ရေစုန်ကို ဆန်တက်နေရတဲ့ မြန်မာသံစဉ်ခရီးကြမ်း

မြန်မာသံဂီတဖျော်ဖြေပွဲတစ်ခုတွင် သီဆိုနေသည့် အဆိုတော်ချိုပြုံးနှင့်နီနီဝင်းရွှေတို့ကိုတွေ့ရစဉ် ဓာတ်ပုံ−ဇွဲဉာဏ်

ဂီတလောကအတွင်း ခိုးကူးခွေ များကြောင့် ဈေးကွက်မကောင်း တော့သည်မှာ ဆယ်စုနှစ်နှစ်ခုနီး ပါးမျှ ရှိလာပြီဖြစ်သည်။ ထို့အပြင် ဆိုရှယ်မီဒီယာ အားကောင်းလာမှု ကြောင့် ဂီတအပါအဝင် ဖျော်ဖြေ ရေးလုပ်ငန်းစုများ ရပ်တည်ရန် ပုံစံမျိုးစုံဖြင့် တီထွင်ဖန်တီးကာ ဈေးကွက်ထဲ တင်ကျန်ခဲ့စေရေး ခက်ခက်ခဲခဲ ရုန်းကန်နေရသည်။


လွန်ခဲ့သည့် ၂၀၀၅ ခန့်အထိ အဆိုတော်တစ်ဦး အဓိကအသုံးပြု သော Platform သည် Main-stream ထဲတွင် တစ်ကိုယ်တော် စီးရီးတစ်ခွေထွက်ရှိရေးဖြစ်သည်။ အခွေထွက်ဖူးပြီး ယင်းအခွေ ပေါက်မှသာ အဆိုတော်အဖြစ်
တန်းဝင်သည်။ စီးရီးထွက်ပြီး နောက် ဗီစီဒီကာရာအိုကေဆက် ထွက်ဖို့ အင်တိုက်အားတိုက် ကြိုး ပမ်းရသည်။ သို့သော် ၂၀၀၅ နောက်ပိုင်းတွင် ပိုမိုအတင့်ရဲလာ သော ခိုးကူးခွေဈေးကွက်၊ ၂၀၁၀ နောက်ပိုင်း ပိုမိုအားကောင်း
လွတ်လပ်လာသော ဆိုရှယ်မီဒီယာလမ်း ကြောင်းတို့ကြောင့် ရေစီးကြောင်း က ပြောင်းပြန်အနေအထားဖြစ် သွားသည်။

ပရိုဂျူဆာတွေ လက်ရှောင်လာ

အဆိုတော် အများစုအနေ ဖြင့် စီးရီးတစ်ခွေထွက်ရေးထက် သီချင်းတစ်ပုဒ်ကောင်း ပေါက် ရေးကို ပိုမိုဦးတည်အားထုတ်လာ သည်။ ဆိုရှယ်မီဒီယာပေါ်တွင် သီချင်းအမြည်းတင်ခြင်း၊ တစ်ပုဒ် လုံးအပြည့်တင်၍ ပရိသတ်စု ဆောင်းခြင်းဖြင့် ထိုးဖောက်လာ ပြီး ယင်းတို့ထဲ၌ ခေတ်ပေါ်ဂီတ အမျိုးအစားများက ယင်းလမ်း ကြောင်းကို ပိုမိုအသုံးချလာကြကာ မြန်မာသံစဉ်နှင့် ခေတ်ပေါ်စတီရီ ယို အဆိုတော်အများစုသည် ကိုယ့် ခွေကိုယ်ထုတ်ရင်း မသေချာသည့် အကျိုးအမြတ်၊ မသေချာသည့်ဂီတရေစုန်ကို ဆန်တက်နေရ သည်။

ထို့ကြောင့် မြန်မာသံစဉ် ဂီတဈေးကွက် လုံးဝပျောက်ကွက် မသွားအောင် မနည်းကျားကန်ရပ် တည်နေရသည်။ မြန်မာသံစဉ်ဂီတခွေဆိုလျှင် ထုတ်လုပ်ပေးမည့် ပရိုဂျူဆာများ မရှိသလောက်ပျောက် ကွယ်လာသည်မှာလည်း ဆယ်စုနှစ်တစ်ခုနီးပါး ရှိလာခဲ့ပြီဖြစ် သည်။ နည်းပညာအသုံးချ၍ မိမိတို့ဈေးကွက်ကို မြှင့်တင်ထိုးဖောက် ရာတွင် မြန်မာသံအဆိုအတော်အ များစု ကျန်ရစ်နေဆဲဖြစ်သည်။

‘‘နည်းပညာတွေ တိုးတက် လာလေ၊ ထိလေပဲ။ ဘာလို့ထိတာ လဲ၊ မှန်မှန်ကန်ကန်မရလို့ထိတာ။ မမတို့ ရပ်တည်တယ်ဆိုတာက ကိုယ့်ဟာကိုယ်လည်း ထုတ်သလို မမတို့ကို ထုတ်ပေးတဲ့ ပရိုဂျူဆာ လည်း ရှိနေသေးတယ်။ ဒါပေမဲ့ အရင်လိုခေတ်ပြန်ကောင်းဖို့က တော့ မလွယ်ဘူးပေါ့’’ဟု ဂီတ လောကထဲတွင် နှစ် ၂၀ ကျော် ရပ်တည်ခဲ့သည့်  မြန်မာသံအဆိုရှင် ပိုးအိစံက ပြောသည်။ 

မြန်မာသံစဉ်လောကအ တွင်း အဆိုရှင်အသစ်များ ဝင် ရောက်လာပြီး သီချင်းသစ်ဖန်တီး နိုင်သည့် စွမ်းအားရှိသော်လည်း ဖြန့်ချိရေးကို စနစ်တကျပြုလုပ်ပါ က ယခင်ကဲ့သို့ ပြန်လည်ခေတ် ကောင်းမည်ဟု မျှော်လင့်ကြောင်း ၎င်းက ဆိုသည်။

‘‘အခွေတွေမထွက်နိုင်ကြ တော့ဘူး။ ကိုယ့်ဟာကိုယ် ထုတ် နေကြတာပဲများတယ်။ အရင်လို ပြန်ကောင်းလာမလားဆိုတော့ ဒီ ဘက်ကဖမ်းတဲ့သူကလည်း မနိုင် ဘူး။ ခိုးတဲ့သူကလည်း ခိုးသလား မမေးနဲ့။ ဘယ်လိုမှကို ပြန်ကောင်း လာနိုင်ဖို့က မမြင်ဘူး။ အဲဒီတော့ အရင်းကျေအောင် တစ်ဖက်တစ် လမ်းကနေ ဘယ်လိုပြန်ရမလဲဆို တာကို စဉ်းစားရမှာပေါ့။ အမြတ် ရဖို့က မရှိပါဘူး။ အမြတ်ကတော့ ကိုယ့်အနုပညာပဲရမှာပေါ့’’ဟု ဂီတသက်တမ်း ၂၁ နှစ်ရှိပြီဖြစ် သည့် တေးသံရှင် စိုးစန္ဒာထွန်းက ပြောသည်။

လက်ရှိတွင် ဂီတလောကအ တွင်း ပရိုဂျူဆာများ လျော့နည်း ခြင်းကြောင့် ပွင့်လင်းရာသီ၌ ရှိုးဆိုရင်း ပိုက်ဆံစုကာ မိုးတွင်း၌ စုဆောင်းရရှိသမျှ ငွေကြေးများကို ၎င်းတို့ ဖန်တီးနေသည့် စီးရီးအခွေ များအတွက် ပြန်လည်ရင်းနှီးရခြင်း ဖြစ်သည်။

‘‘အနုပညာသမားတွေထဲမှာ ငွေကြေးပြည့်စုံကြတဲ့သူတွေရှိ သလို ငွေကြေးမပြည့်စုံတဲ့သူတွေ လည်း ရှိတာပဲ။ အဲဒီတော့ ပြည့်စုံ ကြတဲ့သူတွေက ဆက်လုပ်နိုင် တယ်။ မပြည့်စုံတဲ့သူတွေက ဆက်မလုပ်နိုင်ဘဲ ဘေးရောက်သွားတဲ့ သူတွေရှိတယ်။ မြန်မာသံမှာပဲဖြစ် ဖြစ်၊ စတီရီယိုမှာပဲဖြစ်ဖြစ် ဒီလောကကြီးက ဆက်လက်ရှင်သန်ဖို့က ကိုယ့်ဟာကိုယ် လှုပ်ရှားမှပဲရ တော့မှာပါ။ ကိုယ့်ဟာကိုယ် တတ် နိုင်သလောက်ပဲ လှုပ်ရှားနေကြရ တော့တာပေါ့’’ဟု တေးသံရှင် ဗညားဟန်က ပြောသည်။

အောင်မြင်ပြီးသား အဆိုတော်များအတွက် ပရိုဂျူဆာပေါများသော်လည်း ဖန်တီးနေသည့် သီချင်းများ အနုပညာမမြောက်မှာ စိုးသောကြောင့် လက်ရှိအချိန်ထိ ပရိုဂျူဆာမထားကြောင်း တေးသံ ရှင် မနောက ပြောသည်။

‘‘ချမ်းမြေ့ပါစေ အမေဆိုရင် ကျွန်တော့်အခွေက ၂၅၀ လောက် ကုန်တယ်။ ဒါပေမဲ့ ကျွန်တော်က တေးသံသွင်းတစ်ခုကို မာစတာ ခွေရောင်းချခွင့်ဆိုပြီး အပြတ် ရောင်းလိုက်တဲ့အတွက် ၁၁၀ ပဲရ တယ်။ အခွေကုန်တာက ၂၅၀ ပေါ့။ ရှုံးတော့ရှုံးတယ်။ အဲဒီမား ကက်ကို မကျွမ်းတဲ့အတွက်ပေါ့။ တေးသံသွင်းကတော့ မြတ်တယ်။ အခွေမားကက်ကတော့ ရှိသေး တယ်။ ကုန်ကျစရိတ်ကို ပြန်ကာ လောက်တဲ့အထိ ပြန်ရတယ်။ တကယ်သာပေါက်ရင်၊ တကယ် သာကောင်းရင် ပြန်ရတယ်’’ဟု ၎င်းက ပြောသည်။

ခိုးကူးတွေတောင် လက်မှိုင်ချရ

ဆိုရှယ်မီဒီယာအားကောင်း လွန်း၍ ပြင်ပတွင် ခိုးကူးခွေကို ကျပ်သုံး၊ လေးရာဖြင့် ဝယ်ယူရမည့်အစား လူအများစုလက်ထဲ၌ဖုန်းများရှိနေပြီး ဖုန်းအတွင်း သီချင်းပေါင်းများစွာ ကူးယူထည့်ထားနိုင်၍ ခိုးကူးခွေဖြန့်ချိသူများပင် လက်ရှောင်ရသည်အထိ ဈေးကွက်အနေအထားက ကျဆင်းနေ သည်။

‘‘အရင်တုန်းက ခိုးကူးခွေအ ရမ်းများတဲ့အတွက် ခိုးကူးခွေကို အပြစ်တင်တယ်။ အခုခိုးကူးခွေ တောင် လူတွေက သိပ်စိတ်မဝင် စားဘူး။ တစ်ရာ၊ နှစ်ရာတောင် ပေးမဝယ်ချင်ကြတော့ဘူး။ ဘာ လို့လဲဆိုတော့ လူအယောက် ၁၀၀ မှာ ၉၉ ယောက်က ဖုန်းကိုင် နိုင်တဲ့အတွက် ဒီဖုန်းထဲမှာ ဘယ် သီချင်းနားထောင်ချင်လဲ။ ဘယ် သီချင်းကြည့်ချင်လဲ အချိန်မရွေး ကြည့်လို့ရတယ်။ အနုပညာရှင် အားလုံးက၊ သီချင်းဆိုနေတဲ့သူ အားလုံးက သီချင်းပေါက်ဖို့ပဲ။ သီချင်းပေါက်မှ ပွဲများများဆိုရ မယ်။ ပွဲဆိုရမှ ကိုယ်ကြိုက်ဈေး တောင်းလို့ရမယ်။ လိုင်းပေါ်တင် တယ်။ အလကားကြည့်၊ အလ ကားယူ၊ သီချင်းပေါက်ဖို့က အဓိကပေါ့။ သီချင်းပေါက်မှ ပွဲဆိုရတာ ဆိုတော့ တစ်ညကို ၂၅ သိန်း၊ သိန်း ၃၀ တောင်းလို့ရတယ်လေ’’ ဟု အောင်မြင်သော မြန်မာသံစဉ် တေးသီချင်းများစွာကို ဖန်တီးတီး ခတ်ခဲ့သူ၊ တေးသီချင်းခွေများစွာ ထုတ်လုပ်ခဲ့သူ တေးရေးနှင့် ဂီတ မှူး သျှန်ထွန်း (မြန်မာစာ)က ပြောကြားသည်။

ယခင်က မြန်မာတစ်နိုင်ငံလုံး တွင် ခိုးကူးခွေဆိုင် အများအပြား ရှိသော်လည်း  လူမှုကွန်ရက် မြန်ဆန်ခေတ်စားလာသည်နှင့်အ မျှ ခိုးကူးရောင်းချရမှုသည် ယခင် ကထက် ထက်ဝက်ခန့်ကျဆင်း သွားသည်။

‘‘အရင်တုန်းက အရမ်း ရောင်းရပါတယ်။ အခုက အွန် လိုင်းတွေ ခေတ်စားလာတဲ့အ တွက် ဒေါင်းလုတ်ဆွဲတဲ့သူတွေ လည်း များလာတယ်။ အခွေဆို တာထက် အလွယ်တကူ ကူးယူ ဒေါင်းလုတ်ဆွဲနိုင်တဲ့အတွက် အ ခွေသိပ်မဝယ်ကြတော့ဘူး။ အခွေ ဆိုင်တွေလည်း တော်တော်လေး ပျောက်သွားတယ်။ လျော့သွား တယ်။ ပရိသတ်ရှိသလောက်လေး ကို ကြိုးစားပြီး ရောင်းနေရတယ်’’ ဟု အခွေရောင်းသူတစ်ဦးက ပြော သည်။

ထို့အပြင် မနောကဲ့သို့ အလွန်အောင်မြင်သော အဆိုတော်လည်း အခွေထုတ်လိုက်ပါက ဈေးကွက် တွင် ထင်သလောက်မရောင်းရ ခြင်းမျိုး ကြုံနေရသည်။

မြန်မာသံစဉ် သီချင်းများ အွန်လိုင်းပေါ် အဓိကတင်ပေးခြင်း သည် နယ်ပရိသတ်များအတွက် အ ခွေဝယ်ယူရန်ခက်ခဲသောကြောင့် ရည်ရွယ်ခြင်းဖြစ်ပြီး စတီရီယို သီချင်းများကို အွန်လိုင်းပေါ်မတင် ဖြစ်ဟု မနောက ဆိုသည်။

‘‘ကျွန်တော့်အမြင်ပြောရရင် ခေတ်မကောင်းဘူးဆိုတာကတစ် ဖက်၊ ခေတ်ကောင်းတယ်ဆိုတာ က တစ်ဖက်မတူဘူးဗျ။ မကောင်း  ဘူးဆိုတာ ကော်ပီခွေတွေရောင်း ရပြီးတော့ မာစတာအခွေတွေ မရောင်းရတာက ခေတ်မကောင်း တာ၊ ကောင်းတယ်ဆိုတာ ရှိသေး တယ်။ သာမန်အဆိုတော်အသစ် တစ်ယောက်တောင် အလွယ် တကူပေါက်နိုင်တဲ့ ဖေ့စ်ဘွတ်ခ်ရှိ နေတဲ့အတွက် လူမသိနိုင်တဲ့သူ လည်း လွယ်လွယ်လေးသိနိုင် တယ်။ အဲဒီအတွက် ခေတ် မကောင်းတာမဟုတ်ဘူး။ တစ် ဖက်ကကြည့်ရင် ခေတ်က တအား ကောင်းတယ်။ ခေတ်ပြောင်းလဲ နေတာရယ်၊ ကျွန်တော်တို့နိုင်ငံရဲ့ Copy Right ဥပဒေ မခိုင်မြဲသေး တာရယ် ဒီနှစ်ချက်လေးအပေါ်မှာ ဟနေတာကို ကျွန်တော်တို့ မယုတ်မလွန်လေး နားလည်စွာပဲ လျှောက်လှမ်းရမယ်လို့ မြင်ပါတယ်’’ဟု တေးသံရှင် မနောက ပြောသည်။

ခိုးကူးနှိပ်စက်သောကြောင့် မြန်မာသံများ ပျောက်ကွယ်လုနီး ဖြစ်သွားသလို ခေတ်ပ်ါစတီရီယို သီချင်းတွင် ငွေရင်းနှီးလျှင် ခေတ်အနေအထားအရ ငွေပြန်ပေါ် သော်လည်း မြန်မာသံတွင် ရင်းလိုက်သူများသည်    လုံးဝ  ပျောက်သွားမည့်သဘောဖြစ်နေ သောကြောင့် မရင်းရဲကြဟု မြန်မာသံအဆိုတော် တက္ကသိုလ်လဲ့လဲ့က ပြောသည်။

‘‘အခုဆို သီချင်းကြီးက ပျောက်သလောက်ရှိနေပြီ။ အန် တီလဲ့တို့ရဲ့ သီချင်းတွေကို နောက် ကလေးတွေက သီချင်းကြီးလို့ တောင် ခေါ်နေကြပြီ။ အန်တီလဲ့ တို့က သီချင်းကြီးမဟုတ်ဘူး။ ခေတ်ဟောင်းကာလပဲ။ သို့သော် လည်း သီချင်းကြီးကို လုံးဝမကြား ဖူးတဲ့ ကလေးတွေက သီချင်းကြီး ကို ဘာမှန်းမသိဘူး။ တကယ် တော့ သီချင်းကြီးဆိုတာ တကယ့် မြန်မာ့ရိုးရာ၊ တကယ့်ဘိုးဘွားမိဘ လက်ထက်၊ ဘုရင့်နန်းတော် လက်ထက်ကတည်းက ကျန်ခဲ့တဲ့ သီချင်းတွေအများကြီးပဲ။ အဲဒီ သီချင်းတွေကို ထိန်းသိမ်းစောင့် ရှောက်ဖို့အတွက်က အန်တီတို့လို အရပ်သားအင်အားနဲ့မရဘူး။ နိုင်ငံတော်ကပါ ပါဝင်မှ၊ လူကြီးတွေက ပါ အားပေးမှ ပြန်လည်ကောင်းမွန် တိုးတက်လာမှာပါ။ သီချင်းကြီးကို ထိန်းသိမ်းတဲ့ကဏ္ဍတွေ၊ သီချင်း ကြီးကို မဆိုမနေရ၊ တီဗီမှာ မရိုက် မနေရလုပ်လိုက်ရင် ဘယ်တော့မှ မပျောက်တော့ဘူး’’ဟု ၎င်းက ပြောသည်။

ယခင် စီးရီးတစ်ခွေထုတ်နိုင် ရန် ခက်ခဲနေသည့် အချိန်ကာလ က စီးရီးထုတ်နိုင်မှ အဆိုတော်ဖြစ် သော်လည်း ယခုခေတ်တွင် အွန် လိုင်းမီဒီယာများ ခေတ်စားလာ ခြင်းကြောင့် အားသာချက်ရှိလာ သည်ဟု ဗညားဟန်က ပြော သည်။

‘‘တချို့ဆို တစ်ပုဒ်တတ်နိုင် ရင် တစ်ပုဒ်စာလေးနဲ့ပဲ ပရိသတ် ကို ချပြကြတယ်။ ပရိသတ်က ကြိုက်လို့ပေါက်သွားရင်လည်း သူ အလုပ်ဖြစ်သွားတာပဲ။ ပွဲရလို့ ပွဲလေးဘာလေးလိုက်ဆိုရင် သူငွေကြေးရမယ်။ အဲဒီကနေ တစ်ခါ ဆက်လက်ပြီးတော့ အနုပညာ လှုပ်ရှားမှုတွေ ဆက်လုပ်လို့ရ မယ်။ အခုလက်ရှိ အခြေအနေက တော့ အဲဒီနည်းစနစ်နဲ့ပဲ သွားနေရ မှာပဲ’’ဟု လက်ရှိ မြန်မာသံစဉ်များ သီဆိုကာ အောင်မြင်နေသည့် အဆိုတော်အချို့၏ ဖြတ်သန်း လျှောက်လှမ်းမှုကို ၎င်းက ပြော သည်။

‘‘အခုဆို မြန်မာသံစဉ်ကို ခရေဇီဖြစ်ပြီးဆိုမယ့်သူတွေက အများ ကြီးပဲ။ စတီရီယိုပိုင်းက လုပ်မယ့် သူပိုများတယ်။ ဒါပေမဲ့ လုပ်နိုင် စွမ်းရှိတာကလည်း စတီရီယိုလိုင်း က များတယ်။ မြန်မာသံစဉ်ဘက် ကျတော့ လုပ်နိုင်စွမ်းသိပ်မရှိကြ ဘူး’’ဟု ဗညားဟန်က ပြောသည်။

မြန်မာသံကို ဝါသနာအရင်းခံ ကြောင့် သီဆိုခြင်းဖြစ်ပြီး စတီရီယို လိုင်းကိုသာ အဓိကသွားနေ ကြောင်း တေးသံရှင် မနောက ပြောသည်။

‘‘ကျွန်တော်တို့က မြန်မာသံ ကို ခေတ်ပေါ်တူရိယာနဲ့ပဲ တီး တယ်။ ပြီးတော့ စတူဒီယိုမှာ တီး တဲ့ ဂစ်တာ၊ စတူဒီယိုမှာသုံးတဲ့ ပစ္စည်းတွေ၊ Effect တွေ၊ ကာလာ တွေနဲ့ပဲ လုပ်တယ်။ ရှေးအန်းတိတ် မြန်မာသံဆိုင်း၊ ဗုံနဲ့ဆို ဒီဘက်ခေတ်လူငယ်တွေက နားထောင် လို့မရတော့ဘူး။ ခေတ်ရေစီး ကြောင်းက ပြောင်းလာတဲ့အတွက် ကြောင့်ပါ။ ကလေးတွေကအစ နိုင်ငံခြားသီချင်းတွေ နားထောင် လာတဲ့အခါကျတော့ မြန်မာသံစစ် သီချင်းကို နားထောင်ဖို့ ခက်ခဲသွား တာလည်း ပါမှာပေါ့။ ကျွန်တော် တို့က ကပြားလိုင်းဖြစ်တာပေါ့။ မြန်မာသံအစစ်ကြီးလည်း မဟုတ်ဘူး။ စတီရီယိုအပြည့်လည်း မဟုတ်ဘူး။ ကြားပိုင်းဆိုတော့ ရှေးခေတ်က လူကြီးတွေလည်း နား ထောင်လို့လည်းရတယ်။ ဒီဘက်

ခေတ်လူငယ်တွေလည်း နားထောင်လို့ရတယ်’’ဟု ခေတ်ကို လိုက်၍ ပရိသတ်ရအောင် ဖန်တီး နေရသည့် ဂီတပိုင်းနှင့်ပတ်သက် ပြီး ၎င်းက ပြောသည်။

မြန်မာသံစဉ်ဈေးကွက်သည် မယိမ်းယိုင်သေးသလို သူ့ပရိသတ် နှင့် သူရှိနေပြီး မြန်မာသံရှိုးပွဲများ လုပ်သည့်အခါတွင်လည်း လူဝင် နေသေးကြောင်း City FM ရေဒီယို မှ ဦးကြည်မင်းသိန်းက ပြော သည်။

‘‘ခေတ်မကောင်းတာတော့ မဟုတ်ဘူး။ IT ခေတ်ဖြစ်သွားတဲ့ အတွက် ရုပ်ရှင်ရော၊ ဂီတရော ခိုးကူးသမားတွေမရှိတော့ဘူးဆို ပေမယ့် ထွက်သမျှက အွန်လိုင်း ပေါ်ချက်ချင်းတက်လာတဲ့အတွက် ထုတ်လုပ်သူတွေ ရသင့်သလောက်မရဘဲ အကျိုးခံစားခွင့်နည်းနေ တာပေါ့။ သီချင်းတစ်ခုတည်းတင် မဟုတ်ဘူး။ ရုပ်ရှင်ရောပေါ့။ အွန် လိုင်းပေါ်မှာ မွစာကြဲနေတာပဲ။ အွန်လိုင်းမှာ အလကားရတဲ့အခါ ကျတော့ ထုတ်လုပ်သူအနေနဲ့ ခံ စားခွင့်ရသင့်သလောက်မရဘဲ အ ကျိုးအမြတ်နည်းသွားတာမျိုးရှိ တယ်။ အွန်လိုင်းမှာ အလကားရ တဲ့အတွက် ရောင်းအားကျသွား တာပေါ့’’ဟု ၎င်းက ပြောသည်။

City FM စတင်သည့် ၂၀၀၅ ဝန်းကျင်တွင် တစ်နှစ်လျှင် မြန်မာ သံစဉ် သီချင်းခွေကိုးခွေခန့် ထွက် သောကြောင့် အားပေးသည့် ပရိ သတ်များအနေဖြင့် ရွေးချယ်ပေးရ တာ အဆင်ပြေကြောင်း ဆိုသည်။

ပြိုင်ပွဲတွေကနေ မြန်မာသံကိုဖော်ထုတ်နိုင်

မြန်မာသံများ တောက် လျှောက်ခေတ်ကောင်းခဲ့သော် လည်း ယခုနောက်ပိုင်းတွင် ပြိုင်ပွဲ များမှတစ်ဆင့် ငွေကြေးများနှင့် နာမည်ရလာသောကြောင့် မြန်မာသံစဉ်ဘက်ကို ပြန်ပြီးတိုးလာသူ များရှိသော်လည်း ခေတ်ပျက်နေ သေးသည်ဟု မြန်မာသံစဉ်သီချင်း များကို နှစ် ၇၀ ခန့် သီဆိုခဲ့သူ မာမာအေးက ပြောသည်။

‘‘အန်တီအေးတို့ ကိုယ်တိုင် လည်း ဒီမှာမရှိတော့ ဒါတွေကို မစည်းရုံးပေးနိုင်ဘူး ဖြစ်သွား တယ်။ အန်တီအေးကိုယ်တိုင် မြန် မာသံစဉ်ကို ချစ်မြတ်နိုးတယ်။ အဲ ဒါကြောင့် ဒီလောကထဲက တစ်ခါ မှ ထွက်မသွားခဲ့ဘူး။ သီချင်း ပေါင်း ၆,၀၀၀ ကျော် ၁၀,၀၀၀ နီးပါးဆိုခဲ့တယ်။ ပျက်နေတဲ့ လော ကကြီးကိုလည်း ပြန်ကောင်းစေ ချင်တယ်။ ကလေးတွေက ကိုယ့် ရဲ့ ဗမာယဉ်ကျေးမှု၊ ကိုယ့်ရဲ့ ဗမာ ဖွဲ့စည်းမှု၊ ကိုယ့်ရဲ့ ဗမာရဲ့ စီကုံးမှု ကို ဘာမှမသိတော့ဘူးဖြစ်နေ တယ်။ ကိုယ့်တိုင်းပြည်ထဲက ကိုယ့်အမိဂီတပညာတွေက ဘယ် လိုရှိသလဲ၊ ဘယ်လိုခံစားရသလဲ၊ ဘယ်ဟာက ဘယ်လိုရှိသလဲဆို တာကို ကလေးတွေက သိမှမသိ တော့တာ။ မသိတော့ သူတို့ပျော် လို့ရတဲ့ဟာ၊ ခုန်လို့ပေါင်းလို့ရတဲ့ ဟာပဲ သဘောကျနေတာပေါ့။ အဲ ဒါမဆန်းပါဘူး။ သူတို့တွေ စာ တတ်လာမယ်၊ စာဖတ်လာမယ်၊ ကိုယ့်အမျိုးသားအပေါ်၊ ကိုယ့်ရဲ့ တိုင်းပြည်အပေါ်၊ ကိုယ့်ရဲ့လူမျိုး အပေါ် ချစ်တတ်လာတဲ့စိတ်လေး တွေ ဖြစ်လာရင် ဒါက ပျောက် သွားမှာပါ’’ဟု ဒေါ်မာမာအေးက ပြောသည်။

မြန်မာသံဂီတဈေးကွက် ကျ ဆင်းနေသော်လည်း ပြန်ကြားရေး ဝန်ကြီးဌာနက စီစဉ်သည့် ငြိမ်း ချမ်းရေး ဂီတပွဲတော်တွင် မြန်မာ သံပါဝင်၍ ဝမ်းသာပြီး မြန်မာသံ ဆိုသူများကို အားပေးသလို မြန်မာ သံကို တည်တံ့စေချင်ကြောင်း အ ဆိုပါပြိုင်ပွဲ၌ ဒိုင်အဖြစ် ပါဝင်သူ တေးသံရှင် တက္ကသိုလ်လဲ့လဲ့က ပြောသည်။

‘‘မြန်မာသံဆိုတာ တကယ် တော့ ကိုယ့်ရိုးရာ သီချင်းတွေပါ။ တကယ်တော့ လူတွေက ဝမ်းထဲ မှာ မြန်မာသံ၊ မြန်မာ့ဂီတဆိုတာရှိ ပြီးသားပါ။ ဒါပေမဲ့ ရုတ်တရက်ဆို တော့ ပေါ်တဲ့ဂီတ၊ ဆန်းသစ်တဲ့ ဂီတတွေကို အန်တီတို့တောင်မှ ကြိုက်ကြတာပဲ။ ဒါကတော့ ခေတ်ရေစီးကြောင်းအတိုင်း ပြောင်းကြ တာပေါ့။ သို့သော်လည်း မိဘမွေး တဲ့ နှလုံးသားမှာ မြန်မာသံဆိုတာ ကတော့ လူတိုင်းမှာရှိတယ်။ မြန်မာသံလည်း မညံ့ဘူး။ ကိုယ့် ရိုးရာဂီတဖြစ်တဲ့အတွက် ကိုယ်နိုင် သလောက်လေး ထိန်းသိမ်းတာ ပေါ့’’ဟု ၎င်းက ပြောသည်။

ထို့အပြင် လက်ရှိအဆိုပြိုင်ပွဲ အများစုတွင် မြန်မာသံစဉ်တေး သီချင်းများ  မပြိုင်မနေရ  အစီ အစဉ်တစ်ရပ်အဖြစ် ထည့်သွင်း ယှဉ်ပြိုင်စေခြင်းမျိုးလည်း မရှိသေးပေ။ ထို့ကြောင့် ပြည်သူအများစု အားပေးမှုရရှိထားသော အဆိုပြိုင် ပွဲများတွင်လည်း မြန်မာသံစဉ်ကို အစီအစဉ်တစ်ရပ်အနေဖြင့် ထည့် သွင်းခြင်းအားဖြင့် ပေါ်လစီမဆန် သော ဖျော်ဖြေရေးတစ်ရပ်ပုံစံဖြစ် လာစေရန် စီစဉ်နိုင်သည်။

ယခင်ခေတ်က မြန်မာသံစဉ် သီဆိုခဲ့သူများသည် ခေတ်ကောင်း မီခဲ့သောကြောင့် ကံကောင်းသလို နောက်တက်လာမည့် အဆို တော်သစ်များအတွက် ရေကိုဆန် တက်ရမည့် ခရီးကြမ်းဖြစ်နေ၍ ရင်မောဖွယ်ရာဖြစ်သည်။

Top News