လှိုင်သာယာနှင့် ရွှေပြည်သာတွင် ဒုစရိုက်မှုကျူးလွန်သူများကို စီမံချက်ဖြင့်ဖမ်းဆီး

ရန်ကုန်တိုင်း လှိုင်သာ ယာနှင့် ရွှေပြည်သာမြို့နယ်အတွင်း ခိုးမှု၊ လုယက်မှုကျူးလွန်သူများကို စီမံချက်ဖြင့် ဖမ်းဆီးစစ်ဆေးနေပြီး ၁၀ ရက်အတွင်း အမှု ၁၀၀ ခန့်ရှိကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ  ရဲအရာရှိတစ်ဦးက  ပြောသည်။ 

နိုဝင်ဘာ ၂၇ ရက်မှ ဒီဇင်ဘာ၆ ရက်အတွင်း မြို့နယ်နှစ်ခုရှိ ခိုးမှု၊ လုယက်မှုကျူးလွန်သူများ၊ ဆိုးသွမ်းရမ်းကားသူများကို ယာဉ်စစ်ပိတ်ဆို့ရှာဖွေခြင်း၊ နယ်မြေလှည့်ကင်းဖြင့် ဖမ်းဆီးခြင်းများဖြင့် အရေးယူခဲ့သည်။ 

လှိုင်သာယာမြို့နယ်တွင် ၁၉၆၁ ပြစ်မှုကျူးလွန်တတ်သူများ ခြေချုပ်နှင့်ခံဝန်အက်ဥပဒေအရ အရေးယူမှု ၁၆ မှု၊ လက်နက်များ အက်ဥပဒေပုဒ်မအရ လေးမှု၊ ရဲအက်ဥပဒေအရ ၁၃ မှု၊ ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၅၄ အရ ၁၆ မှု၊ တရားခံပြေးနှစ်ဦး၊ စစ်ပြေးလေးဦး၊ ပြည့်တန်ဆာအက်ဥပဒေပုဒ်မဖြင့် အရေးယူမှုသုံးမှု၊ လောင်းကစားဥပဒေနှင့် အရေးယူမှုသုံးမှု၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူမှု တစ်မှုရှိခဲ့ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။ 

ရွှေပြည်သာမြို့နယ်တွင် ၁၉၆၁ ပြစ်မှုကျူးလွန်တတ်သူ များ ခြေချုပ်နှင့်ခံဝန်အက်ဥပဒေ ဖြင့် အရေးယူမှု ၁၂ မှု၊ ရဲအက် ဥပဒေအရ ၁၀ မှု၊ ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၅၄ အရ ၁၄ မှု၊ တရာခံပြေးတစ်ဦး၊ စစ်ပြေးတစ်ဦး၊  လက်နက်များအက်ဥပဒေပုဒ်မဖြင့် အရေးယူမှုလေးမှု၊ လောင်းကစားဥပဒေဖြင့် အရေးယူမှုတစ်မှု၊ ရာဇသတ်ကြီးပုဒ်မ ၃၅၃ အရ အရေးယူမှုတစ်မှုရှိကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။ 

‘‘လှိုင်သာယာက နယ်မြေ ကျယ်တယ်။ ပြီးတော့ ဒီဘက်က နေ ဧရာဝတီတိုင်းအတွင်းမှာရှိတဲ့ ရွာတွေကို သွားလို့ ပုန်းလို့ရတယ်။ လုယက်မှုကတော့ နေ့စဉ်လိုလို ကြားနေရတယ်။ စီမံချက်ကို နေ့ စဉ်လုပ်ပေးရင် ကောင်းပါတယ်’’ ဟု လှိုင်သာယာမြို့နယ်နေ  ကိုထိုက်က ပြောသည်။

Top News