မြန်မာက တရုတ်ထက် အသာရ နေတာ အမှန်ပါပဲ။

(South China Morning Post တွင် ဖော်ပြထားသည့် SweeLean Collin Koh ရေးသားသော How Myanmar is benefiting from the China-India rivalryဆောင်းပါးကို ဇွဲရဲဝင့် ဘာသာပြန် ဆိုသည်။ ဆောင်းပါးပါ အာဘော်မှာ 7Day News ဂျာနယ်၏ အာ ဘော်မဟုတ်ဘဲ မူရင်းဆောင်းပါး ရှင်၏ အာဘော်သာဖြစ်ပါသည်။)