ငါးဖမ်းစက်လှေတစ်စီး နစ်မြုပ်သဖြင့် တစ်ဦးသေ၊ လေးဦးပျောက်ဆုံးလျက်ရှိ

 ဖျာပုံမြို့နှင့် ၄၅ မိုင်ခန့် အကွာ ပင်လယ်ပြင်တွင် ငါးဖမ်း စက်လှေတစ်စီး နစ်မြုပ်ခဲ့သဖြင့် စက်လှေပေါ်ပါ ရေလုပ်သား ၁၉ဦးအနက် တစ်ဦးသေဆုံး၍ လေး ဦးပျောက်ဆုံးနေကြောင်း ဧရာဝတီတိုင်း ရဲတပ်ဖွဲ့မှူးရုံးမှ ဦးစီးမှူး (ပထမတန်း) (G-1) ဒုတိယ ရဲမှူးကြီးခင်မောင်လတ်က ပြော ကြားသည်။

နစ်မြုပ်သည့် စက်လှေသည် ရွှေပင်လယ် (၁၅၇) ဖြစ်ပြီး ဒီဇင်ဘာ ၅ ရက် နေ့လယ်က နစ်မြုပ်ခဲ့ သည်။ ယင်းသည် ဒီဇင်ဘာ ၄ ရက်နံနက် ၁၁ နာရီခန့်တွင် ဖျာပုံဆိပ် ကမ်းမှ စတင်ထွက်ခွာပြီး အဆိုပါနေရာအရောက်တွင် စက်လှေဝမ်းအတွင်း ရေဝင်ကာ နစ်မြုပ်ခဲ့ ကြောင်း ၎င်းကပြောသည်။


‘‘အနီးပတ်ဝန်းကျင်မှာရှိတဲ့ ငါးဖမ်းစက်လှေတွေက ဝိုင်းပြီးဆယ်တော့ ၁၄ ဦးကို အသက်ရှင်လျက် ကယ်နိုင်ခဲ့တယ်။ အခုလည်း ပျောက်ဆုံးနေတဲ့သူတွေကို ရှာဖွေနေဆဲပဲ’’ဟု ဒုရဲမှူးကြီး ခင်မောင်လတ်ကပြောသည်။

 စက်လှေနစ်မြုပ်မှုကြောင့် ရန်ကုန်တိုင်း ဒလမြို့နယ် ကမာ ကဆစ်ရပ်ကွက်နေ အသက်(၃၀)ခန့်ရှိသူတစ်ဦး သေဆုံးခဲ့သည်။ ထို့အပြင် ဧရာဝတီတိုင်း ပုသိမ်မြို့နယ်မှ သုံးဦးနှင့် လပွတ္တာမြို့နယ်မှ တစ်ဦးသည် ဒီဇင်ဘာ ၆ ရက် ညနေအထိ ပျောက်ဆုံးနေဆဲဖြစ် သည်။ ၎င်းတို့သည် အသက်(၃၀)မှ (၄၅)နှစ်အတွင်းရှိ ရေလုပ်သား များဖြစ်ကြောင်း ရဲတပ်ဖွဲ့မှတ် တမ်းတွင် ဖော်ပြသည်။

‘‘သဘာဝဘေးကြောင့် ဖြစ် တာလား၊ လူတစ်ဦးတစ်ယောက် ရဲ့ ပေါ့ဆမှုကြောင့် ဖြစ်တာလား ဆိုတာကို စစ်ဆေးနေဆဲပါ။ တကယ်လို့ ပေါ့ဆမှုကြောင့် ဖြစ် တယ်ဆိုရင်တော့ တာဝန်ရှိသူကို ဥပဒေအရ အရေးယူမှာပါ’’ဟု ဒုရဲမှူးကြီးခင်မောင်လတ်ကပြောကြားသည်။

ယခုရက်ပိုင်းတွင် ဟိုင်းကြီး ကျွန်းဒေသ၌ လေပြင်းကျကာ လှိုင်းကြီးနေကြောင်း ဟိုင်းကြီး ကျွန်းမြို့ ငါးလုပ်ငန်းဦးစီးဌာန ဦးစီးမှူး ဦးမင်းချွန်သူက ပြော သည်။

 ဧရာဝတီတိုင်းဒေသကြီး ကယ်ဆယ်ရေးနှင့် ပြန်လည်နေ ရာချထားရေးဦးစီးဌာန ဦးစီးမှူး ဦးသန်းစိုးက ‘‘ဖျာပုံမြို့ ဒမင်းဆိပ် မြစ်ဝကနေ ရေမိုင် ၂၂ မိုင် လောက်အကွာမှာ စက်လှေက နေရာရွှေ့တာမှာ လှိုင်းရိုက်တော့ ရေဝင်ပြီး မြုပ်တယ်။ ၁၉ ဦး ရေ နောက်ပါသွားတယ်။ ၁၄ ဦးကို တော့ အနားမှာရှိတဲ့ သင်္ဘောက ကယ်နိုင်တယ်။ တစ်ဦးကတော့ သေဆုံးတယ်။ လေးဦးပျောက်နေတယ်။ အဲဒီသတင်းတစ်ခုတော့ ရထားတယ်’’ဟုပြောသည်။

ဒီဇင်ဘာ ၆ ရက် အခြေအ နေကို မေးမြန်းရာ တပ်မတော်စစ်ရေယာဉ်က ရှာဖွေကယ်ဆယ်ရေးဆောင်ရွက်နေဆဲဖြစ်ကြောင်း ဦးမျိုးလွင်ကပြောသည်။ လတ် တလောတွင် ဘင်္ဂလားပင်လယ် အော်၌ မုန်တိုင်းငယ်တစ်လုံးဖြစ် ပေါ်နေပြီး လေပြင်းနှင့် လှိုင်း အန္တရာယ် ဆက်လက်သတိပြုရန် မိုးလေဝသပညာရှင် ဒေါက်တာ ထွန်းလွင်က သတိပေးထား သည်။

 မြန်မာ့ကမ်းရိုးတန်းတစ် လျှောက်နှင့် ပင်လယ်ပြင်တို့တွင် အရှေ့ဘက်မှ လေပြင်းများ တိုက်ခတ်နိုင်ပြီး တစ်နာရီလေတိုက်နှုန်း မိုင် ၃၀ မှ ၃၅ မိုင်ရှိနိုင်ကြောင်း မိုး ဇလက သတိပေးထားသည်။

အဆိုပါ ငါးဖမ်းစက်လှေကို ရန်ကုန်တိုင်း လှိုင်မြို့နယ်နေ လုပ်ငန်းရှင်တစ်ဦးက ပိုင်ဆိုင်ကာ လက်ရှိတွင် စက်လှေနစ်မြုပ်မှုနှင့်ပတ်သက်၍ တစ်စုံတစ်ရာ အရေးယူထားခြင်း မရှိသေး ကြောင်း ၎င်းကပြောသည်။

More in News Section