အခြေခံပညာရေး...ဘယ်လဲ

‘ဆရာမှိုင်း ခါတိုင်းသို့ မ ပျော်’ ဟု ဆရာကြီးသခင်ကိုယ် တော်မှိုင်း စာချိုးသလို ကျွန်တော် လည်း စာချိုးချင်မိတော့သည်။ ဖြစ်ပုံက မိတ်ဆွေတစ်ဦးနှင့်လက် ဖက်ရည်ဆိုင်ထိုင်မိရာက ရလာ သည့် ဝေဒနာဟုပင်ဆိုရမည်ထင် သည်။ လက်ဖက်ရည်ဆိုင်မှာကျွန် တော်တို့ ထိုင်မိကြပြီး မကြာမီမိတ် ဆွေထံသို့ ဖုန်းဝင်လာသည်။ ဖုန်း ထဲက အသံကို သည်အတိုင်းကြား နေရသည်။ တစ်ဖက်က မိတ်ဆွေ ဘယ်မှာရှိသလဲ မေးနေခြင်းဖြစ် ၏။ မိတ်ဆွေက လက်ဖက်ရည် ဆိုင်မှာဟု ဆိုလိုက်တော့ ကျွန် တော် ခဏလာတွေ့မယ်ဟုဆို ကာ ဖုန်းချသွားသည်။


ခဏနေတော့ စောစောက ဖုန်းဆက်သူရောက်လာသည်။ သူတို့နှစ်ယောက်ပြောနေသည့် အ ကြောင်းအရာများကို နားထောင် မိရာက ကျွန်တော့်စိတ်တွေညစ် ညူးသလို ခံစားလာရသည်။ အိမ် ပြန်ရောက်သည့်တိုင် ထိုအ ကြောင်းကိုပဲ အဖန်ဖန်တလဲလဲ တွေးနေမိသည်။ ညအိပ်ရာထဲ ရောက်သည့်တိုင် ထိုအကြောင်း ကိုပဲ တွေးနေမိ၏။ ဘာဖြစ်လို့လဲ။ ဘာကြောင့်သည်လိုတွေ ဖြစ်ကုန် ကြရသလဲ။ ဘယ်သူ့မှာတာဝန်ရှိ သလဲ။ ကျွန်တော်စဉ်းစားရင်းအ တွေးတွေ ချာချာလည်နေသည်။ သို့နှင့် ယခုဆောင်းပါးကို ရေးမိ ခြင်းဖြစ်လေသည်။

ထိုနေ့က ကျွန်တော့်မိတ် ဆွေနှင့် သူ့ဧည့်သည်တို့ ပြောဆို တိုင်ပင်နေကြသည့် ကိစ္စကလာ မည့် ပညာသင်နှစ် (၂၀၁၈-၁၉) တွင် နဝမတန်းတက်မည့်သူတို့၏ သားသမီးများကို အစိုးရကျောင်း မှ ထုတ်ပြီး ပုဂ္ဂလိကကျောင်း ပြောင်းထားမည့် ကိစ္စဖြစ်သည်။ စာဖတ်သူက ထင်ကောင်းထင် လိမ့်မည်။ ၂၀၁၂ ကစ၍ကိုယ်ပိုင် ကျောင်း ဥပဒေပေါ်လာကာ ကိုယ်ပိုင်ကျောင်း တည်ထောင်ခွင့်ကို အစိုးရက ခွင့်ပြုလိုက်သဖြင့် ချမ်း သာသော မိဘတို့၏ သားသမီး များ အစိုးရကျောင်းများမှ ထွက် ကာ ကိုယ်ပိုင်ကျောင်းများတွင် သွားတက်ကြသည်မှာ ဘာဆန်း သနည်းဟု။ သာမန်ပြောင်းရိုး ပြောင်းစဉ် အစိုးရကျောင်းမှ ကိုယ်ပိုင်ကျောင်းသို့ပြောင်း၊ အစိုး ရကျောင်း အချင်းချင်းပြောင်းဆို လျှင် မဆန်းသော်လည်း ယခုကိစ္စ က ဆန်းပါသည်။ အစိုးရကျောင်း မှ ရှစ်တန်းအောင်ပြီး ကိုယ်ပိုင် ကျောင်းတွင် ကိုးတန်းတက်မည့် ကလေးက  ထိုကျောင်းတွင်ကိုး တန်းတက်ခွင့်ရဖို့ ဝင်ခွင့်စာမေးပွဲ (ခေါ်) အရည်အချင်းစစ် စာမေးပွဲ ဖြေလို့အဆင့်မီမှ တက်ခွင့်ရမည် ဆိုသောကြောင့် ဆန်းပါသည်။ မိတ်ဆွေက ပြောလိုက်သေး သည်။ အညာကနာမည်ကြီး ပုဂ္ဂ လိကကျောင်းကြီးဆိုလျှင် အရည် အချင်းစစ် စာမေးပွဲကို တစ်ကြိမ် မဟုတ်၊ နှစ်ကြိမ်တောင်ဖြေဆိုရ သည်ဟု ဆိုသည်။

ကျွန်တော်က အံ့သြစွာဖြင့် အဲဒါလည်း လာအပ်ကြတာပဲလား ဟုဆိုတော့ ကျောင်းသား ၂၀၀ ပဲ လက်ခံမယ့် ကျောင်းမှာ ဝင်ခွင့် ဖြေဖို့ လာအပ်ထားတာ ၈၀၀ လောက်ရှိသည်ဟု ဆိုသည်။ သြော်...ဒါကြောင့်လည်း တက္က သိုလ်ဝင်တန်း စာမေးပွဲအောင်စာ ရင်းတွေ ထွက်တုန်းက ဘယ်ကိုယ် ပိုင်ကျောင်းကတော့ ၉၉ ရာခိုင်နှုန်း အောင်သည်၊ ဘယ်ကျောင်းက တော့ ဘယ်နှရာခိုင်နှုန်းအောင် သည် စသဖြင့် ဖေ့စ်ဘွတ်ခ်ပေါ်မှာကြော်ငြာတွေ တက်လာတာကိုး ဟု တွေးမိ၏။ ရှစ်တန်းအောင်လို့ ကိုးတန်းလာအပ်ကတည်းက အ ရည်အချင်းကို အသေအချာစစ် ဆေးပြီး အတော်ဆုံးဆိုသည့် ကျောင်းသားတွေကိုသာ ရွေးချယ် သင်ကြားပေးရသည့် ကျောင်း တွေက တက္ကသိုလ်ဝင်စာမေးပွဲအောင် ချက် ၉၉ ရာခိုင်နှုန်း  ဆိုသည်မှာ အံ့သြစရာမဟုတ်တော့ပါပေ။

အစိုးရကျောင်းတွေမှာကော သည်လို စိစစ်ရွေးချယ်ပြီးမှ စာ မေးပွဲဝင်ခွင့်ပေးလို့ရလျှင် သူတို့ လိုပဲ ၉၈ ရာခိုင်နှုန်းတွေ၊ ၉၉ ရာ ခိုင်နှုန်းတွေ အောင်ချက်မရနိုင်ဘူး လား။ ကျွန်တော်နှင့်ရင်းနှီးသော အထက်တန်းပြ ဆရာတစ်ဦးကို သည်အကြောင်း ပြောပြမိသည်။ ထိုဆရာက ‘‘သိပ်တော့မလွယ်ဘူး ဗျ။ အစိုးရကျောင်းနဲ့ ကိုယ်ပိုင် ကျောင်းတွေက ဖိအားချင်းမတူ ဘူးဗျ။ သူတို့မှာက ကျောင်းစာ တစ်ခုပဲရှိတာ။ နေ့လည်းစာ၊ ည လည်းစာ၊ တစာစာနဲ့ အချိန်ပြည့် စာချည်း လုပ်နေရတာဆိုတော့ စာမေးပွဲဆိုတာ ရိုက်ချတောင် မ ကျတော့ဘူးလေ။ ကျွန်တော်တို့ အစိုးရကျောင်းတွေကျတော့ ဆ ရာတွေကလည်း စာတစ်ခုတည်း အာရုံစိုက်လုပ်နေလို့ မရဘူး။ ကင်းစောင့်ရတယ်ဗျာ။ သင်နည်းမှတ် စုတွေ၊ နေ့စဉ်မှတ်တမ်းတွေရေးရ တယ်ဗျာ။ ရံဖန်ရံခါဆိုသလို ကျောင်းရဲ့ တခြားလုပ်ငန်းတွေမှာ ဝိုင်းလုပ်ကြရတယ်ဗျာ။ ခုပဲကြည့် လေ။ ကျောင်းပေါင်းစုံဘောလုံး ပြိုင်ပွဲတွေ လုပ်နေတော့ ကျွန် တော်ဆို တစ်လလောက်ရှိပြီ။ စာသင်ခန်းမဝင်နိုင်တာ။ တခြား ဆရာတွေလည်း ဒီလိုပဲ။ ပျက် လိုက်သင်လိုက်လုပ်နေရတာ’’ ဟု ဆိုပါသည်။

ထိုဆရာ့စကားကို နား ထောင်မိမှ ကျွန်တော့်မှာ ပိုလို့ တောင်ရင်မောမိပါသေးသည်။ အအစိုးရကျောင်းတွေမှာက ဆရာ တွေသာ ဖိအားရှိသည်မဟုတ်။ ကလေးတွေမှာလည်း ဖိအားတွေ ရှိသည်။ အထူးသဖြင့်ကျောင်းခေါ်ကြိမ် ၇၅ ရာခိုင်နှုန်းပြည့်မှ စာမေး ပွဲဖြေဆိုခွင့်ရမည်ဆိုသော အချက်က ကလေးတွေအတွက် အကြီး မားဆုံး ဖိအားတစ်ရပ်ဖြစ်နေ သည်။ ယခုလိုရာသီမှာ အစိုးရ ကျောင်းတွေက အားကစားပြိုင်ပွဲ တွေ ဘာတွေနှင့် သင်ကြားရေး ကိစ္စကို ဆရာတွေ ဂရုမစိုက်နိုင် ချိန်မှာ ကလေးတွေကလည်း တစ် နေ့ လုံးမှတစ်ချိန်၊ နှစ်ချိန်သာသင် ခွင့်ရသည့် စာသင်ခန်းတွေထဲမှာ ကျောင်းခေါ်ကြိမ် ၇၅ ရာခိုင်နှုန်း ပြည့်မီရေးအတွက် သက်သက်မဲ့ အချိန်တွေ ဖြုန်းတီးပစ်နေရလေ သည်။ ကျောင်းဆင်းတော့မှ ကျူ ရှင်ခန်းများဆီအပြေးအလွှားသွား ကာ ကျောင်းမှာမသင်လိုက်ရ သည့် သင်ခန်းစာများကို မိမိတို့ ကိုယ်ပိုင် ချိန်တွေထဲမှ ဖဲ့ကာသင် ကြားနေရလေသည်။

ထိုအချိန်တွင် ကိုယ်ပိုင် ကျောင်းများ၏ စာသင်ခန်းများ တွင်တော့ စာချည်းဖိသင်၊ ဖိစစ်၊ ဖိမေးလုပ်နေကြသည်။ မိမိတို့ ကျောင်း အောင်ချက်ကောင်းမှ နောက်တစ်နှစ်အတွက် ကျောင်း သားများများရမည်ကိုး။ သင်ခန်း စာတစ်ခုကို နားလည်လည်၊ မ လည်လည်ကျက်ထားသည့်အ တိုင်း ‘၏၊ သည်’ မလွဲရေးခိုင်းလေ အမှတ်များများရလေ၊ အမှတ် ကောင်းလေ မြန်မာပြည်မှာလူ တိုင်းနီးပါး အထင်ကြီးကြသည့် ဆေးတို့၊ ရေကြောင်းတို့ ရနိုင်လေ ဆိုသည့် ပညာရေးစနစ်အောက် မှာ အမှတ်ကောင်းအောင် လေ့ ကျင့်ပေးသည့် ကိုယ်ပိုင်ကျောင်း တွေကို အပြစ်သွားပြော၍မရပေ။ အစိုးရကျောင်းတွေပင်လျှင် တက္က သိုလ်ဝင်တန်း အောင်ချက်မ ကောင်းလျှင် ထုချေလွှာတောင်း တာတို့ဘာတို့ လုပ်ခံရသေးသည် မဟုတ်လား။

ချထားသည့် ပညာရေးမူဝါဒ က ဘက်စုံပညာရေးမူဝါဒဆို တော့ အစိုးရကျောင်းတွေမှာ စာ ချည်း သင်ရသည်မဟုတ်။ ကျောင်းတွင်း အားကစားပြိုင်ပွဲ တွေ၊ ကျောင်းပေါင်းစုံအားကစား ပြိုင်ပွဲတွေ၊ စွမ်းရည်ပြိုင်ပွဲတွေ၊ ထူးချွန်ပြိုင်ပွဲတွေ အခါမလပ်ပြု လုပ်ပေးနေသည်။ ကျောင်းသား လူငယ်တွေ ကျောင်းစာမှာသာမ က ကာယ၊ ဉာဏ ဘက်စုံဖွံ့ဖြိုး လာအောင် လုပ်ပေးခြင်းဖြစ်သည့် အတွက် ရည်ရွယ်ချက်နှင့် လုပ် ငန်း စဉ်ကကောင်းပါသည်။ သို့သော်  တက္ကသိုလ်ကျတော့ ကိုယ့်စိတ် ကြိုက်ရွေးချယ်ခွင့်မရှိဘဲ အမှတ် များသည့် သူကြိုက်ရာတက္ကသိုလ် တက်ကြေး သတ်မှတ်ထားတော့ ဘယ်မိဘကမှ အားကစားလုပ်ပြီး တက္ကသိုလ်ဝင်တန်း စာမေးပွဲကျ သွားမှာ (သို့တည်းမဟုတ်) အမှတ်နည်းနည်းလေးနှင့် အောင်သွား မှာမျိုးကို ဖြစ်စေချင်ကြလိမ့်မည် မဟုတ်ချေ။

သည်တော့ အခြေခံပညာအ လယ်တန်း၏ နောက်ဆုံးအတန်း ဖြစ်သည့် ရှစ်တန်းလောက် ရောက်လာချိန်တွင် မိဘက ကိုယ့် သားသမီး၏ ဉာဏ်ရည်ဉာဏ် သွေးကို ကြည့်၍စဉ်းစားတော့ သည်။ နယ်မှာပဲ ကျူရှင်မလွတ်၊ ကျောင်းကြီးမလွတ်၊ ဂိုက်မလွတ် နှင့်သူလို ကိုယ်လိုအောင်သွားရုံပဲ ထားမလား။ ကိုယ်ပိုင်ကျောင်း တွေပို့ပြီး ထူးထူးချွန်ချွန် အောင် သွားအောင် ကြိုးစားခိုင်းမလား။ မိဘတွေဘက်က စဉ်းစားတော့ လည်း ဘက်စုံမထူးချွန်ချင်နေ၊ ဆယ်တန်းမှာ အမှတ်ကောင်းပြီး အသက်မွေးဝမ်းကျောင်း တက္က သိုလ် ကောင်းကောင်းလေးရဖို့ သားသမီးများ၏ ဘဝမှာလွယ်ကူ သော အသက်မွေးမှု ဖြစ်စေချင် ကြသည်။ သည်တော့ ကျူရှင်မ လွတ်၊ ဂိုက်မလွတ်နှင့် နယ် ကျောင်းတွေမှာ အပင်ပန်းခံပြီး တက်ခိုင်းမနေတော့။ ဉာဏ်ရည် ထက်မြက်သော သားသမီးအ တွက် အမှတ်ကောင်းဖို့ သေချာ သည့် ကိုယ်ပိုင်ကျောင်းများဆီ ပို့ ဖို့စဉ်းစားကြတော့သည်။

တစ်ခါ ကိုယ်ပိုင်ကျောင်း တွေကလည်း ရှေ့တစ်ကျောင်းက အရည်အချင်း စိစစ်လက်ခံပြီးနာ မည်ကြီးလာတော့ နောက် ကျောင်းတွေကလည်း ဤနည်းကို လိုက်ကျင့်သုံးလာကြသည်။ ကြာ လျှင် အခြေခံပညာကျောင်းတွေ က စာလည်းတော်၊ မိဘလည်းအ သင့်အတင့် ချမ်းသာသည့် ကျောင်းသားမှန်သမျှ ရှစ်တန်း အောင်သည်နှင့် ကိုယ်ပိုင်ကျောင်း တွေ ရောက်ကုန်တော့မည်။ အစိုး ရကျောင်းတွေမှာ စာညံ့သည့်သူ များနှင့် ကိုယ်ပိုင်ကျောင်းမတက် နိုင်သူများသာ ကျန်ခဲ့တော့မည်။ အလယ်တန်းပြဆရာမ တစ် ယောက်ကပြော၏။ ‘‘ကျွန်မတို့က တော့ အတန်းငယ်ငယ်မှာ သူတို့ မသိတာ၊ မ တတ်တာကို အခြေခံ ကျကျ နားလည်အောင်၊ တတ် အောင်သင်ပြ၊ ရှင်းပြလိုက်ရတာ။ တော်တဲ့သူကျ တစ်မျိုး၊ ညံ့တဲ့ သူကျတစ်မျိုး အမျိုးမျိုးသုံးပြီး ထူး ချွန်လာအောင်၊ ထက်မြက်လာ အောင် ပျိုးထောင်ပေးခဲ့ရတာ။ သူတို့က ဒီအခင်းကြီးတစ်ခုလုံးထဲ ကမှ သန်ပေ့ စွမ်းပေ့ဆိုတဲ့ အညွန့် ကလေးတွေချည်း ရွေးပြီးခူးသွား ကြတာ’’ တဲ့။

ကျွန်တော်နားထောင်ရင်း က ရင်ထဲမှာ မွန်းမွန်းကျပ်ကျပ်ခံ စားလာရသည်။ သူတို့တွေက တက္ကသိုလ်ဝင်တန်းကို ထူးထူးချွန် ချွန် အောင်သွားကြပါပြီတဲ့၊ သူ တို့ လိုချင်သည့် တက္ကသိုလ်တွေဆီ ရောက်သွားကြပါပြီတဲ့။ ဝါသနာ အရ တက်တာ မဟုတ်ဘဲ အမှတ် ခေါ်ရာနောက်ကို လိုက်သွားခြင်း ဖြစ်သည့်အတွက် ထိုပညာရပ် တွေမှာ သူတို့တကယ်ထူးချွန်ကြ ပါမည်လား။ ထို့အပြင် အခြေခံ ပညာအဆင့်မှာ အလွတ်ကျက်ပြီး အမှတ်ကောင်းလာကြတာဆို တော့ သူတို့မှာတွေးခေါ်မြော်မြင် တတ်မှုတွေကော ဘယ်လောက် ပါလာကြလေမလဲ။ အစိုးရ ကျောင်းတွေက ဉာဏ်ရည်အ ထက်မြက်ဆုံးတွေကို ရွေးယူသင် ကြားခွင့်ရသည့် ကိုယ်ပိုင်ကျောင်း တွေက နိုင်ငံအတွက် ဘယ်လို ပညာရှင်တွေများ မွေးထုတ်ပေး နိုင်လေမလဲ။

ကျွန်တော်တို့ ပညာရေးဟာ လူတစ်စု စီးပွားရှာရာ ဈေးကွက် ကြီးတစ်ခုဖြစ်နေပြီလား။ ကျွန် တော်စဉ်းစားရင်း အတွေးတွေချာ ချာလည်နေပါတော့သည်။

(ဖော်ပြပါ ဆောင်းပါးသည် စာရေးသူ၏ အာဘော်သာဖြစ်ပါသည်)