မြန်မာယူ-၂၁ နှင့် မြန်မာလိဂ်ညွန့်ပေါင်းအသင်း ခြေစမ်းပွဲ အနိုင်အရှုံးမပေါ်

မြန်မာယူ-၂၁ အသင်းနှင့် မြန်မာလိဂ်ညွန့်ပေါင်းအသင်း ခြေစမ်းပွဲယှဉ်ပြိုင်နေစဉ် (ဓာတ်ပုံ − စိုင်းဇော်)

ဗီယက်နမ်ဖိတ်ခေါ် ဖလား ၀င်ရောက်ယှဉ်ပြိုင်မည့် မြန်မာယူ-၂၁ အသင်းနှင့် မြန်မာ လိဂ်ညွန့်ပေါင်းအသင်းတို့ပွဲတွင် အကြိတ်အနယ် ရှိသော်လည်း ၁-၁ ဂိုးစီ သရေဖြစ်ခဲ့သည်။

ဒီဇင်ဘာ ၆ ရက်က ရန်ကုန် မြို့သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင်သည့်အဆိုပါပွဲတွင် နှစ်သင်းစလုံး အဓိက ကစားသမားအစုံအလင်ဖြင့် ပွဲထွက်ခဲ့ပြီး အကြိတ်အနယ်ရှိကာ ပွဲကောင်းဖြစ်ခဲ့သည်။ ပထမပိုင်းတွင် မြန်မာလိဂ်ညွန့်ပေါင်း အသင်းက ဘောလုံးပိုင်ဆိုင်မှု အသာစီးရရှိပြီး မြန်မာ ယူ-၂၁ အသင်းကို ဖိအားပေးကာ ပွဲချိန် ၃၂ မိနစ်၌ အီမန်နျူရယ်က မြန်မာလိဂ် ညွန့်ပေါင်းအသင်းအတွက် ဦးဆောင်ဂိုးသွင်းခဲ့သည်။


နောက်ပိုင်း၌ မြန်မာ ယူ-၂၁ အသင်း တိုက်စစ်ကစားပုံ ပြန်လည်ကောင်းမွန်လာပြီး ပွဲချိန် ၃၉ မိနစ်တွင် ဇင်မင်းထွန်းက ချေပဂိုးသွင်းယူသည်။

ဒုတိယပိုင်းတွင် မြန်မာလိဂ် ညွန့်ပေါင်းအသင်းက ပြည်ပတိုက် စစ်မှူးများနေရာတွင် ပြည်တွင်း တိုက်စစ်မှူးများ လူစားလဲခဲ့ပြီးမြန်မာယူ-၂၁ အသင်းကို ပိုမိုဖိအားပေးနိုင်ခဲ့သည်။ ဒုတိယပိုင်းပွဲချိန်တွင် နှစ်သင်းစလုံး အပြန်အလှန်ထိုးဖောက်နိုင်ခဲ့ပြီး ဂိုးသွင်းခွင့်များ ရရှိသော်လည်း တိုက်စစ်မှူးများ အဆုံးသတ်အားနည်း ချက်နှင့် ဂိုးကံခေမှုကြောင့် အနိုင်ဂိုး ထပ်မံမရရှိဘဲ ၁-၁ ဂိုးစီဖြင့် သရေဖြစ်ခဲ့သည်။

ဒီဇင်ဘာ ၄ ရက်က ယှဉ်ပြိုင်သည့် မြန်မာယူ-၂၃ အသင်းနှင့် မြန်မာလိဂ်ညွန့်ပေါင်းအသင်းတို့  ခြေစမ်းပွဲတွင်လည်း ၁-၁ ဂိုးစီသရေကျခဲ့သည်။ မြန်မာလိဂ်ညွန့် ပေါင်းအသင်းကို မြန်မာလိဂ်၌ ခြေစွမ်းပြနေသည့် ပြည်တွင်း၊ ပြည်ပ ကစားသမားများဖြင့် ပေါင်းစပ်ဖွဲ့စည်းထားသည်။

မြန်မာယူ-၂၃ အသင်းနှင့် မြန်မာယူ-၂၁ အသင်းတို့သည် ယခုလအတွင်း ယှဉ်ပြိုင်မည့် နိုင်ငံတကာဖိတ်ခေါ်ပြိုင်ပွဲများ အကြို ပြင်ဆင်မှုအဖြစ် မြန်မာလိဂ်ညွန့် ပေါင်းအသင်းနှင့် ခြေစမ်းခြင်း ဖြစ်သည်။

မြန်မာယူ-၂၃ အသင်းက ထိုင်းဖိတ်ခေါ်ပြိုင်ပွဲနှင့် မြန်မာယူ - ၂၁ အသင်းက ဗီယက်နမ်ဖိတ် ခေါ်ပြိုင်ပွဲသို့ ၀င်ရောက်ယှဉ်ပြိုင် မည်ဖြစ်သည်။

Top News