ပုပ်ရဟန်းမင်းကြီး၏ သမိုင်းဝင်ခရီးစဉ်မှ ထူးခြားချက် ခုနစ်ချက်

ကျိုက္ကဆံကွင်း၌ ပြုလုပ်သည့် မစ္ဆားတရားပွဲတွင် ပရိသတ်များကို နှုတ်ဆက်နေသည့် ပုပ်ရဟန်းမင်းကြီး (ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ))

မြန်မာနှင့် ဗာတီကန်တို့အကြား သံတမန်ဆက်ဆံရေး ထူထောင် ပြီးနောက် ခြောက်လခန့်အကြာ တွင် ပုပ်ရဟန်းမင်းကြီး ဖရန်စစ် ရန်ကုန်နှင့် နေပြည်တော်သို့ လေး ရက်ကြာ ခရီးစဉ်လာရောက်ခြင်း က သာမန်ချစ်ကြည်ရေးခရီးစဉ် ထက် နိုင်ငံတကာ၏ အာရုံစိုက်မှု ကို ပိုမိုရရှိခဲ့သည်။ မြန်မာနိုင်ငံသို့ ပုပ်ရဟန်းမင်းကြီး လာရောက် ခြင်းက ကက်သလစ်ခရစ်ယာန်ဘာ သာဝန်များအတွက် ကြုံတောင့်ကြုံခဲအခွင့်အရေးဖြစ်သကဲ့သို့ ခရီးစဉ် တစ်လျှောက် နှစ်နိုင်ငံ အလံများ နှင့်အတူ ‘ချစ်ခြင်းမေတ္တာနှင့် ငြိမ်း ချမ်းခြင်း’ (Love & Peace) စာ သားများကလည်း ကမ္ဘာ့မီဒီယာ စင်မြင့်ထက် ထင်ထင်ပေါ်ပေါ်ဖြစ် ခဲ့သည်။ ထို့အပြင် ပုပ်ရဟန်းမင်း ကြီး သက်တမ်းအဆက်ဆက်တွင် မြန်မာနိုင်ငံသို့ တစ်ကြိမ်မှ မကြွ မြန်းဖူးဘဲ ယခုပုပ်ရဟန်းမင်းကြီးဖရန်စစ်လက်ထက်တွင် ပထမဆုံးလာရောက်ခြင်းအဖြစ် မှတ်တမ်းဝင်ခဲ့ခြင်းလည်းဖြစ်သည်။ ထို့အတွက်လည်း မြန်မာနိုင်ငံတောင်ပေါ်၊ မြေပြန့် ဒေသအသီးသီးမှ ကက်သလစ်ဘာသာဝင်များသာမက အိမ်နီးချင်းနိုင်ငံအချို့မှလည်း ရန်ကုန် နှင့် နေပြည်တော်သို့ လာရောက် ကာ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ကို ကြိုဆိုဂါရဝပြုခဲ့သည်။ ပုပ်ရဟန်း မင်းကြီး၏ သမိုင်းဝင်မြန်မာ နိုင်ငံ ခရီးစဉ်မှ ထူးခြားချက်ခုနစ်ချက်ကို စာဖတ်ပရိသတ်အတွက် မျှဝေပေးလိုပါသည်။

နိုင်ငံတကာက ဖိအားပေးနေချိန် ချစ်ကြည်ရေးခရီးလာရောက်ခြင်း

ရခိုင်ပြည်နယ်မြောက်ပိုင်း အရေးကိစ္စနှင့်ပတ်သက်၍ မြန်မာ အစိုးရနှင့် တပ်မတော်အပေါ် ကမ္ဘာ့အင်အားကြီးနိုင်ငံအချို့က ဝေဖန်ပြစ်တင်မှုများပြုလုပ်၍ ပိတ် ဆို့အရေးယူရန် စဉ်းစားနေချိန် တွင် ကမ္ဘာ့ဩဇာအကြီးမားဆုံး ပုဂ္ဂိုလ်စာရင်းဝင် ပုပ်ရဟန်းမင်း ကြီး လာရောက်ခြင်းက မြန်မာ နိုင်ငံအတွက် အားတစ်ခုဖြစ်စေခဲ့ သည်။ ပြီးခဲ့သည့်လပိုင်းအတွင်း အင်အားကြီးနိုင်ငံအချို့မှ ထိပ် တန်းခေါင်းဆောင်အချို့ မြန်မာ နိုင်ငံသို့ လာရောက်ခဲ့သော်လည်း သံတမန်ဆိုင်ရာ ကိစ္စအချို့နှင့် ရခိုင်ပြည်နယ်အရေး ဆွေးနွေးရန် သာဖြစ်ခဲ့ပြီး ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ကဲ့သို့ ချစ်ကြည်ရေးခရီး စဉ်မဟုတ်ခဲ့ပေ။ ဗြိတိန်အိမ်ရှေ့ မင်းသား ချားလ်စ်သည် အောက်တိုဘာတွင် မြန်မာနိုင်ငံသို့ ချစ်ကြည် ရေးခရီးစဉ် လာရောက်ရန် မြန်မာ အစိုးရနှင့် ညှိနှိုင်းပြီးခါမှ ရခိုင် အရေးဖြစ်စဉ်အပြီးတွင် ၎င်း၏ ခရီးစဉ်ကို ပယ်ဖျက်ခဲ့သည်။ သို့ သော် ပုပ်ရဟန်းမင်းကြီး ဖရန်စစ် ၏ မြန်မာနိုင်ငံ ခရီးစဉ်တစ်လျှောက် ရခိုင်အရေးနှင့်ပတ်သက်၍ အထူး ပြုပြောကြားခြင်းမရှိခဲ့ဘဲ ငြိမ်းချမ်း ရေးနှင့် ပဋိပက္ခများကို ကိုင်တွယ် ဖြေရှင်းရေး အစိုးရ၏ ကြိုးပမ်း ချက်များကို နှစ်သက်အားရ ကြောင်း၊ အမျိုးသားပြန်လည်သင့် မြတ်ရေးနှင့်အတူ ယှဉ်တွဲနေထိုင် ရေး ဘာသာရေးအဖွဲ့အစည်းများ တွင် အထူးတာဝန်ရှိကြောင်းတိုက် တွန်းပြောကြားခဲ့သည်။

အတူယှဉ်တွဲနေထိုင်ခြင်း ပုံရိပ် ကောင်းပြသနိုင်ခဲ့သည့် လူထုမစ္ဆားတရားပွဲ

ပုပ်ရဟန်းမင်းကြီး ဖရန်စစ် ၏ မြန်မာနိုင်ငံခရီးစဉ် တတိယ မြောက်နေ့တွင် ရန်ကုန်မြို့ ကျိုက္က ဆံအားကစားကွင်း၌ လူထုမစ္ဆား တရားပွဲပြုလုပ်ရာ နိုင်ငံတစ်ဝန်းရှိ ကက်သလစ်ခရစ်ယာန်ဘာသာ ဝင်များသာမက ပုပ်ရဟန်းမင်းကြီး ကို လေးစားကြည်ညိုသူများလည်း တက်ရောက်ဂါရဝပြုခဲ့ခြင်းက လူ မျိုးနှင့် အသွေးအရောင် မည်သို့ ကွဲပြားစေကာမူ အတူယှဉ်တွဲနေ ထိုင်နိုင်ကြောင်း နိုင်ငံတကာသို့ သတင်းစကားပါးနိုင်ခဲ့သည်။ ပုပ် ရဟန်းမင်းကြီး ဖရန်စစ်၏ မစ္ဆား တရားတော်မြတ်ဆုတောင်းပွဲသို့ မြန်မာနိုင်ငံအနှံ့အပြားနှင့် အိမ်နီး ချင်းနိုင်ငံများမှ ရိုမန်ကက်သလစ် ဘာသာဝင်များ၊ ကက်သလစ်သာ သနာဘုန်းတော်ကြီးများ၊ သီလ ရှင်များ၊ အစိုးရအဖွဲ့ဝင်များ၊ အ ထူးဖိတ်ကြားထားသည့် ဧည့်သည် တော်များ စုစုပေါင်း လူထုနှစ်သိန်း ခန့် တက်ရောက်ခဲ့သည်။ ထို့ ကြောင့်လည်း ပုပ်ရဟန်းမင်းကြီး က မြန်မာနိုင်ငံတွင် မတူကွဲပြားမှု များကြားမှ စည်းလုံးညီညွတ်မှုကို မြင်ခဲ့ရသည်ဟု မှတ်ချက်ပြု ကြောင်း ပုပ်ရဟန်းမင်းကြီး၏ ပြောခွင့်ရပုဂ္ဂိုလ် Mr. Greg Burkeက ခရီးစဉ်အပြီး သတင်းစာရှင်း လင်းပွဲ၌ ပြောကြားသည်။ ယင်း အချက်က ဗုဒ္ဓဘာသာဝင်များ အ များဆုံးရှိရာ မြန်မာနိုင်ငံတွင် ငြိမ်း ချမ်းစွာ အတူယှဉ်တွဲနေထိုင်နိုင် သည်ကို မီးမောင်းထိုးပြခြင်းဖြစ် သည်။

ငြိမ်းချမ်းရေးနှင့် အတူယှဉ်တွဲနေ ထိုင်ရေးကို အလေးထားတိုက် တွန်းခြင်း

ပုပ်ရဟန်းမင်းကြီးသည် နေ ပြည်တော်၌ အစိုးရအဖွဲ့ဝင်များ နှင့် နိုင်ငံတကာ သံတမန်များ တက်ရောက်သည့် အခမ်းအနား တွင် မြန်မာနိုင်ငံ၏ အနာဂတ် သည် ငြိမ်းချမ်းရေးဖြစ်ရမည်ဟု တိုက်တွန်းပြောကြားသည်။ ထို့ အပြင် အမျိုးသားပြန်လည်သင့် မြတ်ရေးနှင့် အတူယှဉ်တွဲနေထိုင် ရေးကို ဖော်ဆောင်သည့် လုပ်ငန်း စဉ်ကြီးတွင် မြန်မာနိုင်ငံရှိ ဘာသာ ရေးအဖွဲ့အစည်းများ၌ အထူး တာဝန်ရှိကြောင်း ထည့်သွင်းပြော ကြားခဲ့သည်။ ၎င်း၏ ခရီးစဉ်သည် ကက်သလစ်ခရစ်ယာန်ဘာသာ ဝင်များ၏ ယုံကြည်ခြင်း၌ တည် ကြည်ခိုင်မြဲစေရန်နှင့် နိုင်ငံတော် ဖွံ့ဖြိုးရေးအတွက် ကြိုးပမ်းဆောင် ရွက်နေသူများကို ခွန်အားဖြည့် ပေးရန် လာရောက်ခြင်းဖြစ် ကြောင်း ပုပ်ရဟန်းမင်းကြီးက ပြောကြားခဲ့သည်။

ထို့နောက် ပုပ်ရဟန်းမင်းကြီး က ပင်လုံငြိမ်းချမ်းရေးညီလာခံကို ၎င်း၏ မိန့်ခွန်းတွင် အသိအမှတ်ပြု ထည့်သွင်းပြောဆိုခဲ့သည်။ မြန်မာ နိုင်ငံတွင် ပဋိပက္ခဖြစ်စဉ်များနှင့် ငြိမ်းချမ်းရေးရရှိရန် အစိုးရ၏ ကြိုးပမ်းဆောင်ရွက်ချက်များကို နှစ်သက်အားရကြောင်း မှတ်ချက်ပြုပြောဆိုခဲ့သည်။ ဘာသာ တရားကိုးကွယ်မှုနှင့်ပတ်သက်၍ ပုပ်ရဟန်းမင်းကြီးက မတူညီသည့် ဘာသာရေးယုံကြည်မှုများသည် စိတ်ဝမ်းကွဲမှုများနှင့် အယုံအ ကြည်ကင်းမဲ့မှုများကို ဖန်တီးသည့် အရင်းအမြစ်ကို မဖြစ်စေဘဲ စည်း လုံးညီညွတ်ခြင်း၊ ခွင့်လွှတ်ခြင်း၊ စိတ်ရှည်သည်းခံခြင်းနှင့် ပြည့်ဝ သည့် နိုင်ငံတော်တည်ဆောက်ရေး အတွက် ခွန်အားတစ်ခုဖြစ်ရမည် ဟု တိုက်တွန်းပြောကြားခဲ့သည်။

ရခိုင်ပြည်နယ်အရေးနှင့် ထိရှ လွယ်သော စကားလုံးသုံးနှုန်းမှုကို ရှောင်ရှားခြင်း

ပုပ်ရဟန်းမင်းကြီး၏ မြန်မာ နိုင်ငံခရီးစဉ်တစ်လျှောက် ရခိုင် ပြည်နယ်အရေးနှင့်ပတ်သက်၍ သုံးသပ်မှတ်ချက်ပြု ပြောကြား ခြင်းမရှိသလို နိုင်ငံတကာက အာရုံ စိုက်နေသည့် ဘင်္ဂါလီရွှေ့ပြောင်း ဒုက္ခသည်များကိစ္စကိုလည်း ပြော ကြားခြင်းမရှိပေ။ ယခုခရီးစဉ် မတိုင်မီ ကမ္ဘာ့မီဒီယာများက ပုပ် ရဟန်းမင်းကြီး ဖရန်စစ်၏ မြန်မာ၊ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံခရီးစဉ်မှာ ရခိုင်ပြည်နယ်အရေးနှင့် ဆက်စပ် မှုရှိမည်ဟု သုံးသပ်ခဲ့သည်။ မြန်မာ နိုင်ငံ ခရီးစဉ်အတွင်း ပုပ်ရဟန်းမင်းကြီးက ဘင်္ဂါလီအရေး ထည့်သွင်းပြောကြားမှု မရှိသည့်အချက် ကိုလည်း ကမ္ဘာ့မီဒီယာအချို့က ဝေဖန်ရေးသားခဲ့သည်။ သို့သော် မြန်မာနိုင်ငံခရီးစဉ်အပြီး ဘင်္ဂလားဒေ့ရှ်သို့ ရောက်ရှိချိန်တွင်ပုပ်ရဟန်းမင်းကြီးက ဒုက္ခသည် ၁၆ ဦးနှင့် တွေ့ဆုံရာတွင် ‘ရိုဟင်ဂျာ’ဟု ခေါ်ဝေါ်သုံးနှုန်းခဲ့သည်။ ယင်းကို ကမ္ဘာ့မီဒီယာစာမျက်နှာ များတွင် ပုပ်ရဟန်းမင်းကြီးက ၎င်း ၏ အာရှခရီးစဉ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ‘ရိုဟင်ဂျာ’ဟူသော စကားလုံးကို သုံးနှုန်းခဲ့ကြောင်း အ ကျယ်တဝင့် ဖော်ပြခဲ့သည်။ သို့ရာတွင် ပုပ်ရဟန်းမင်းကြီးက အဆိုပါအသုံးအနှုန်းကို ဒုက္ခသည် ၁၆ ဦးနှင့် သီးခြားတွေ့ဆုံမှုတွင် ၎င်းတို့အား ခေါ်ဝေါ်သုံးနှုန်းခဲ့ခြင်းဖြစ် သည်။ ထို့အပြင် မစ္စတာ Greg Burke က ပုပ်ရဟန်းမင်းကြီး၏ မြန်မာနိုင်ငံ ခရီးစဉ်သည် ရွှေ့ပြောင်းဒုက္ခသည်များ အရေးအတွက် လာရောက်ခြင်းမဟုတ်ကြောင်း ကမ္ဘာ့မီဒီယာများအား ပြောကြားခဲ့သည်။

အထူးအရေးကြီးပုဂ္ဂိုလ် (VIP) ကတ်ထုတ်ပေးရာတွင် ဆင်းရဲချို့ တဲ့သူများကို ခွဲတမ်းပေးခြင်း

မြန်မာနိုင်ငံတွင် ပွဲလမ်း သဘင်၊ အခမ်းအနားအများစု၌ ငွေကြေးချမ်းသာကြွယ်ဝသူ (သို့ မဟုတ်) ရာထူးဂုဏ်ဝါကြီးမြင့်သူ စသည့်ပုဂ္ဂိုလ်များကိုသာ အထူး အရေးကြီးပုဂ္ဂိုလ် (VIP) အဖြစ် ရှေ့တန်းတွင် နေရာပေးလေ့ရှိ သော်လည်း ပုပ်ရဟန်းမင်းကြီး ဖရန်စစ်၏ မစ္ဆားတရားပွဲတွင် VIP ကတ်ထုတ်ပေးရာ၌ ဆင်းရဲချို့တဲ့ သူများနှင့် သာသနာအတွက် လုပ် အားဒါနပြုသူများလည်း ပါဝင် လာခဲ့သည်။ ယင်းမှာ ခေါက်ရိုး ကျိုးနေသည့် မြန်မာ့လူ့အဖွဲ့အ စည်းအတွက် သင်ခန်းစာယူဖွယ် ထူးခြားချက်တစ်ခုဖြစ်သည်။ ထို ဖြစ်ရပ်ကို လူမှုကွန်ရက်ဖေ့စ် ဘွတ်ခ်စာမျက်နှာတွင် တခုတ် တရ ရေးသားဖော်ပြ၍ ချီးကျူး ဂုဏ်ပြုခဲ့ကြသည်။ မစ္ဆားတရားပွဲ အတွက် ရှေ့တန်းတွင် နေရာယူ မည့် VIP ကတ်ကို သာသနာအ တွင်းရှိ ဆင်းရဲချို့တဲ့သူများဖြစ်ရ မည်။ သာသနာအတွက် ကာယ အားဖြင့် (လုပ်အားဖြင့်) အမြဲတမ်း ဒါနပြုသူဖြစ်ရမည်။ (လုပ်ငန်းရှင် မဖြစ်ရ၊ ငွေကြေးချမ်းသာသူမဖြစ် ရပါ)ဟု မြန်မာနိုင်ငံ ကက်သလစ် ဆရာတော်ကြီးများအဖွဲ့ချုပ်က သတင်းထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ဂုဏ်ပကာသန အဆောင်အ ယောင်နည်းပါးသော ပုပ်ရဟန်း မင်းကြီး

နိုဝင်ဘာ ၂၇ ရက်တွင် ရန် ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် သို့ စတင်ရောက်ရှိလာပြီး တိုယို တာ မာ့ခ်တူးမော်ဒယ်နိမ့် အပြာ ရောင်ကားဖြင့် လိုက်ပါစီးနင်းလာ သည့် ပုပ်ရဟန်းမင်းကြီး ဖရန်စစ် ကို လာရောက်ကြိုဆိုသူများက လှိုက်လှိုက်လှဲလှဲ ဂါရဝပြုနှုတ် ဆက်ကြသည်။ ပုပ်ရဟန်းမင်းကြီး မဖြစ်မီကတည်းက မာန်မာန ကင်းစင်သူ၊ ဆင်းရဲချို့တဲ့သူများ အပေါ် မေတ္တာတရားကြီးမားသူအ ဖြစ် နာမည်ကြီးခဲ့ပြီး ပုပ်ရဟန်းမင်း ကြီးဖြစ်လာချိန်တွင်လည်း အ ပြောင်းအလဲမရှိဘဲ ချစ်ခြင်း မေတ္တာတရားနှင့် ငြိမ်းချမ်းရေးကို စွဲမြဲသူအဖြစ် လူအများ၏ လေး စားကြည်ညိုခြင်းကို ရရှိထားသူ ဖြစ်သည်။ ဇာတိမြေ အာဂျင်တီး နားနိုင်ငံ၌ သာသနာ့တာဝန်ထမ်း ဆောင်စဉ်ကလည်း ၎င်းသည် ရာထူးကြီးမားသော်လည်း ဟိတ်ဟန်ဖြင့်မနေထိုင်ဘဲ နှိမ့်ချခြင်းရှိပြီး ရိုးရိုးသားသား ဆင်းရဲသားကဲ့သို့ နေထိုင်ခဲ့ကြောင်း ဖာသာဆူဆေးက ‘ရဟန်းမင်းကြီး ဖရန်စစ်အရှင် မြတ်၏ မြန်မာနိုင်ငံခရီးစဉ်’နှင့် ပတ်သက်၍ ရေးသားထားသော စာအုပ်၌ ထည့်သွင်းထားသည်။ အာဂျင်တီးနားနိုင်ငံ ဗျူနိုအေးရိစ်မြို့၌ နေထိုင်စဉ်က ကိုယ်တိုင်ချက်ပြုတ်စားသောက်ကာ ခရီးသွား လာရာ၌လည်း ဆင်းရဲသားများ၏ အခက်အခဲကို သိရှိနိုင်ရန် ကိုယ်ပိုင်ကားမစီးဘဲ ဘတ်စ်ကားဖြင့် ခရီး သွားလေ့ရှိကြောင်း ဆိုသည်။

လူငယ်များကို မြေတောင်မြှောက် ပေးရန် တိုက်တွန်းခြင်း

အနာဂတ် ကာလသည် နိုင်ငံ၏ လူငယ်များလက်ထဲတွင် ရှိသည် ဟု ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က နေပြည်တော် MICC (II) ၌ အစိုးရအဖွဲ့ဝင်များနှင့် နိုင်ငံတကာ သံတမန်များနှင့် တွေ့ဆုံ စဉ် အလေးအနက်ထား သတိပေး ပြောကြားခဲ့သည်။ မြန်မာနိုင်ငံ၏ အနာဂတ်သည် လူငယ်များအား လေ့ကျင့်ပျိုးထောင်ပေးမှုအပေါ် တွင် မူတည်ကြောင်းလည်း ထည့်သွင်းပြောကြားခဲ့သည်။ လူငယ်ဆို သည်မှာ အမြတ်တနိုးထားပြီး မြေတောင်မြှောက်ပေးရမည့် လက် ဆောင်မွန်တစ်ခုဖြစ်ကာ ၎င်းတို့ အား အလုပ်အကိုင်အခွင့်အလမ်း နှင့် အရည်အသွေးရှိသော ပညာ ရေးကို မှန်ကန်စွာ ဖန်တီးပေးပါက ကြီးမားသော အကျိုးဖြစ်ထွန်းမည့် ရင်းနှီးမြှုပ်နှံမှုဖြစ်ကြောင်း ပုပ် ရဟန်းမင်းကြီးက တိုက်တွန်းသည်။ထိုသို့ လူငယ်များကို လေ့ကျင့်ပျိုးထောင်ပေးရာတွင် နည်းပညာနယ်ပယ်ဆိုင်ရာ အတတ်ပညာသာ မက ဖြောင့်မတ်ရိုးသားခြင်း၊ သိက္ခာသမာဓိရှိခြင်းနှင့် လူသား ချင်းစာနာစိတ်ထားရှိခြင်း စသည့်နီတိတန်ဖိုးများကိုလည်း သင်ကြားပေးရန်လိုအပ်ကြောင်း ပုပ်ရဟန်းမင်းကြီးက အကြံပြုပြောကြားခဲ့ သည်။ ယင်းနီတိတန်ဖိုးများက ဒီမိုကရေစီစနစ်ကို ခိုင်မာစေပြီး လူ့အဖွဲ့အစည်း၏ အဆင့်တိုင်းတွင် စည်းလုံးညီညွတ်ရေးနှင့် ငြိမ်း ချမ်းရေးတို့ကို ရှင်သန်တိုးပွားစေ ကြောင်း ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က သတင်းစကားပါးခဲ့သည်။

Top News