အင်းလေးနှင့် လွိုင်ကော်ရေကြောင်းဖြင့် လည်ပတ်နိုင်မည့် ခရီးစဉ်သစ် ဖော်ဆောင်မည်

အင်းလေး- လွိုင်ကော် ခရီးစဉ်သစ်စတင်နိုင်ပါက ပြည်ပခရီးသွားပိုမိုတိုးတက်နိုင်မည်ဖြစ်သည်။ ဓာတ်ပုံ − စိုင်းဇော်

အင်းလေးကန်နှင့် လွိုင်ကော်အကြား ရေလမ်းကြောင်းမှ တစ်ဆင့် သွားရောက် လည်ပတ်နိုင်မည့် ခရီးစဉ်သစ်ကို ဟိုတယ်နှင့်ခရီးသွားလာရေး ၀န်ကြီးဌာနနှင့် ရှမ်းပြည်နယ်အစိုးရတို့ ပူးပေါင်းအကောင်အထည် ဖော်မည်ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးညွှန်ကြားမှုဦးစီးဌာန(လွိုင်ကော်) ညွှန်ကြားရေးမှူး ဦးလင်းဇော်ထွဋ်ကပြောသည်။


‘‘အရင်တုန်းက အင်းလေးနဲ့ လွိုင်ကော်တိုက်ရိုက်သွားလို့ရပေ မယ့် မိုးဗြဲဆည်က ရေတံခါးက ကြံ့ခိုင်မှုအားနည်းတာကြောင့် ပိတ်ထားခဲ့တာ နှစ် ၂၀ လောက်ရှိ ပြီ။ အဲဒါကို မနှစ်က ရေတံခါးကို ပြန်ပြုပြင်ခဲ့တာ အခုအဖွင့်အပိတ် ပြန်လုပ်လို့ရနေပြီဖြစ်တဲ့အတွက် ရေလမ်းကြောင်းကနေ ခရီးစဉ် သစ်တစ်ခုပြန်လည်စတင်နိုင်ဖို့ လုပ်ဆောင်သွားမှာဖြစ်ပါတယ်’’ ဟု ၎င်းကပြောသည်။

ဘီလူးချောင်းပေါ်တွင်တည် ဆောက်ထားသည့် မိုးဗြဲရေ လှောင်တမံ ရေတံခါးကြံ့ခိုင်ရေး ပြင်ဆင်ခြင်းနှင့် ခရီးစဉ်များ ပြေး ဆွဲနိုင်ရေး ဟိုတယ်နှင့်ခရီးသွား လာရေးဝန်ကြီးဌာနနှင့် ကယား ပြည်နယ်အစိုးရတို့ ပူးပေါင်း ဆောင်ရွက်ခြင်းဖြစ်သည်။ လက် ရှိတွင်ရေလမ်းကြောင်းသည်နိုဝင် ဘာ ၂၁ ရက်ကစတင်ဖွင့်လှစ်ပြီး ဖြစ်သဖြင့် ခရီးသွားကုမ္ပဏီများ နှင့်ပူးပေါင်းကာ လွိုင်ကော်မြို့မှ အင်းလေးကန်အထိ လမ်းတစ် လျှောက် လည်ပတ်စရာခရီးစဉ် သစ်များ ဖော်ဆောင်မည်ဖြစ် ကြောင်း ဦးလင်းဇော်ထွဋ်ကပြော ကြားသည်။

ခရီးစဉ်သစ်ဖော်ဆောင်ခြင်း နှင့် ပတ်သက်၍ Nature Dream ခရီးသွားလုပ်ငန်း မန်နေဂျင်း ဒါရိုက်တာ ဒေါ်စံပယ်အောင်က ‘‘ရှမ်းပြည်နယ်နဲ့ ကယားပြည်နယ် ပြည်နယ်နှစ်ခုပေါင်းထားတဲ့ ထူး ခြားတဲ့ခရီးစဉ်ပေါ့။ ရှမ်းပြည်နယ် ကနေ ကယားပြည်နယ်ကို ရေ လမ်းကြောင်းတစ်လျှောက်မှာ လည်း ၀ါးပင်တွေ၊ စိုက်ခင်းတွေနဲ့ အင်မတန်လှတယ်။ ဖယ်ခုံနား လေးကိုရောက်တဲ့အခါမှာလည်း တော်တော်လှတယ်။ လမ်း ကြောင်းက အင်းလေးကန်ရယ်၊ မိုးဗြဲဆည်ရယ် ဆက်စပ်ပြီးတော့ တောက်လျှောက်ရေလမ်းပေါက် သွားပြီး လည်ပတ်ခွင့်ရလိုက်တာ ပါ။ ဒါက ခရီးသွားလောကမှာ တော့ ဖြစ်သင့်တဲ့ခရီးစဉ်သစ် တစ်ခုပဲ’’ ဟု မှတ်ချက်ပြုသည်။

ကယားပြည်နယ်သို့ ၂၀၁၆ အတွင်း ပြည်တွင်းခရီးသည် ၁၆,၀၀၀ ကျော်နှင့် ပြည်ပခရီး သည် ၆,၀၀၀ ကျော်၊ ၂၀၁၇ တွင် ပြည်တွင်းခရီးသည် ၂၃,၀၀၀ ကျော်၊ ပြည်ပခရီးသည် ၆,၅၀၀ ကျော် လာရောက်လည်ပတ် ကြောင်း ဟိုတယ်နှင့်ခရီးသွားလာ ရေးညွှန်ကြားမှုဦးစီးဌာန(လွိုင် ကော်) စာရင်းများ၌ဖော်ပြထား သည်။

အဆိုပါခရီးစဉ် တိုးချဲ့ပြီးပါ က အင်းလေးကန်မှတစ်ဆင့်ပြည် တွင်း၊ ပြည်ပခရီးသွားဝင်ရောက် မှု တိုးတက်လာနိုင်ကြောင်း ဦး လင်းဇော်ထွဋ်ကဆက်လက်ပြော ကြားသည်။