ဂျေရုဆလင်သည် အစ္စရေးမြို့တော်ဟု ထရမ့်၏ အသိအမှတ်ပြုမှုကို နိုင်ငံတကာ ဝေဖန်မှုများ ထွက်ပေါ်လာ

ဂျေရုဆလင်ကို အစ္စရေးနိုင်ငံ၏ မြို့တော်အဖြစ် အမေရိကန်က အသိအမှတ်ပြုကြောင်း ကြေညာခဲ့သည့်နောက် အငြင်းပွားမှု၊ ဝေဖန်မှုများစွာ ထွက်ပေါ်လာခဲ့သည်။

ဘာသာရေး အထွဋ်အမြတ် နယ်မြေ တစ်ခုဖြစ်သည့် ဂျေရုဆလင်ကို အစ္စရေးက ထိန်းချုပ်ထားသော်လည်း ပါလက်စတိုင်းက ၎င်းတို့၏ မြို့တော်အဖြစ် အခိုင်အမာ အရေးဆိုနေသည်။ အစ္စရေးရော၊ ပါလက်စတိုင်းကပါ ဂျေရုဆလင်ကို မြို့တော်အဖြစ် သတ်မှတ်ရန် အားထုတ်နေကြသော်လည်း နိုင်ငံတကာက နှစ်ဖက်စလုံးကို အသိအမှတ် မပြုဘဲ ရှိနေခဲ့သည်။

သို့သော် အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ကြီးမားသည့် မူဝါဒ အရွှေ့အပြောင်း တစ်ရပ်အဖြစ် ဂျေရုဆလင်ကို အစ္စရေး၏ မြို့တော်ဟု အသိအမှတ်ပြုရန် ဆုံးဖြတ်ကြောင်း ဒီဇင်ဘာ ၆ ရက်တွင် ကြေညာခဲ့သည်။ အစ္စရေးနိုင်ငံ လွတ်လပ်ရေး ရခဲ့သည့် ၁၉၄၈ ခုနှစ်နောက်ပိုင်း ဂျေရုဆလင်ကို ၎င်းတို့ မြို့တော်အဖြစ် အသိအမှတ် ပြုခဲ့သည်မှာ အမေရိကန် ပထမဆုံး ဖြစ်လာသည်။

ထရမ့်က ယခုလို အသိအမှတ်ပြုမှုသည် အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေးကို ဖော်ဆောင်ရန် အားထုတ်မှုတွင် အတန်ငယ် အချိန်နှောင်းနေပြီဟုပင် ဆိုနိုင်သည့် ကိစ္စမျိုးဟု ပြောကြားသွားသည်။ အစ္စရေးက ထရမ့်၏ ကြေညာချက်သည် သမိုင်းဝင် အချိုးအကွေ့ တစ်ခုဟု ညွှန်းဆိုခဲ့သော်လည်း တစ်ချိန်တည်းတွင် နိုင်ငံတကာ ဝေဖန်မှုများနှင့်လည်း ရင်ဆိုင်နေရသည်။

ပါလက်စတိုင်း သမ္မတ မာမွတ် အဘက်စ်က ထရမ့်၏ ဆုံးဖြတ်ချက်သည် တုန်လှုပ် အံ့ဩစရာဖြစ်ကြောင်း ပြောကြားခဲ့ပြီး အမေရိကန်သည် နိုင်ငံတကာ ငြိမ်းချမ်းရေးတွင် ကြားဝင် ဆောင်ရွက်ပေးသည့် ရပ်တည်မှုမျိုး ပျောက်ဆုံးသွားပြီဟု စွပ်စွဲခဲ့သည်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ လက်ရှိ အဖွဲ့ဝင် ၁၅ နိုင်ငံအနက် ၈ နိုင်ငံက အမေရိကန်၏ ဆုံးဖြတ်ချက်နှင့် ပတ်သက်၍ ယခုသီတင်းပတ်ကုန်တွင် အရေးပေါ် အစည်းအဝေး ခေါ်ယူ ဆွေးနွေးပေးရန် တောင်းဆိုထားသည်။ အမေရိကန်၏ ကြားဝင် ထောက်ခံမှုက ဂျေရုဆလင်နှင့် ပတ်သက်၍ နိုင်ငံတကာ အမြင်များကို ကြီးကြီးမားမား ပြောင်းလဲ ရိုက်ခတ်လာစေဖွယ် ရှိနေသည်။

ပါလက်စတိုင်းက ၎င်းတို့ ထူထောင်မည့် အနာဂတ် နိုင်ငံတွင် အရှေ့ဂျေရုဆလင်သည် မြို့တော်သစ် ဖြစ်လာရမည်ဟု ရည်မှန်းထားသည်။ ဂျေရုဆလင်ကို အစ္စရေးက ထိန်းချုပ်ထားသော်လည်း အစ္စရေး၏ အချုပ်အခြာ အာဏာပိုင် ဒေသတစ်ခုဟု နိုင်ငံတကာက ညီညီညွတ်ညွတ် အသိအမှတ် ပြုထားမှု မရှိချေ။ ထို့ကြောင့် တဲလ်အဗစ်ဗ် မြို့ကိုသာ အစ္စရေး၏ မြို့တော်အဖြစ် သတ်မှတ်ပြီး သံရုံးများ ထားရှိကြသည်။

ဂျေရုဆလင်သည် ဂျူး၊ အစ္စလာမ်နှင့် ခရစ်ယာန် ဘာသာရေးအတွက် သမိုင်းဝင် မြင့်မြတ်နယ်မြေများ စုပေါင်းပါဝင်နေသည့် ဒေသ တစ်ခုလည်း ဖြစ်သည်။ အထူးသဖြင့် အရှေ့ ဂျေရုဆလင်သည် ရှေးမြို့တော်ဟောင်း၏ အစိတ်အပိုင်းများ ပါဝင်နေပြီး ၁၉၆၇ ခုနှစ်က ဖြစ်ပွားသည့် ခြောက်ရက်စစ်ပွဲ အပြီးတွင် အစ္စရေးက သိမ်းပိုက်ခဲ့သည်။ သို့သော် နိုင်ငံတကာက အစ္စရေးပိုင် ဒေသဟု အသိအမှတ် ပြုထားခြင်း မရှိသေးချေ။

ထရမ့်က “ဒီနေ့မှာ ကျွန်တော့် ဆုံးဖြတ်ချက်ကို ပြောပါမယ်။ ဂျေရုဆလင်ကို အစ္စရေးရဲ့ မြို့တော်အဖြစ် အသိအမှတ် ပြုလိုက်တာဟာ လက်တွေ့ အရှိတရား တစ်ခုကို အသိအမှတ် ပြုခြင်းပဲ ဖြစ်ပါတယ်။ လိုတိုးပိုလျှော့ ဘာမှ မရှိပါဘူး။ ဒါဟာ မှန်ကန်တဲ့ လုပ်ရပ်ပါပဲ”ဟု ပြောကြားသွားသည်။

အမေရိကန်ရှိ ရီပတ်ဘလစ်ကန် ဂျူးညွန့်ပေါင်းအဖွဲ့က New York Times သတင်းစာတွင် ကြော်ငြာထည့်သွင်းကာ သမ္မတ ထရမ့်၏ ထောက်ခံ ရပ်တည်မှုကို ကျေးဇူးတင်ရှိကြောင်း သဘောထား ထုတ်ပြန်ခဲ့သည်။ ယခုကြေညာချက် အပြီးတွင် အမေရိကန်သည် နှစ်အတန်ကြာ အချိန်ယူပြီးနောက် တဲလ်အဗစ်ဗ်ရှိ သံရုံးကို ဂျေရုဆလင်သို့ ပြောင်းရွှေ့မည် ဖြစ်သည်။

ထရမ့်၏ ဆောင်ရွက်မှုနှင့် ပတ်သက်၍ အမေရိကန်၏ မဟာမိတ် နိုင်ငံကြီးများတွင်ပင် အမြင်မတူဘဲ သဘောထား ကွဲလွဲသည့် အခြေအနေများ ရှိနေသည်။ ဗြိတိန်ဝန်ကြီးချုပ် သီရေဆာမေက အမေရိကန်၏ ဆုံးဖြတ်ချက်သည် အရှေ့အလယ်ပိုင်းဒေသ ငြိမ်းချမ်းရေးကို တည်ဆောက်မည့် အလားအလာကောင်းများအတွက် ကောင်းကျိုး ဖြစ်စေမည် မဟုတ်ဟု မှတ်ချက်ပေးခဲ့သည်။

ပြင်သစ် သမ္မတ အီမန်နျူရယ်လ် မက်ခရွန်ကမူ ပြင်သစ်သည် ထရမ့်၏ သဘောထားကို ထောက်ခံမည် မဟုတ်ဟု ကြေညာခဲ့သော်လည်း ဒေသတွင်းတွင် အစိုးရိမ် ကြီးမှုများ အလွန်အမင်း မဖြစ်စေလိုကြောင်း ပြောဆိုခဲ့သည်။ ဥရောပ သမဂ္ဂ၏ သံတမန်ရေးရာ အကြီးအကဲ ဖက်ဒရေကာ မိုဂါရီနီကမူ ယခုကိစ္စအပေါ် အလေးအနက် စိတ်ပူမိကြောင်း ဝန်ခံသွားသည်။

မွတ်ဆလင် နိုင်ငံများဘက်တွင်မူ ဝေဖန်သံများ ပိုမို ကျယ်လောင် ပြင်းထန်နေခဲ့သည်။ တူရကီ နိုင်ငံခြားရေးဝန်ကြီး မက်ဗ်လတ် ကာဗူဆိုဂလူက အမေရိကန်၏ ကြားဝင်မှုသည် တာဝန်မဲ့လွန်းသည့် လုပ်ရပ်တစ်ခုဟု စွပ်စွဲခဲ့သည်။ ဆော်ဒီအာရေးဘီးယား မီဒီယာများက ဘုရင် ဆယ်လ်မန်သည် ထရမ့်ကို ဖုန်းဖြင့်ဆက်သွယ်ကာ ဆွေးနွေးခဲ့ကြောင်း၊ အစ္စရေး၏ မြို့တော်အဖြစ် ဂျေရုဆလင်ကို အသိအမှတ် ပြုလိုက်ခြင်းသည် မွတ်ဆလင်နိုင်ငံ အားလုံးကို ပြောင်ပြောင်တင်းတင်း လှုံ့ဆော်ရန်စသည့် သဘောမျိုး ဖြစ်သွားစေကြောင်း ပြောကြားခဲ့သည်ဟု ဖော်ပြကြသည်။

အာရပ်အဖွဲ့ချုပ်က ပါလက်စတိုင်းတို့ အဖိနှိပ်ခံဘဝ ရောက်ရှိနေသည့် အခြေအနေကို တစ်ကမ္ဘာလုံး မြင်သာစေခဲ့ကြောင်း ကြေညာခဲ့ပြီး အမေရိကန်သည် ငြိမ်းချမ်းရေးအတွက် ကြားဝင်ဆောင်ရွက်ပေးသည့် စံပြု အင်အားစု တစ်ခုအဖြစ် ဆက်လက် ရပ်တည်မည့် အလားအလာအပေါ် မေးခွန်းထုတ်ခဲ့သည်။

အီရန်ကမူ အမေရိကန်သည် နိုင်ငံတကာ ကျင့်ဝတ်များကို ရှင်းရှင်းလင်းလင်း ချိုးဖောက်ခဲ့ခြင်းဖြစ်ပြီး ဒေသတွင်းတွင် အုံကြွ ဆူပူမှုများ ပေါ်ပေါက်လာနိုင်ကြောင်း ဝေဖန်ခဲ့သည်။ ဂျော်ဒန် ဘုရင် အက်ဘ်ဒူလာကလည်း ထရမ့်သည် နိုင်ငံတကာ စံနှုန်းများကို ချိုးဖောက်သည်ဟု ရှုမြင်ကြောင်း ဆိုသည်။

လက်ဘနွန် သမ္မတ မီချယ်လ် အေယောင်က ယခုကိစ္စကြောင့် အစ္စရေးနှင့် ပါလက်စတိုင်း ငြိမ်းချမ်းရေး ဆွေးနွေးမှု လုပ်ငန်းစဉ်များသည် ဆယ်စုနှစ်များစွာထိ ရပ်ဆိုင်းသွားနိုင်ကြောင်း မှတ်ချက်ပေးခဲ့သည်။ ကာတာ နိုင်ငံခြားရေး ဝန်ကြီးဌာနကမူ ထရမ့်၏ ဆုံးဖြတ်ချက်သည် ဒေသတွင်း ငြိမ်းချမ်းရေးကို ဖော်ထုတ်နေသူ အားလုံး၏ အားထုတ်မှုအတွက် သေဒဏ် စီရင်ချက် ဖြစ်လာကြောင်း သတင်း ထုတ်ပြန်သွားသည်။

Ref: BBC

Top News