ကျိုက်ထီးရိုးစေတီတွင် ကေဘယ်ကား ပြေးဆွဲပါက ကုန်သွယ်လုပ်ငန်းခွန် ၅ ရာခိုင်နှုန်းကောက်မည်

 ကျိုက်ထီးရိုးစေတီ တွင် ကေဘယ်ကားပြေးဆွဲရေး စတင်ပါက ကုန်သွယ်လုပ်ငန်းခွန် ၅ ရာခိုင်နှုန်း ကောက်ခံမည်ဖြစ် ကြောင်း မွန်ပြည်နယ် အစိုးရအဖွဲ့ စီမံကိန်း၊ ဘဏ္ဍာရေး၊လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီး ဦးဝဏ္ဏကျော်က ပြော သည်။

ကေဘယ်ကားသည် ရသေ့ တောင်စခန်းမှ ကျိုက်ထီးရိုး တောင် ရင်ပြင်တော်ထိ ပြေးဆွဲ မည်ဖြစ်ပြီး ဒီဇင်ဘာ ၁၅ ရက်တွင် ဖွင့်ပွဲပြုလုပ်မည်ဖြစ်သည်။ ဖွင့်ပွဲ မပြုလုပ်မီ ဒီဇင်ဘာ ၇၊ ၈ ရက် တွင် အခမဲ့ပြေးဆွဲမည် ဖြစ် ကြောင်း Sky Asia ကုမ္ပဏီလီမိ တက် အထူးအကြံပေး ဦးမျိုးဝေ ကဆိုသည်။

 ‘‘ကုန်သွယ်လုပ်ငန်းခွန် ကောက်ရင် ပြည်ထောင်စုဘဏ္ဍာ ထဲကိုရောက်မယ်။ ပြည်ထောင်စု က ပြည်နယ်ကို ဘဏ္ဍာငွေခွဲဝေ ပေးရင် ပြည်နယ်က ပြန်ရတယ်။ ကေဘယ်ကား ဖွင့်မယ်ဆိုရင် တော့ ကုန်သွယ်လုပ်ငန်းခွန် ကောက်ရမယ်။ ကောက်ရင်တော့ အခွန် ၅ ရာခိုင်နှုန်းကောက်မယ်’’ ဟု ဦးဝဏ္ဏကျော်က ပြောသည်။

ထို့အပြင် ကေဘယ်ကားစီး သည့် ဘုရားဖူးများအတွက် အသက်အာမခံကို IKBZ ဘဏ် နှင့်ချိတ်ဆက် ဆောင်ရွက်ရန်စီစဉ်ထားသည်။ ကေဘယ်ကားစီးခအဖြစ် နိုင်ငံခြားသား တစ်ဦးလျှင် ငါးဒေါ်လာသတ် မှတ်ထားပြီး မြန်မာနိုင်ငံသား တစ်ဦးလျှင် ယခင်က ကျပ်သုံးထောင် သတ်မှတ်ထားသော်လည်း အသက်အာမခံကြေး ပါဝင်ကောက်ခံမည်ဖြစ်သောကြောင့် အသက်သာဆုံးဖြစ်ရန် စီစဉ်ထားကြောင်း Sky Asia ကုမ္ပဏီ စီမံကိန်းဒါရိုက်တာ ကိုရီးယားနိုင်ငံသား Mr.Han Jung Seuk ကဆိုသည်။

ကေဘယ်ကားအစီးရေ ၄၃ စီးနှင့် အရန်တစ်စီးပြေးဆွဲမည်ဖြစ်သည်။ ထိုစီမံကိန်းကို ကန်ဒေါ် လာသန်း ၂၀ အထိ ကုန်ကျခံပြီး ကေဘယ်ကားနှင့် ဆက်စပ် ပစ္စည်းများကို ပြင်သစ်နိုင်ငံကမှမှာယူတင်သွင်းထားသည်။

ကေဘယ်ကားစီမံကိန်းကို ကျိုက်ထီးရိုးဘေးမဲ့တောနယ်မြေ အတွင်းရှိ မြေဧက ၁၃ ဒသမ၅ ဧကတွင် ပတ်ဝန်ကျင်ထိန်းသိမ်း ရေးနှင့် သစ်တောရေးရာဝန်ကြီး ဌာနထံမှ နှစ် ၇၀ စာချုပ်ဖြင့် ငှား ရမ်းလုပ်ကိုင်ခြင်းဖြစ်ပြီး မြန်မာ နိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) ခွင့်ပြုချက်ဖြင့် ဆောင် ရွက်နေခြင်းဖြစ်သည်။