၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးမြအေးနှင့် တွေ့ဆုံခြင်း

‘‘သေချာတာ နှစ်ချက် ကျွန်တော်ပြောနိုင်တယ်။ နံပါတ် (၁) က လူမျိုးရေး၊ ဘာသာရေးကို အခြေခံတဲ့ နိုင်ငံရေး ကျွန်တော်မလုပ်ဘူး။ နံပါတ်(၂)က ရွေးကောက်ပွဲတွေ၊ လွှတ်တော်ကိုယ်စားလှယ်ဖြစ်တာတို့၊ ဘာတို့ မလုပ်ဘူး။ ဝါသနာမပါဘူး။’’
ဦးမြအေး ရှင်းလင်းပြောကြားနေစဉ် (ဓာတ်ပုံ − ကျော်ဇင်သန်း)

ဦးမြအေးသည် ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်များဖြင့် ဖွဲ့စည်းထားသည့် ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)မှ ဒီဇင်ဘာလဆန်းတွင် ရုတ်တရက် နုတ်ထွက်ခဲ့သည်။ ဆယ်စုနှစ်သုံးခုနီးပါး ဒီမိုကရေစီခရီးကြမ်းကို အတူလက်တွဲလျှောက်လှမ်းခဲ့သူများ နှင့် ရုတ်တရက်ခွဲခွာလိုက်သော ဦးမြအေး၏ နုတ်ထွက်မှုနှင့်ပတ်သက်၍ ပြည်သူများ၊ နိုင်ငံရေးလုပ်ဖော်ကိုင်ဖက်များနှင့် လေ့လာသုံးသပ်သူများကြား အံ့အား သင့်ဖွယ် ဝေဖန်ပြောကြားမှုများ ရှိနေရာ 7Day News Journal က သီးသန့်တွေ့ဆုံမေးမြန်းခဲ့သည်များမှ ကောက်နုတ်ဖော်ပြလိုက်ပါသည်။

ဦးမြအေးအနေနဲ့ ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့ အစည်း) က ဘာကြောင့်နုတ်ထွက် ဖြစ်လဲဆိုတာ ပြောပြပေးပါ။

 ထွက်ဖြစ်တယ်ဆိုတာက တချို့က ထွက်တယ်ဆိုလို့ရှိရင် ပြဿနာတွဖြစ်လို့၊ အချင်းချင်း စကားများလို့၊ သဘောထားတွေ အကြီးအကျယ်ကွဲလို့ ယူဆကြ တယ်။ သဘောထားမတိုက်ဆိုင်မှု ဆိုတာကတော့ မိသားစုတစ်ခုတည်းမှာတောင် ရှိကြသေးတာပဲ။ ကျွန်တော်တို့ကြားမှာ၊ အချင်းချင်းကြားမှာ အကြီးအမား ကွာခြားချက် တွေ၊ သဘာထားကွဲလွဲချက်တွေ မရှိဘူးဗျ။ နောက်တစ်ခုက နိုင်ငံ ရေးလမ်းကြောင်းကို ရွေးတဲ့ပုံ သဏ္ဌာန်တွေသာ ကွဲပြားသွား  ကွဲပြားမယ်။ အဲဒီကိစ္စတွေက မရှိ ဘူး။ ထွက်တဲ့အကြောင်းက အခုန အများ ပြောဆိုထင်နေကြသလို မျိုး တစ်ယောက်နဲ့တစ်ယောက် စကားတွေများတာ မရှိဘူး။ အေး ဆေးစကားပြောကြပြီးတော့ ချစ် ချစ်ခင်ခင် ရှိကြတယ်။ နောက် တစ်ခုက ၈၈ မျိုးဆက် (ငြိမ်းချမ်း ရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း)မှာလည်း အရင်အများကြီးရှိခဲ့ တယ်။ Founder (တည်ထောင် သူ)တွေအနေနဲ့ပေါ့နော်။ အခုဆို Founder တွေ တော်တော်များ များက ကိုယ့်ဟာနဲ့ကိုယ် လုပ်နေ ကြပြီ။ ကျွန်တော်လည်း ကျွန် တော့်ဟာနဲ့ကျွန်တော် လုပ်ချင်တဲ့ ဆန္ဒရှိပါတယ်။ အဲဒါနဲ့ ကျွန်တော် ထွက်တာပါ။

ဒီလိုထွက်မယ်ဆိုတာကို လုပ်ဖော် ကိုင်ဖက်တွေကို ဘယ်အချိန်က တည်းက အသိပေးခဲ့ပါသလဲ။

ကိုမင်းကိုနိုင်နဲ့ ပွင့်ပွင့်လင်း လင်း စကားပြောတယ်။ တစ် ယောက်နဲ့ တစ်ယောက်က တကယ်တမ်းပြောမယ်ဆိုရင် ဒုက္ခ၊ သုက္ခတွေ အတူဖြတ်သန်းခဲ့တော့ ညီအစ်ကိုထက် နက်ရှိုင်းတဲ့ သံ ယောဇဉ်တွေ ရှိကြတယ်။ ဒါပေမဲ့ အလုပ်တစ်ခုကို လုပ်တယ်ဆိုတာ ရှင်းရှင်းလင်းလင်းက ကောင်း တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်ကြောင့် ၈၈ ကို ဝန်မပိစေ ချင်ဘူး။ ၈၈ ကြောင့် ကိုယ်လည်း ဝန်ပိတာမျိုး မဖြစ်စေချင်ဘူး။ အဲဒီအခါကျတော့ တိတိလင်း လင်း စကားပြောပြီးတော့မှ ထွက် လာခဲ့တာ။ ထွက်တယ်ဆိုတာက တချို့က ထင်တာက လုံးလုံးလျား လျားကြီး ကင်းကွာနေတာ။ အဲဒီ လိုမဟုတ်ဘူး။ ၈၈ ကနေယူထား တဲ့ တာဝန်ကနေ အနားယူလိုက် တာဖြစ်တယ်။ ဘာဖြစ်လို့လဲဆို တော့ ရှေ့အလုပ်တွေမှာ နည်း နည်း အခက်အခဲလေးတွေရှိနေ တယ်။ ရှိတဲ့အတွက် အနားယူ လိုက်တာ။ နောက်တစ်ခုက ၈၈ က ထွက်တဲ့အကြောင်းကိုလည်း မပြောလို့မဖြစ်ဘူး။ ကျွန်တော် ဆက်လုပ်မယ့်အကြာင်းက ဥပမာ တိုင်းရင်းသားတွေနဲ့တွေ့တာ၊ တခြားအဖွဲ့အစည်းတွေနဲ့ တွေ့ တာထိတာတွေ ရှိတယ်။ ရှိလို့ရှိ ရင် ကိုယ်က ၈၈ ငြိမ်းပွင့်ကလိုလို၊ ဘာလိုလို အဲဒီလိုရောကြိတ်တဲ့ အလုပ်ကို မလုပ်ချင်ဘူး။ အဲဒါ ကြောင့် ရှင်းရှင်းလင်းလင်းလုပ် လိုက်တာ။

ဦမြအေး နုတ်ထွက်ခြင်းနဲ့ပတ် သက်လို့ ဦးမင်းကိုနိုင်နဲ့ ဦးဂျင်မီတို့ ကကော ဘယ်လိုမျိုး မှတ်ချက်ပြု ကြပါသလဲ။

ဘယ်စိတ်ကောင်းမလဲ။ သူ တို့လည်း စိတ်မကောင်းဘူး။ ကိုယ်လည်း စိတ်မကောင်းဘူး။ သူငယ်ချင်းတွေ၊ ရဲဘော်ရဲဘက် တွေဆိုတော့။

ဦးကိုကိုကြီးတို့က တစ်ဖက်မှာ ပါတီထူထောင်ရေးလုပ်နေတယ်။ အဲဒီဘက်ကို ကူးပြောင်းဖို့ကော ရှိပါသလား။

 ပါတီဘက်သွားဖို့မရှိဘူး။ ခက်တာက တော်တော်များများက ပြောနေတယ်။ ဒီဘက်မဟုတ်ရင် ဟိုဘက်ဆိုပြီးတော့။ နိုင်ငံရေးမှာ ဟိုကူးဒီကူးဆိုတာမျိုးတွေ ကျွန် တော်မလုပ်တတ်ဘူး။ ပွင့်ပွင့် လင်းလင်းပြောရရင် တစ်နေရာ တည်းမှာ အမြဲတမ်း ရပ်ချင်တာ။ အခြေအနေကြောင့်တာ လုပ်ဖို့ ဖြစ်လာတာ၊ လုပ်ရတာ။ ပျော်နေ တာမဟုတ်ဘူး။ အဲဒီတော့ နိုင်ငံ ရေးပါတီဘက်သွားဖို့ဆိုတာတော့ မဟုတ်ဘူး။ ပြဿနာက နိုင်ငံရေး ပါတီဘက် မသွားလို့ဆိုရင် နိုင်ငံ ရေးပါတီဘက်က လက်မခံလို့ လားဆိုတဲ့ မေးခွန်းထွက်လာ တယ်။ မဟုတ်ဘူး၊ တိုင်းပြည် အတွက်လိုတယ်။ နောက်တစ်ခု က ပြောမယ်ဆိုရင် ကိုကိုကြီးဆို တာ သူ့ဘဝတစ်ခုလုံး နိုင်ငံရေးရဲ့ သားကောင်လို့ သူ့ကိုယ်သူ ခံယူ ထားတဲ့သူ။ အဲဒီလောက်ထိ တောင် တိုင်းပြည်ကိုချစ်တယ်။ နိုင်ငံရေးကို ရူးသွပ်တယ်။ ကိုယ်နဲ့ တူတာလည်းရှိတယ်။ ကွဲတာ လည်းရှိမယ်။ မတူတိုင်း၊ ကွဲတိုင်း လျှောက်ပြောလို့မရဘူးလေ။ နိုင် ငံရေးပါတီကို ကျွန်တော် လုံးဝ သဘောတူတယ်။ ထောက်ခံတယ်။ ကျွန်တော် ပြတ်ပြတ်သားသား ပြောတာ။ ကျွန်တော်ယုံကြည် တယ်။ ကျွန်တော်နဲ့ မတူတာတွေ ရှိတယ်။ ဒါပေမဲ့ ကိစ္စမရှိဘူး။ ယုံ ကြည်တယ်။ ဒါဟာ ဒီမိုကရက် တစ်အင်အားစု ဖြစ်တယ်ဆိုတာ ကို ပြည့်ပြည့်ဝဝ ယုံကြည်တယ်။ ဒါပေမဲ့ ကျွန်တော်ကိုယ်တိုင်တော့ မသွားဘူး။ နိုင်ငံရေးပါတီတစ်ခု မှာ ပေါ်လစီပိုင်းမှာ အများကြီးရှိ တယ်။ အဲဒါတွေက ညှိရနှိုင်းရ၊ဆွေးနွေးရမယ့် အခြေအနေတွေ လည်းရှိတယ်။

နိုင်ငံရေးအဝန်းအဝိုင်းမှာ ရှိနေ တယ်ဆိုတော့ ဘယ်လိုအနေ အထားနဲ့ ဆက်ရှိနေမယ်ဆိုတာကို တိတိကျကျလေး ပြောပြပေးပါလား။

ကျွန်တော် တိတိပပ ပြောလို့ ရပါတယ်။ နံပါတ်(၁) ရှစ်လေးလုံး အရေးတော်ပုံကြီးရဲ့ တောင်းဆို ချက်ပါပဲ။ မြန်မာနိုင်ငံဟာ ဒီမို ကရေစီနိုင်ငံစစ်စစ် ဖြစ်ဖို့ပါပဲ။ အဲဒီအပေါ်မှာ ကျွန်တော်တို့ရဲ့ စည်းမျဉ်းစည်းကမ်းတွေက မရွေ့ သွားဘူး။ ဒါ ကျွန်တော့်ရဲ့ နိုင်ငံ ရေးရည်မှန်းချက်။ ဒီမိုကရေစီ မဟုတ်လားဆိုရင်တော့ တစ်စိတ် တစ်ပိုင်းတော့ ဟုတ်တယ်။ အကုန်လုံးတော့ မဟုတ်ဘူး။ ပြည်သူလူထု ရွေးချယ်တင်မြှောက် ထားတဲ့ အစိုးရတက်လာပြီး အခြေအနေတစ်ခုကို တိုးတက်နေ တာတော့ မှန်ပါတယ်။ ဒါပေမဲ့ ခုနပြောသလို ပြည့်ပြည့်ဝဝကြီး၊ စစ်စစ်မှန်မှန်ကြီးဆိုတဲ့ အခြေ အနေကို တဖြည်းဖြည်း ရွေ့သွား ရမယ်လို့ ကျွန်တော်ထင်တယ်။ အဲဒီတော့ ကျွန်တော့်ရဲ့ နိုင်ငံရေး အခြေခံက အဲဒါဖြစ်တယ်။ နောက်တစ်ခုက ကျွန်တော့်ရဲ့ နိုင်ငံရေးရပ်တည်ချက်နဲ့ နိုင်ငံရေး ခံယူချက်အားလုံးသည် ကိုယ့်နိုင်ငံ အတွက် ကျွန်တော်လုပ်လာတာ ဖြစ်တယ်။ ရှင်းရှင်းလင်းလင်း ပြောချင်တယ်။ အခု ရခိုင်မြောက် ပိုင်းကိစ္စဖြစ်နေတဲ့ ကိစ္စတွေ၊ ဘာ တွေဟာ တိုင်းပြည်ရဲ့ အစိတ် အပိုင်းပြဿနာတစ်ခုဖြစ်တယ်။ အဲဒီအပေါ်မှာ ဇောက်ချလုပ်ဖို့ နှစ် မြုပ်ဖို့မရှိဘူး။ ဒါပေမဲ့ တိုင်းပြည် ရဲ့ ပြဿနာအားလုံးကို ကိုင်တွယ် ဖြေရှင်းဖို့အတွက် တတ်နိုင်သမျှ အကြံပြုမယ်။ ဒါတွေတော့ရှိမှာပဲ။ တချို့ကတော့ ပြောကြတယ်။ ဘင်္ဂါလီအရေး ဘာအရေးလျှောက် စွပ်စွဲတာပေါ့ဗျာ။ ကျွန်တော် စဉ်းစားကြည့်တယ်။ နိုင်ငံရေးမှာက နိုင်ငံရေးအရ ချရမှာပေါ့။ ကိုမြအေး နိုင်ငံရေးက ဘယ်လိုဖြစ်လို့ မှားနေပြီ။ ဒါချရမယ်။ အခုဟာက နိုင်ငံရေးအရ ချစရာ မရှိတဲ့အခါ ကျတော့ ဘာဖြစ်လာသလဲဆို တော့ ကိုးကွယ်တဲ့ဘာသာတရား ကို အခြေပြုပြီး လိုက်ချတယ်။ အဲဒီလောက်သေးသိမ်တဲ့ လူတန်း စားတချို့ရဲ့ လုပ်ရပ်က တိုင်းပြည် ရဲ့ နိမိတ်ပုံကို ဖျက်ဆီးနေတာနဲ့ တူနေတယ်။ ကျွန်တော့်နိုင်ငံရေး က ရှင်းရှင်းလေးပဲ။ မြန်မာနိုင်ငံ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး မှာ ကျွန်တော်ဆက်ရှိမယ်။ ဒါပဲ။

ဦးမြအေးအနေနဲ့ သီးခြားရပ်တည် မယ်လို့ ဆိုလိုတာလား။

သီးခြားရပ်တည်မယ်ဆိုတာ က ဒီမှာက ဥပမာအားဖြင့် ကျွန် တော်ပြောပြမယ်။ နိုင်ငံရေးလော ကထဲက ကင်းကွာသွားတဲ့လူတချို့ ကပြောကြတယ်။ ကျွန်တော့်သူ ငယ်ချင်းတွေရှိတယ်။ အပြင် ရောက်သွားတဲ့သူတွေရှိတယ်။ ဥပမာ ကိုမိုးသီးဇွန်တို့ရှိတယ်။ ကိုမောင်မောင်ကျော်တို့ရှိတယ်။ အများကြီးပဲ။ ဆိုတော့ ဒီလို Public ကြားထဲမှာရှိနေမှ နိုင်ငံရေး လောကထဲမှာ ရှိမှာလား။ တစ်ခု တော့ရှိတာပေါ့။ Public ကြားထဲ မှာ ရှိနေဖို့ ကိုယ့်ကိုယ်ကိုယ် ပြုစု ပျိုးထောင်တာနဲ့ ဆိုင်တယ်။ နိုင်ငံ တကာကို ရောက်သွားတဲ့သူတွေ က မြန်မာပြည်နိုင်ငံရေးလောကနဲ့ ဘယ်တုန်းကမှ မကင်းကွာသွား ဘူး။ တချို့ဆိုလို့ရှိရင် မသိတဲ့သူ တွေတောင် အများကြီးရှိဦးမယ်။ ကျွန်တော်တန်းစီပြီး ရွတ်ပြသွား လို့ရတယ်။ နိုင်ငံတကာမှာ ကျွန် တော် ဥပမာပြောပြတာ။ အခု ဒီ မှာဆိုလို့ရှိရင် ကိုမြတ်ထွန်းလည်း ပြန်ပြီးတော့ ရောက်နေတယ်။ ဒါပေမဲ့ သူခံယူထားတဲ့ နိုင်ငံသား က သက်သက်ဖြစ်နေတယ်။ ဒါပေမဲ့ မြန်မာပြည်နိုင်ငံရေးမှာ သူဘယ်တော့မှ မပြတ်သွားဘူး။ ရှင်းရှင်းလေး ပြောရလို့ရှိရင် တချို့က ကျွန်တော်တို့ ၈၈ မျိုး ဆက်ကျောင်းသားများ ၂၀၀၆ ကမ်ပိန်းကာလတွေကို သူတို့ချည်း ပဲ လုပ်တယ်ထင်တယ်။ ဒီနေ့ ကျွန်တော်အခု ပွင့်ပွင့်လင်းလင်း ပြောလို့ရသွားပြီ။ ကျွန်တော်တို့ ချည်းပဲမဟုတ်ဘူး။ အဲဒီအပြင် ရောက်နေတဲ့သူတွေရဲ့ အကြံ ဉာဏ်တွေ၊ ခေါင်းတွေနဲ့၊ဖုန်းကွန် ဖရင့်တွေနဲ့ စကားပြောပြီး ညှိနှိုင်း လုပ်တာတွေဖြစ်တယ်။ ဆိုလိုတာ က နိုင်ငံရေးလောကထဲမှာက Figure (ပုံရိပ်)ရှိမှ၊ ပရိုဖိုင်ဖြစ်မှ နိုင်ငံရေးဆိုတဲ့ဟာကို ကျွန်တော် ထားခဲ့ချင်ပြီ။ Principle ကို ရှေ့ တန်းတင်တဲ့ နိုင်ငံရေးကို သွားချင် တယ်။ ဒါပဲ။

၈၈ မှာ အကြာကြီးကျင်လည်ခဲ့တဲ့ ဦးမြအေး နုတ်ထွက်တဲ့အပေါ် နှမြောတဲ့သူတွေလည်း ရှိနေတဲ့ အပေါ် ဘယ်လိုမျိုး ရှင်းပြချင်ပါ သလဲ။

ကျွန်တော်က အဖွဲ့အစည်း တစ်ခုကပဲ ထွက်လိုက်တာလေ။ မြန်မာပြည် နိုင်ငံရေးလောကထဲ က ထွက်ခွာသွားတာမဟုတ်ပါ ဘူး။ ကျွန်တော် မြန်မာနိုင်ငံသား တစ်ယောက်ဖြစ်တယ်။ နိုင်ငံရဲ့ ကောင်းရာကောင်းကျိုး နိုင်ငံသား ဖြစ်တယ်ဆိုတဲ့ အခြေခံပေါ်မှာ ကျွန်တော် လုပ်သင့်လုပ်ထိုက်တာ ကို ကျွန်တော် ဆက်လုပ်သွားမှာ ဖြစ်တယ်။ ပွင့်ပွင့်လင်းလင်းပဲ ပြောမယ်ဗျာ။ တချို့သုံးတဲ့စကား အတိုင်း ဒီအဖွဲ့အစည်းမှာ ကုလား တစ်ယောက် မရှိတာကောင်းတယ် ဆိုပြီး ခံယူတဲ့သူတွေလည်းရှိမှာ  ပဲ။ မဟုတ်ဘူးလား။ ဆိုလိုတဲ့ သဘောတစ်ခုက ကျွန်တော်တို့က အမြဲတမ်း စိတ်ဖိစီးမှုတွေရှိတယ်။ အဲဒါဘာလဲဆိုရင် ဒုတိယနိုင်ငံ သားဆိုတဲ့ စိတ်ကြီး၊ ဒါတော့ရှိကြ မှာပဲ။ ဝမ်းနည်းစရာလည်း မဟုတ်ဘူး။ ဒါက တချို့ကျတော့ နှမြောတယ်။ တန်ဖိုးထားတဲ့သူ တွေက နှမြောတယ်။ ဒါလည်းရှိ ကြမှာပဲလေ။ တန်ဖိုးထားသည် ဖြစ်စေ၊ မထားသည်ဖြစ်စေ ကိုယ့် တာဝန်က ကိုယ်ဒီနိုင်ငံမှာနေ တယ်။ ဒီနိုင်ငံသားတွေ အကျိုးကို လုပ်ရမယ်။ သူများစကားတွေက တန်ဖိုးထားသည်ဖြစ်စေ၊ မထား သည်ဖြစ်စေ ကိုယ်ဘယ်လောက် ပေးဆပ်နိုင်လဲဆိုတာပေါ်မှာပဲ မူတည်ပါတယ်။

အခု အစိုးရသစ်တက်လာပြီး နောက်ပိုင်းကာလတွေမှာ ၈၈ မျိုး ဆက်တွေက နိုင်ငံရေးလှုပ်ရှားမှု မှာ ရှေ့တန်းကနေ ပါဝင်တာ သိပ် မရှိတာတွေ့ရတယ်။ ကိုယ်တိုင် ပါဝင်ခဲ့တဲ့သူ တစ်ယောက်အနေ နဲ့ အဲဒီအပေါ်မှာ ဘာများပြောချင် ပါသလဲ။

ဒါက ပြောရခက်တယ်။ (ရယ်လျက်) ပြောရခက်တယ်ဆို တာ ကျွန်တော်ဆိုလိုတဲ့သဘော တစ်ခုက ကျွန်တော် စောစောက ပြောသလိုပေါ့ဗျာ။ နိုင်ငံရေး Sence မှာ ပြည်သူကနားလည်ပါ တယ်။ ဆုံးဖြတ်လိမ့်မယ်။ ကျွန် တော်က ပြောရခက်တယ်။ ထွက် သွားပြီးတော့မှ အဖွဲ့အစည်းကို ဝေဖန်တယ်လို့။ ကျွန်တော်စကား မှားသွားရင်မကောင်းဘူး။ ကျွန် တော့်မိခင်အဖွဲ့အစည်း။ ကျွန် တော်တို့ကိုယ်တိုင် ပြုစုပျိုးထောင် ခဲ့တဲ့ အဖွဲ့အစည်းလေ။ သေချာ တာတစ်ခုကတော့ ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့ အစည်း) ကကျွန်တော်ထွက်လိုက် ပြီနော်။ ဒါပေမဲ့ ၈၈ မျိုးဆက် (ငြိမ်း ချမ်းရေးနှင့်  ပွင့်လင်းလူ့အဖွဲ့ အစည်း)က ပြည်သူ့အကျိုးကနေ ပြီးတော့ မျက်နှာလွှဲဖယ်သွားမှာ မဟုတ်ဘူး အခြေအနေအခါပေါ် မူတည်ပြီး သူတို့လုပ်သွားပါလိမ့် မယ်။

လူသိများတဲ့ နိုင်ငံရေးကို ရှောင် သွားမယ်လို့ကြားပါတယ်။ ဘာ ကြောင့်လဲဆိုတာလေး ရှင်းပြပေး ပါဦး။

လူသိများတဲ့ နိုင်ငံရေးကို ဆို လိုချင်တာမဟုတ်ဘူး။ ပရိုဖိုင် တွေ၊ Figure တွေနဲ့သွားနေတဲ့ နိုင်ငံရေးကိုပြောတာ။ တကယ် တမ်း ကျွန်တော် ခုနက ဥပမာ လေး ထောက်ပြတယ်။ ၂၀၀၆ မှာ ကျွန်တော်တို့က ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဌေးကြွယ်၊ ကိုမင်း ဇေယျ၊ ကိုပြုံးချိုတို့ အဖမ်းခံလိုက် ရတဲ့အချိန်မှာ ကျွန်တော်တို့ ဒီဘက်ကနေပြီးတော့ အစိုးရကို ထိုးတိုက်ရတယ်။ အစိုးရကို တိုက် ရတယ်။ ကမ်ပိန်းတွေလုပ်ရတယ်။ ကျွန်တော်ရယ်၊ ကိုဂျင်မီရယ်။ ဒီ တပ်ကိုဦးဆောင်တယ်။ ဦးဆောင် တဲ့အတွက် လူသိများတယ်။ ဒါပေ မဲ့ ဒါကို ကျွန်တော်တို့ချည်းပဲ အပေါ်ကနေ လုပ်သွားတာမဟုတ် ဘူး။ အဲဒီလိုလုပ်နိုင်ကိုင်နိုင်ဖို့က အပြင်မှာရှိတဲ့ ဒီနေ့ဒီအချိန်မှာ ပွင့် ပွင့်လင်းလင်း ပြောလို့ရသွားပြီ ဒီအချိန်။ နိုင်ငံတကာမှာရှိတဲ့သူ တွေရဲ့ အကြံပေးချက်တွေ၊  ပံ့ပိုး မှုတွေ။ ပံ့ပိုးမှုတွေက ငွေကြေးကို ပြောတာမဟုတ်ဘူး။ သူတို့ရဲ့ နိုင်ငံတကာကို ပရက်ရှာထိုး ဖောက်မှုတွေက အများကြီး။ အကြီးကြီးကိုပါတာ။ ဥပမာ အဲဒီ ကမ်ပိန်းမှာ နိုဗယ်ဆုရထားတဲ့ လူတွေ လက်မှတ်ထိုးဖို့ဆိုပြီး ကျွန် တော် ပြန်ပြောလို့ရတယ်။ ကိုအောင်ဒင်တို့လိုလူတွေ။ သူတို့ တွေ အများကြီး လော်ဘီလုပ်ရ တယ်။ ကျန်တဲ့ ကမ်ပိန်းတွေ အတွက်ကို သူတို့ ညှိနှိုင်းပြီးတော့။ ဒါတွေကို ကျွန်တော်တို့က သိနေ တာပဲ။ ခက်တာက လူသိများတဲ့ နောက်ကိုပဲ လိုက်ပြီးတော့ နိုင်ငံ ရေးလုပ်နေမယ်ဆိုရင် Principle က တစ်ခါတလေကျရင် ပျောက် သွားတတ်တယ်လေ။ ကျွန်တော် ပြောချင်တာက System တစ်ခု တည်း တိုင်းပြည်ရောက်စေချင် တယ်။ အဲဒီအခါကျ ကျွန်တော်တို့ က တစ် မရှိလည်း နှစ်ရှိတယ်။ နှစ် မရှိလည်း သုံးရှိတယ်။ လူအပေါ် မှာ မတည်တော့ဘူး။ ဒါကို ကျွန် တော်ပြောချင်ပါတယ်။

ဦးကိုကိုကြီးတို့ပါတီက သင့်တော် တဲ့အချိန်မှာ ပါဝင်ဖို့ ဖိတ်ထား တယ်လို့ သိရပါတယ်။ ဦးမြအေး အနေနဲ့ကော ဦးကိုကိုကြီးတို့ပါတီ ထဲကို ဝင်ဖို့ရှိပါသလား။

ကျွန်တော်တို့ လုပ်ဖော်ကိုင် ဖက်ဆိုတော့၊ အချင်းချင်းတွေဆို တော့ ဖိတ်ခေါ်ပါတယ်။ ကျွန် တော်က မသွားသေးတာက ဒီ ဘက်က လွတ်လွတ်လပ်လပ်နဲ့ တချို့ကို လုပ်ဖို့ကိုင်ဖို့ရှိနေတယ် လေ။ အဲဒါကြောင့်မို့။ နောက်တစ် ခုက စောစောကပြောသလို ပေါ် လစီပေါ့။ နိုင်ငံရေးပါတီကျတော့ ပေါ်လစီရှိရမယ်။ ပေါ်လစီဆိုတာ တောင်မှ တိုင်းပြည်ကို ဘယ်ဝါဒ နဲ့ သွားမှာလဲ။ တိုင်းပြည်အသွင် ကူးပြောင်းရေးကို ဘယ်လိုမူဝါဒနဲ့ သွားမှာလဲ ဒါရှိရမယ်လေ။ နောက်တစ်ခုက ခုနလိုမျိုး ကျန်း မာရေး၊ ပညာရေး၊ ဒီဟာတွေက အစပေါ့ဗျာ။ ကြိုတင်ပြီးတော့ ပါတီတစ်ခုမှာ ရှိသင့်ရှိထိုက်တဲ့ အင်္ဂါရပ်တွေ ပြည့်စုံဖို့လိုတယ်လို့ မြင်တယ်။ သူတို့မှာလည်း ရှိပါ တယ်အကုန်လုံး။ တူတာတွေ လည်းရှိတယ်။ မတူတာတွေလည်း ရှိတော့ ညှိနှိုင်းရဦးမှာ။

ညှိနှိုင်းပြီးရင်ကော ပါတီထဲဝင်ဖို့ ရှိလား။

ကျွန်တော့်အနေနဲ့ တိတိကျ ကျပြောမယ်။ သေချာတာက ဘယ်ပါတီနဲ့ပဲတွဲလုပ်ခဲ့၊ တွဲလုပ်ခဲ့ လောလောဆယ် ပါတီဝင်ဖို့လည်း မရှိဘူး။ ပါတီထောင်ဖို့လည်းမရှိ ဘူး။ သေချာတာ နှစ်ချက် ကျွန် တော်ပြောနိုင်တယ်။ နံပါတ်(၁)က လူမျိုးရေး၊ ဘာသာရေးကို အခြေခံတဲ့ နိုင်ငံရေး ကျွန်တော် မလုပ်ဘူး။ နံပါတ်(၂)က ရွေး ကောက်ပွဲတွေ၊ လွှတ်တော်ကိုယ် စားလှယ်ဖြစ်တာတို့ဘာတို့ မလုပ် ဘူး။ ဝါသနာမပါဘူး။ ဘာဖြစ်လို့ လဲဆိုတာတော့ အဲဒါက ကျွန်တော့်ထက်တတ်သူ ကျွန်တော့်ထက်ပိုပြီးတော့ တိုင်းပြည်ကို အလုပ်အကျွေးပြုနိုင်မယ့်သူတွေ လုပ်ဖို့လိုတယ်။ ကျွန်တော် အားသန်တာကအဲဒီလို အလုပ်အကျွေးပြုမယ့်သူတွေအတွက် အခင်းအကျင်းကို ဘယ်လိုဖန်တီးရမယ်ဆိုတဲ့အရာကို အားသန်တာ။ ဒါပဲ။

၈၈ငြိမ်းပွင့်က ထွက်ခွာပြီးနောက် သဘောထားတူ နိုင်ငံရေးသမား တွေနဲ့ လက်တွဲဆောင်ရွက်သွား မယ်ဆိုတာ ဘယ်လိုသဘောကို ပြောတာပါလဲ။

အဲဒီမှာက တစ်လျှောက်လုံး တွဲလာတဲ့သူတွေ၊ နီးစပ်ရာလူတွေ ရှိကြတာပေါ့ဗျာ။ ဟိုး ၈၈ ကစပြီး တော့ တွဲလာတဲ့သူတွေ ဖြစ်တယ် ဗျာ။ ၈၈ က လွတ်လာတဲ့သူတွေရှိ တယ်။ ၈၈ ငြိမ်းပွင့်က မရှိတဲ့သူ တွေရှိတယ်။ အဲဒီလူတွေနဲ့ ပြဿ နာဖြစ်လာရင် ဆွေးနွေးတာတွေ၊ အမြင်တွေ ဖလှယ်တာတွေ လုပ် တယ်။ တိုင်ပင်ဖော် တိုင်ပင်ဖက် တွေ ဆွေးနွေးဖော် ဆွေးနွေးဖက် တွေရှိတယ်။ ရိုးရိုးရှင်းရှင်းပြောရင် ကိုထွန်းမြင့်အောင်တို့ အဲဒီလိုလူ မျိုးတွေ ကျွန်တော့်မှာ ရှိပါတယ်။ ရှိတော့ အဲဒီလိုလူတွေနဲ့ ညှိနှိုင်းပြီး တော့မှ ဘာလုပ်ကြရင်ကောင်း မလဲဆိုတာကို ကျွန်တော်တို့က အမြဲတမ်းပြောဖြစ်ကြပါတယ်။

ငြိမ်းပွင့်ကနေ ခေါင်းဆောင်တွေ တစ်ယောက်ပြီး တစ်ယောက် ထွက်ခွာသွားတဲ့အပေါ်မှာ ဘယ် လိုမြင်ပါသလဲ။

ကျွန်တော် စိတ်မကောင်းဖြစ် မိတယ်။ ဒီလောက်ပါပဲ။ စိတ် မကောင်းတော့ဖြစ်တယ်။ ဒါပေမဲ့ ငြိမ်းပွင့်က ကျွန်တော်ထင်တယ်။ ဆက်လုပ်မှာလေ။ ဆက်ရှင်သန် မှာပါ။ စိတ်မကောင်းဖြစ်မိတယ် ဆိုတာ ကျွန်တော်တို့ တောက် လျှောက် ပြုစုပျိုးထောင်ပြီးတော့ အကုန်လုံး တွဲလုပ်လာတဲ့သူတွေ ချည်းပဲလေ။ မေးတဲ့မေးခွန်းထဲမှာ ပါပါတယ်။ ကျွန်တော်တို့ စလုပ် တုန်းက ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုမင်းဇေယျ၊ ကိုဌေးကြွယ်၊ ကိုပြုံးချို၊ ကိုဂျင်မီ၊ ကိုအံ့ဘွယ် ကျော်၊ ကိုစိုးထွဋ်၊ ကိုထွန်းမြင့် အောင်၊ ကျွန်တော်၊ မမာမာဦး၊ မနီလာသိန်း၊ မသက်သက်အောင်၊ မမီးမီး အစရှိတာတွေ အများကြီး။ အဲဒီလူတွေ အခုတော့ ကိုယ်စီ ကိုယ်စီ သူတို့ဘာသာသူတို့ လုပ် နေကြ၊ ကိုင်နေကြတာ ဖြစ်သွား တယ်။ ကျွန်တော်တို့ကတော့ တစ် ယောက်နဲ့တစ်ယောက် လုပ်နေကြတယ်ဆိုပေမယ့် အချိတ်အဆက်ကတော့ မပြတ်သွားဘူး။ မပြတ်သွားတော့ ဒီလိုပဲ စဉ်းစားလိုက်ပါ။ ငြိမ်းပွင့်ဆိုတဲ့နေရာမှာ ဒီလူတွေ ချိတ်ဆက်မှုရှိရင် ၈၈ မျိုး ဆက်ကြီး ရှိတယ်လို့ပဲ ယူဆလိုက်ပါ။

၈၈ ငြိမ်းပွင့်နဲ့ ဦးကိုကိုကြီးတို့ ပါတီကို အပြင်ကနေပြီးတော့ ဝန်း ရံသွားမယ်ဆိုတဲ့သဘောလား။

ဟုတ်တယ်။ နိုင်သလောက် ပဲ လုပ်ချင်တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ မတန်တဆတွေနဲ့ တအားဝန်ပိလာတဲ့အခါကျတော့ ကိုယ်လည်း မနိုင်တော့ မလုပ်မိ တာတွေရှိတယ်။

ဝန်ပိတယ်ဆိုတဲ့ စကားလေးကို ရှင်းပြပေးပါဦး။

ဥပမာဗျာ။ ၈၈ ငြိမ်းပွင့်မှာ ကိုမင်းကိုနိုင်၊ ကိုဂျင်မီနဲ့ ကျွန် တော်ပဲရှိတော့တယ်။ ကျွန်တော် က ငြိမ်းချမ်းရေးတာဝန်ယူထားတဲ့ အခါကျတော့ ငြိမ်းချမ်းရေးကိစ္စ တွေမှာ ကျွန်တော်တို့ သွားရလာရ တာ ကိုယ့်ရဲ့အနေအထားအရ အားလုံးလည်း မြင်တဲ့အတိုင်းပဲ။ စစ်ဖြစ်တဲ့နေရာတွေရော၊ ဘာ တွေရော၊ ညာတွေရော သွားရ လာရတာရှိတယ်။ ဒီဟာကြီးကို မြန်မာပြည် ငြိမ်းချမ်းရေးဖြစ်စဉ်ကို ဦးစီးဦးဆောင်ပြီး လုပ်နေတဲ့သူ တွေကို ပြန်ပြီးတော့ Support၊ ပြန်ပြီးတော့ တတ်နိုင်သလောက် လုပ်ချင်တာပေါ့နော်။ လုပ်ချင် တာမှာ အတိမ်းအစောင်းဖြစ်သွား ရင် အခက်အခဲတွေ အများကြီး ဖြစ်လာတယ်။ ဒါ အားလုံးသိတဲ့ အတိုင်းဗျာ။ မပြေးသော်ကန်ရာရှိ။ ကိုယ်လည်း ရခိုင်ပြဿနာဖြစ်လာ ပြီဆိုရင် စိတ်ဖိစီးမှုတွေက အများ ကြီးပဲ။ စိတ်ဖိစီးမှုတွေများပြီးတော့ ဟိုကိစ္စတွေကိုင်မလား၊ ဒီကိစ္စ တွေကိုင်မလား ဝန်နဲ့အားနဲ့ မမျှ တော့ဘူး။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေ ခံဥပဒေကို ပြင်ဆင်ရေးကိုပဲ ပြန်ကြည့် ၄၃၆ ဆို လက်မှတ်ငါး သန်းကောက်တယ်။ ဒါပေမဲ့ အဲဒီ ဟာကိုဆက်ပြီးတော့ ကျွန်တော် တစ်ယောက်တည်းအမြင်နော်။ မသွားနိုင်ဘူး။ ကျွန်တော်တို့ ပြည် သူလူထုဆီက လက်မှတ်ကောက် ခံထားတာလေ။ အဲဒါလေးတစ်ခု မှာလည်း ကျွန်တော့်အနေနဲ့ မလုပ်နိုင်ဘူး။ မလုပ်နိုင်တော့ review ပြန်လုပ်တယ်။ အကုန်လုံး ကို review ပြန်လုပ်လာဖို့လိုလာ တယ်။ အဲဒီအပေါ်မှာ အခြေခံပြီး ကျွန်တော်တို့ Independent (လွတ်လွတ်လပ်လပ် အမှီအခို ကင်းကင်း)ကို သွားရမယ်။

ဟုတ်ကဲ့။ အခုလိုဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်။