နှစ်ပေါင်းများစွာ ပိတ်ထားသော တက္ကသိုလ်နှင့်ကောလိပ်များ ပြန်လည် ဖွင့်လှစ်ခြင်းနှင့် ပြည်သူ့အသံ

ဆယ်စုနှစ် နှစ်ခုနီးပါးပိတ်ထားခဲ့သော အင်းစိန်ဂျီတီအိုင်ကျောင်းကို ဒီဇင်ဘာ ၁ ရက်က ပြန်လည်ဖွင့်လှစ်ခဲ့သည်။ အဆိုပါ ကျောင်းတွင် ဒီဇင်ဘာ ၄ ရက်က ကျောင်းဆင်းလာစဉ်(ဓာတ်ပုံ−နစ်ကီ)

ဆယ်စုနှစ် နှစ်ခုနီးပါးကြာ ပိတ်ထားခဲ့သော ရန်ကုန်တက္ကသိုလ် လှိုင်နယ်မြေ (RC-2)နှင့် အင်းစိန်ဂျီတီအိုင်ကျောင်းတို့ကို ဒီဇင်ဘာ ၁ ရက်တွင် ပြန်လည်ဖွင့်လှစ်ခဲ့သည်။ ၁၉၈၈ နောက်ပိုင်း တက္ကသိုလ်ကျောင်းများကို မြို့စွန်များသို့ ရွှေ့ပစ်၍ ကျောင်းတက်စေခဲ့ရာမှ ယခုကဲ့သို့ မြို့တွင်းတွင် တက္ကသိုလ်ကျောင်းများ ပြန်လည်ဖွင့်လှစ်ခြင်းက မျိုးဆက်သစ်ကျောင်းသားများအတွက် ပညာရေးကဏ္ဍ၌ အလှည့်အပြောင်းတစ်ခုလည်း ဖြစ်ခဲ့သည်။ ယင်းသို့ ကျောင်းများပြန်လည်ဖွင့်လှစ်ခြင်းနှင့်ပတ်သက်၍ ပြည်သူများ၏အသံကို စုစည်းဖော်ပြလိုက်ပါသည်။

ဒေါက်တာဇော်မျိုးလှိုင် (ကထိက၊ ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်)
အရင်တုန်းက နိုင်ငံရေးရည်ရွယ်ချက်တွေနဲ့ ကျောင်းတွေပိတ်ခဲ့ တဲ့အခါမှာ ကျောင်းသား၊ ကျောင်းသူတွေဟာ နယ်စွန်နယ်ဖျား၊ မြို့လယ်ကနေ မြို့ပြင်အထိ ကျောင်းသွားတက်နေရတယ်။ ဆရာ၊ ဆရာမတွေလည်း အဲဒီလိုသွားတာဝန်ထမ်းဆောင်နေရတယ်။ အဲဒီလို အခြေအနေကနေ အခုလို RC-2 တို့လိုနေရာမျိုးမှာ ပြန်ဖွင့်လာပြီဆိုတော့ ကလေးတွေအတွက်လည်း အဆင်ပြေလာမယ်။ ဥပမာ ကျောင်းသားတွေက တက္ကသိုလ်များစာကြည့်တိုက်ကို သွားချင်တယ်ဆိုပါစို့။ ဒဂုံတက္ကသိုလ်က ကျောင်းသားက ဒီတက္ကသိုလ်များစာကြည့်တိုက်ကို လာဖို့၊ စာတွေလာဖတ်ဖို့ ဘယ်လိုမှအချိန်မရဘူး။ စာအုပ်ငှားချိန်မရဘူး။ အခုလို RC-2 လိုနေရာမျိုးဆို ၁၀ မိနစ်လောက် လမ်းလျှောက်လာလည်းဖြစ်နိုင်တယ်။ ရန်ကုန်တက္ကသိုလ်ဝန်းကျင်ဖြစ်တဲ့အတွက် လှည်းတန်းနဲ့နီးတော့ တခြားသင်တန်းတွေလည်း တက်လို့ရတယ်။ တခြားပညာတွေပါ ဆည်းပူးချိန်တိုးလာမယ်။ RC-3 ဆိုလည်း ရုံးလုပ်လိုက်တယ်။ RC-1 ဆိုလည်း လူနည်းနည်းပဲတက်လို့ရတဲ့ ကျောင်းနဲ့ အပြင်သင်တန်းတွေဖွင့်ပစ်လိုက်တယ်။ တကယ်က အဲဒီနေရာတွေကိုလည်း RC-2 လို ပြန်အသက်သွင်းလို့ရတယ်။ ရန်ကုန်တက္ကသိုလ်ပင်မဆိုရင်လည်း အပြင်ဘက်ကို Portrait ချဲ့လို့မရပေမယ့် အထပ်မြင့်အဆောက်အအုံကြီးတွေ ဆောက်ပစ်လိုက်လို့ရတယ်။ သမိုင်းအမွေအနှစ်နေရာတွေချန် ပြီး ကျန်တဲ့နေရာလွတ်တွေမှာ အထပ်မြင့်အဆောက်အအုံတွေ ဆောက် ပြီး ကျောင်းသားတွေ အများကြီးလက်ခံလို့ရတယ်။ ဒါဆိုရင် ကျောင်း သား၊ ကျောင်းသူတွေ အနာဂတ်အတွက် အချိန်ပိုတွေ ထွက်လာမယ်။ သက်သက်သာသာနဲ့ ပညာသင်ယူနိုင်မယ်။ အဓိကက အရင်တုန်းက နိုင်ငံ့ ခေါင်းဆောင်တွေ (ဒါမှမဟုတ်) အာဏာရှင်အစိုးရကို တော်လှန်ခဲ့တဲ့ ကျောင်းသားခေါင်းဆောင်တွေ ထွက်ပေါ်လာတယ်ဆိုတာက မတရားတဲ့ အာဏာရှင်ကို တော်လှန်တာကိုး။ မတရားတဲ့ အာဏာရှင်ကတော့ သူတို့ကို တော်လှန်ပုန်ကန်မယ့်သူတွေ မွေးထုတ်ရမှာ၊ ပေါ်ထွက်လာမှာ ကြောက်တယ်။ အဲဒီတော့ ခွဲထုတ်ပစ်တယ်။ အခုလက်ရှိ အစိုးရသည် ပြည်သူကရွေးချယ်တဲ့ အစိုးရ၊ ပြည်သူ့အသံကို နားထောင်တဲ့အစိုးရဖြစ် တဲ့အတွက် ကျောင်းထဲကနေ နိုင်ငံကို အကျိုးပြုမယ့် ခေါင်းဆောင်တွေ ထွက်လာမှာမို့ သူတို့က ပိုတောင်ကြိုဆိုလိမ့်မယ်လို့ ဆရာယုံကြည်တယ်။

မစန္ဒာလင်း (အင်န်ဂျီအိုဝန်ထမ်း၊ ဒဂုံတက္ကသိုလ်ကျောင်းသူဟောင်း)
တက္ကသိုလ်တွေက မြို့ထဲနဲ့ အလှမ်းဝေးတဲ့နေရာမှာရှိတာဟာ ကျောင်းသား၊ ကျောင်းသူတွေအတွက် အချိန်ပိုကုန်စေတယ်။ ကားပိတ် တာ၊ လမ်းကျပ်တာနဲ့ ကျောင်းရောက်ဖို့ အချိန်ယူရတာမျိုးတွေက တချို့ သော ကျောင်းသား၊ ကျောင်းသူတွေအနေနဲ့ လူပင်ပန်းပြီး စာလေ့လာ တဲ့နေရာမှာ အာရုံစိုက်နိုင်မှုတွေလည်း လျော့ကြတယ်လေ။ မြို့လယ်မှာ အထင်ကရရှိခဲ့တဲ့ ကျောင်းတွေမှာ အခုလို ပြန်လည်ဖွင့်လှစ်တက်ရောက် ခွင့် ပေးတာကိုတော့ ဝမ်းသာပါတယ်။ ကျောင်းသား၊ ကျောင်းသူတွေ နိုင်ငံရေးအပေါ် စိတ်ဝင်စားမှုက တက်ရောက်နေတဲ့ ကျောင်းအပေါ် မူမတည်ဘဲ မိမိတစ်ဦးတစ်ယောက်ချင်းစီရဲ့ခံယူချက်၊ စိတ်ပါဝင်စားမှုအရ ဆောင်ရွက်ကြတာမို့ အခုကျောင်းတွေ ပြန်ဖွင့်ခြင်း၊မဖွင့်ခြင်းနဲ့တော့ အများကြီးသက်ရောက်မှုရှိမယ်လို့တော့ မထင်ပါဘူး။

မောင်သာချို  (စာရေးဆရာ)
တို့ငယ်ငယ်တုန်းက GTI။ အဲဒီတုန်းက အဲဒီကျောင်းက တက်ဖို့ခက်တယ်။ ၁၀ တန်းအောင်ဖို့ကလည်း တအားခက်တယ်။ လူတစ်ရာမှာ ရှစ်ယောက်လောက်ပဲအောင်တယ်။ တချို့ဒေသတွေမှာ ငါးယောက်၊ ခြောက်ယောက်လောက်ပဲအောင်တယ်။ အဲဒီကျောင်းက ဝင်ခွင့်ဖြေရသေးတယ်။ အခု ပြန်ဖွင့်တော့ ဝမ်းသာတယ်။ လူငယ်တွေက နည်းပညာကို စိတ်ဝင်စားတယ်။ မြန်မာနိုင်ငံမှာ စက်မှုလက်မှု ဖွံ့ဖြိုးတိုးတက်ဖို့ အရမ်းလိုအပ်တယ်။ တက္ကသိုလ်တွေမှာ နိုင်ငံရေးလှုပ်ရှားမှုမရှိလာစေဖို့ထိန်းချုပ်ခဲ့တာကြောင့်နိုင်ငံရေးမျိုးဆက်တွေ ပျက်သွားတယ်။ ဝေးလံတဲ့ မြို့စွန်တွေမှာ သွားရောက် ကျောင်းတက်ရောက်ရတဲ့တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူတွေအတွက် ပညာသင်တာကို လွယ်အောင်လုပ်ပေးသင့်တယ်။အရင်အစိုးရကတော့ ကျောင်းတွေကို အဝေးကြီးပို့ပစ်တယ်။ အခုအစိုးရလက်ထက်မှာ နီးနီးနားနားမှာ စာသင်လို့ရအောင် ဖန်တီးပေးမှ တိုင်းပြည်တိုးတက်မှာပါ။

ဦးဂျင်မီ (၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)
RC-2 ဆိုတာ ကျွန်တော်တို့ရဲ့ တက္ကသိုလ်ကျောင်းသားဘဝ ဖြတ် သန်းခဲ့ရတဲ့နေရာတွေပဲ။ အရင်ကလို တက္ကသိုလ်ကျောင်းသားဘဝကို အခုလူငယ်တွေရဖို့လိုတယ်။ ပညာရေးကို အောင်မြင်ချင်ရင် ဒီလိုတက္ကသိုလ်ကျောင်းသားဘဝ အပြည့်ရမှအောင်မြင်မှာ။ ဒီထက်မက ကျောင်းကြီးတွေ၊ တက္ကသိုလ်ကြီးတွေ ပြန်ဖွင့်နိုင်ဖို့လည်း မျှော်လင့်ထားပါတယ်။ အရင်က သမိုင်းအဆက်ဆက်မှာ တက္ကသိုလ်တွေကနေစခဲ့တဲ့ ကျောင်းသားလှုပ်ရှားမှုတွေက နိုင်ငံရေးအတွက်လည်း အကျိုးအမြတ်တွေရခဲ့တယ်။ ပုံစံတော့ မတူဘူး။ အရင်တုန်းကတော့ရန်ကုန်တက္ကသိုလ်ပင်မတို့၊ RC-2 တို့ဆိုတာကတော့ တကယ့်ကို အပြောင်းအလဲမှာ အင်အားတွေ စုစည်းထားတဲ့ နေရာတွေပေါ့။ နောက်ပိုင်း စစ်အစိုးရလက်ထက်မှာတော့ အဲဒါတွေကို ဖြိုခွင်းလိုက်တာပဲ။ ကျောင်းသားတွေကို မြို့စွန်တွေပို့ပြီး Divide (ခွဲထုတ်) လုပ်လိုက်ပြီး အင်အားတွေ စုမပေးထားချင်လို့ တစ်နေရာစီ ပို့လိုက်တဲ့သဘောပေါ့။ အင်အားစုထားတယ်ဆိုတာကောင်းတဲ့ကိစ္စပဲ။ ကောင်းတဲ့နေရာမှာ သုံးမယ်ဆိုရင် အကျိုးရှိတာပေါ့။ ဒီလိုဖြိုခွဲလိုက်တယ်၊ ဖြန့်ထုတ်လိုက်တယ်ဆိုတာက သူတို့ရဲ့ မမှန်ကန်တဲ့ စိုးရိမ်မှုပေါ့။ မှန်ကန်မှုလိုလားတဲ့ အစိုးရကတော့ ဒါတွေကို ဘယ်တော့မှခွဲထုတ်ထားမှာမဟုတ်ဘူး။ ပိုပြီးတော့ စုထားမှာ။ ဒါတွေက အင်အားဖြစ်တာကိုး။ နောက်ကျောင်းသားသမဂ္ဂတွေအားကောင်းလာပြီး နိုင်ငံရဲ့တစ်ထောင့်တစ်နေရာမှာ ပါဝင်ထမ်းဆောင်နိုင်တဲ့ အလေ့အကျင့်တွေ ကျောင်းထဲမှာ တစ်ခါတည်းရခဲ့ပြီးသားဖြစ်မယ်။ မြို့ပြင်ကို သွားနေရတဲ့ကျောင်းသားတွေ ဒီမြို့ထဲမှာ ကျောင်းတွေပြန်တက်ခွင့်ရဖို့ကတော့ ဒါတွေဖြစ်လာဖို့က ကျွန်တော့်အနေနဲ့ မျှော်လင့်ထားပြီးသားပါ။ အဓိကက တိုင်းပြည်မှာပိုက်ဆံရှိဖို့ပဲ။ တစ်ချိန်ချိန်မှာ ဖြစ်လာမယ်လို့ မျှော်လင့်ပါတယ်။

ကိုမျိုးအောင်ကျော် (ရွှေပြည်သာ၊ ကွန်ပျူတာတက္ကသိုလ်ကျောင်းသားဟောင်း)
မြို့ထဲမှာ ကျောင်းတွေပြန်ဖွင့်တဲ့အတွက် အခုတက်ရမယ့် ကျောင်း သားတွေကိုယ်စား အရမ်းဝမ်းသာမိပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့တုန်းက မြို့ပြင်ကို တစ်နာရီကျော်လောက် သွားမှ ကျောင်း ရောက်တယ်။ အပြန်လည်း အဲဒီလိုပဲ။ အချိန်တွေကုန်၊ လူလည်းပင်ပန်း တယ်။ အခုကျတော့ အဝေးကြီး သိပ်သွားစရာမလိုဘူး။ အချိန်ကုန်သက် သာတယ်။ ပညာရေးဘက် ပိုအာရုံစိုက်နိုင်လာမယ်လို့ ထင်ပါတယ်။ ကျောင်းတွေပြန်ဖွင့်ပေးတဲ့ အစိုးရရဲ့ အစီအမံကို သဘောကျပါတယ်။ ဝေးလံတဲ့မြို့စွန်တွေမှာ ကျောင်းသွားတက်ရတဲ့သူတွေအတွက် သယ်ယူပို့ဆောင်ရေးက ပြဿနာတစ်ခုပါ။ နောက်တစ်ခုက မျက်ကွယ်ဖြစ်နေ တာပေါ့။ ဆရာတွေ၊ ဆရာမတွေက ကျောင်းနဲ့ပတ်ဝန်းကျင်တစ်ဝိုက်မှာ ကျောင်းသားတွေကို လိုက်လံထိန်းသိမ်းနိုင်ပေမယ့် နေရာတိုင်း ကိုတော့ လိုက်ကြည့်နိုင်မှာမဟုတ်ဘူးလေ။ အဲဒီတော့ မဖြစ်သင့်တာတွေ ဖြစ်ဖို့ ရာခိုင်နှုန်းများတာပေါ့။ အဲဒါတွေကို စနစ်တကျ ကြီးကြပ်ပေးနိုင်ရင် တော်တော်ကောင်းသွားမှာပါ။

ဆိုဖီယာစိုး (ကျောင်းသူဟောင်း၊ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်-တာဝ)
ကျွန်မဆိုရင် ဘွဲ့နှစ်ခုယူထားတဲ့အတွက် တာဝမှာလည်းတက် ဖူးတယ်။ ဒဂုံတက္ကသိုလ်မှာလည်းတက်ဖူးတယ်။ ဒါပေမဲ့ ရန်ကုန် တက္ကသိုလ်ထဲမှာ တက်ရတယ်ဆိုတဲ့ အရသာကတော့ ဘယ်အရာနဲ့မှ မတူဘူး။ ဒါကြောင့်မို့ အခုလိုမျိုး ကျောင်းတွေပြီးသွားတဲ့အချိန်မှာ တောင်မှပဲ ရန်ကုန်တက္ကသိုလ်ထဲမှာရှိတဲ့ ဒီပလိုမာတန်းတွေကို ထပ်ပြီး တော့ လာတက်တယ်။ တက္ကသိုလ်ဆိုတာတော့ ဘယ်နေရာမှာပဲဖွင့်ဖွင့် ကျောင်းသူ၊ ကျောင်းသားရှိတဲ့နေရာက ကောင်းတာပေါ့။ ဒါပေမဲ့ ပတ် ဝန်းကျင်အခြေခံကောင်းဆိုတာ ရှိဖို့လိုတယ်။ ဥပမာ ဝေးလံတဲ့နေရာမှာ ဖွင့်ထားတယ်။ ဒါဆိုရင် နောက်ဆက်တွဲ ပြဿနာတွေက ပိုဝေးတဲ့နေရာမှာ ကလေးတွေက ဘာဖြစ်နေမယ်ဆိုတာမျိုးကို မိဘတွေ လွယ်လွယ်ကူကူမသိနိုင်ဘူး။ ရန်ကုန်တက္ကသိုလ်မှာက ဘာနဲ့မှမတူဘူး။ အလိုလိုနေရင်းနဲ့ကို စိတ်ကကြည်နူးနေတာ။ ပြီးတော့ အဆောင်နေခွင့်ရတယ်။ အခုလိုမျိုး ရန်ကုန်တက္ကသိုလ်ပြန်ဖွင့်တာက အစိုးရရဲ့ အစီအမံကောင်းပါ။ ဒါပေမဲ့ ရေရှည်မှာ ဒီထက်ပိုပြီး ကောင်းစေချင်တယ်။ ကျွန်မ တို့နိုင်ငံမှာက ပညာရေးမှာပဲဖြစ်ဖြစ်၊ ဘာပဲဖြစ်ဖြစ် ရေတိုအစီအစဉ် တွေများတယ်။ အခုလုပ် အခုပျောက်သွားတာမျိုး၊ ဥပမာ အဆောင်သစ်ကြီးပေါ်မှာနေရတယ်။ ပြီးသွားရင် ဒီအဆောင်ကြီးက ညစ်ပတ်သွားတာမျိုးတော့ မဖြစ်စေချင် ဘူး။ ပြီးတော့ ဘယ်တက္ကသိုလ်မှာပဲတက်တက် ကျောင်းသူ၊ ကျောင်းသားတွေ လက်တွေ့ဘဝမှာ အသုံးချနိုင်တဲ့ ပညာရေးမျိုးကို သင်ကြားပေးစေချင်တယ်။

ကိုစိုးထွန်း (၈၈ မျိုးဆက်၊ ရန်ကုန်တက္ကသိုလ်ကျောင်းသားဟောင်း)
မြို့တွင်းမှာဖွင့်တာ သွားရ၊ လာရအဆင်ပြေတဲ့နေရာတွေမှာ ပြန် ဖွင့်တာက ကောင်းတာပေါ့။ ကြိုဆိုပါတယ်။ ပညာရှာတာ ကျောင်းမှာ ချည်းပဲရှာနေလို့ မရဘူးလေ။ ကျောင်းသားတွေအနေနဲ့ ကျောင်းချိန် ပြင်ပမှာ တခြားပညာရပ်တွေ၊ သင်တန်းတွေ ထပ်တက်လေ့လာလို့ရ မယ့်အချိန်တွေ ပိုထွက်လာမယ်။ နယ်စွန်နယ်ဖျား အဝေးကြီးတွေမှာ ဖွင့်ထားတဲ့ကျောင်းတွေကို ပြန်ပိတ်ပြီးတော့ မြို့ကြီးတွေမှာ ပြန်ဖွင့်သင့် တာပေါ့။ ယဉ်ကျေးမှုမတူ၊ တိုင်းရင်းသားမတူ၊ ကိုးကွယ်ရာ ယုံကြည်ရာ ဘာသာတွေမတူတဲ့သူတွေဟာ တက္ကသိုလ်တစ်ခုတည်းမှာ၊ တက္ကသိုလ်အဆောင်တစ်ခုတည်းမှာ အတူနေခွင့်ရမယ်ဆိုရင် နားလည်မှုတွေ တည်ဆောက်နိုင်မယ်။ မတူကွဲ ပြားမှုတွေကို လက်ခံနိုင်မယ်။ တက္ကသိုလ်ကနေ၊ တက္ကသိုလ်အဆောင်တွေကနေ အမျိုးသားပြန်လည်သင့်မြတ်ရေးကို တည်ဆောက်နိုင်မယ်။ တိုင်းရင်းသားအချင်းချင်း ရင်းနှီးချစ်ကြည်မှုကို ဒီကနေပြန်ပြီး တည်ဆောက်နိုင်မယ်။ မန္တလေးကလူက ရန်ကုန်လာတက်လို့မရ၊ ရှမ်းပြည်ကလူက ရန်ကုန်လာတက်လို့မရတာတော့ မဖြစ်သင့်ဘူး။ အခုလို တိုင်းပြည်ရဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ငြိမ်းချမ်းရေးတည်ဆောက်နေတဲ့အချိန်မှာ တက္ကသိုလ်တွေမှာ တိုင်းရင်းသားပေါင်းစုံရှိဖို့ အတူတကွ နေထိုင်ခွင့်ရဖို့လိုတယ်။

ဦးမြင့်ဆန်း (မြန်မာအစိမ်းရောင်ကွန်ရက်)
အင်းစိန်ဂျီတီအိုင်၊ လှိုင်နယ်မြေတက္ကသိုလ်တွေ ဖွင့်တာကို ကြိုက်ပါတယ်။ ကြိုဆိုပါတယ်။ တက္ကသိုလ်ဆိုတာ ဟိုးဝေးလံခေါင်ဖျား ရွာစွန်၊ မြို့စွန်တွေမှာ မရှိသင့်ပါဘူး။ မြို့လယ်ကောင်မှာပဲရှိသင့်တယ်။ အခု ကျောင်းသားတွေ တွေ့ရတာလည်း ဝမ်းသာတယ်။ ဒီနှစ်ဆိုရင် အိမ်က သမီးက ၁၀ တန်းအောင်တော့ အနောက်ပိုင်းတက္ကသိုလ်မှာ သွားအပ်ရတယ်။ သိပ်ဝေးတယ်။ အခု ကျောင်းသားဘဝက ဒါလားလို့ မေးခွန်းထုတ်စရာပေါ်လာပါတယ်။ ဒါကတော့ ပညာရေးစနစ်ရဲ့ အခြေ အနေကြောင့် ဒီကျောင်းမှာလည်းထားရမယ်။ စနစ်တိုးတက်လာမှုရှိရင် ဒီထက်ကောင်းတဲ့ ကျောင်းကြီးတွေ ပိုကောင်းတဲ့နေရာတွေ ပြောင်းရွှေ့ ရမှာပေါ့နော်။ အဲဒီအတွက်ပဲ မျှော်လင့်တယ်။ ရန်ကုန်တက္ကသိုလ်ကြီး၊ လှိုင်တက္ကသိုလ်ကြီး ပြန်လည်ရှင်သန်လာတာကို ဝမ်းသာတယ်။ ကြည့်မြင်တိုင်ကိုလည်း ဒီလိုမျိုးဖွင့်ပေးစေချင်ပါတယ်။ ပြီးရင် ကျောင်းသားသမဂ္ဂတွေ၊ ကျောင်းသားသမဂ္ဂအဆောက်အအုံတွေလည်း ရှိစေချင်ပါ တယ်။ ဒါတွေ ပြန်လည်ရှင်သန်စေဖို့လည်း ကျွန်တော်ထောက်ခံပါတယ်။

ဒေါက်တာစိုင်းခိုင်မျိုးထွန်း (ကထိက၊ နိုင်ငံတကာဆက်ဆံရေးပညာဌာန၊ ရန်ကုန်တက္ကသိုလ်)
နဂိုကတည်းက သမိုင်းအစဉ်အလာရှိခဲ့တဲ့ကျောင်းတွေ ပြန်ဖွင့်တာ အလွန်ကောင်းတဲ့ကိစ္စပါပဲ။ RC-2 ဆိုတာကလည်း အရင်ကတည်းက ရန်ကုန်တက္ကသိုလ်က ကျောင်းသားတွေ တက်ခဲ့တဲ့နေရာပဲ။ အခု ရန်ကုန်တက္ကသိုလ်မှာ ကျောင်းဆောင်မလုံလောက်မှုလည်း ဖြစ်နေတော့ ဒီ RC-2 နေရာကို ပြန်ဖွင့်တာ အရမ်းကောင်းတယ်။ နိုင်ငံရေး အခင်းအကျင်းကတော့ အရင်ခေတ်နဲ့ကွာလိမ့်မယ်။ အရင်တုန်းကတော့ ဖိနှိပ်မှုတွေရှိခဲ့တော့ နိုင်ငံရေးလှုပ်ရှားမှုက ကျောင်းသားတွေကြားမှာ အမြဲရှိခဲ့တယ်။ အခုကျတော့ နိုင်ငံရေးလှုပ်ရှားမှုပုံစံက ပြောင်းလာပြီ။ အရင်ကထက် ပွင့်လင်းမှုတော်တော်လေးရှိလာပြီ။ အရင်တုန်းကလိုကျောင်းထဲက နိုင်ငံရေးလှုပ်ရှားမှု ကြီးကြီးမားမားတော့ လောလောဆယ်မရှိနိုင်ဘူး။ ဒါပေမဲ့ နိုင်ငံရေးမျိုးဆက်ကျောင်းသားတွေ ပေါ်ထွက်လာဖို့အတွက်တော့ လမ်းပွင့်တဲ့သဘောပေါ့။ ကျောင်းကြီးပြန်ဖွင့်လိုက်တာက Hardware ပိုင်း တိုးလာတာပေါ့။ ကျောင်းသားကောင်းတွေ၊ မျိုးဆက်ကောင်းတွေ တိုးလာဖို့ ကျောင်းသားတွေရဲ့ အရည်အချင်းတိုးလာဖို့၊ နည်းပညာတွေ၊ ပံ့ပိုးမှုတွေလို့ဆိုရမယ့် Software ပိုင်းတွေ တိုးလာဖို့လည်းလိုတယ်။

ဦးကျော်ဝေဖြိုး (လက်ထောကထိက၊ မြန်မာစာဌာန၊ ရန်ကုန်တက္ကသိုလ်)
တက္ကသိုလ်တွေပြန်ဖွင့်တာ၊ ပညာရပ်ဝန်းကျင်တွေ တိုးလာတာဟာ လူငယ်တွေအတွက် အများကြီး အကျိုးရှိတာမို့ ကြိုဆိုရမှာပါ။ ဒီထက် ကောင်းတဲ့ သင်ကြားသင်ယူမှုစနစ်တွေ၊ သင်ထောက်ကူတွေကိုလည်း ဖြည့်ဆည်းဖို့တော့လိုဦးမှာပါ။ ပညာရပ်ဝန်းကျင်တွေ ဖွံ့ဖြိုးလာမယ်။ တက္ကသိုလ်ဘဝကို အပြည့်အဝခံစားခွင့်ရှိလာမယ်။ နိုင်ငံရေးအပိုင်းဆို ရင်တော့ နိုင်ငံရေးပညာကို ဒီတက္ကသိုလ်ကြီးတွေမှာ တရားဝင်စနစ်တကျ သင်ကြားခွင့်ရလာမယ်။ ဘာသာရပ်ပေါင်းစုံကို ထဲထဲဝင်ဝင် လေ့လာလို့ ရမယ့် မဟာဌာနကြီးတွေခွဲတဲ့စနစ် ပေါ်လာရင်တော့ ပိုကောင်းလာမှာပါ။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရှိပြီး ကျောင်းသားတွေရဲ့ ဝါသနာနဲ့ အရည်အချင်းအလျောက် မည်သူ့ကိုမဆို လျှောက်ထားခွင့်ပေးတော့မှာမို့ ပိုပြီး ကောင်းလာဖို့ရှိပါတယ်။ နိုင်ငံရေးလှုပ်ရှားမှုနဲ့ ကျောင်းသားခွဲမရတဲ့ အစဉ်အလာကတော့ ကမ္ဘာမှာလည်း ဆက်ရှိနေဦးမှာပါ။ ဒီမှာလည်း ဆက်ရှိနေမှာပါပဲ။အဓိကက ကျောင်းသားတွေ နိုင်ငံရေးလုပ်တာဟာ ကြောက်စရာမဟုတ်ဘူး။ သူတို့က တစ်ချိန်မှာနိုင်ငံကို လက်လွှဲပြောင်းရမယ့် အနာဂတ်တွေဖြစ်တယ်ဆိုတဲ့အမြင် အာဏာပိုင်တွေမှာ ရှိဖို့ပဲလိုတာပါ။ ရန်ကုန်တက္ကသိုလ်ဖွံ့ဖြိုးရေးကိုပဲ လုပ်မှာလား၊ တခြားတက္ကသိုလ်တွေကိုကော လုပ်မပေးတော့ဘူးလားဆိုတာ အမြဲတမ်းမေးနေကြတဲ့ မေးခွန်းပါ။ တကယ်တမ်း ပြဿနာအစစ်က တက္ကသိုလ်တွေဟာ အစိုးရရဲ့ စီမံခန့်ခွဲမှုအောက်မှာ ရောက်နေလို့ဖြစ်နေတာပါ။ တက္ကသိုလ်အသီးသီးကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေး လွတ်လပ်စွာယှဉ်ပြိုင်ခွင့်ပေးလိုက်ရင် တက္ကသိုလ်တွေရဲ့ အားသာချက်၊အားနည်းချက်တွေ ပေါ်လာမှာပါ။

ဦးသန်းအေး (မိဘတစ်ဦး)
ပြန်ဖွင့်လိုက်တာ အရမ်းကောင်းတယ်ခင်ဗျ။ အရင်အစိုးရလက် ထက်က သက်သက် နိုင်ငံရေးနဲ့လုပ်ချလိုက်တာလေ။ အဲဒီအချိန်ကစပြီး တော့ ကလေးတွေက မြို့ပြင်ရောက်ကုန်တယ်။ အရမ်းဆိုးတယ်။ အချိန် ကုန်တယ်။ ငွေကုန်တယ်။ လူပင်ပန်းတယ်။ စိတ်ပျော်ရွှင်မှုမရှိဘူး။ မြို့ ထဲမှာဆို ကားက နာရီဝက်လောက်ပဲစီးရမှာ။ အခု မြို့ပြင်မှာ အသွားက နှစ်နာရီ၊ အပြန်က နှစ်နာရီနဲ့ ကားပေါ်မှာတင် လေးနာရီလောက်ကြာ တယ်။ အခုလို တိုးတက်နေတဲ့ခေတ်ကြီးမှာ အချိန်က တစ်မိနစ်လည်း အဖိုးတန်တယ်လေ။ အဲဒီလေးနာရီလောက် ကားပေါ်မှာအချိန်ကုန်မယ့် အစား အတတ်ပညာ တစ်ခုခုကို သင်ယူရရင် ဘယ်လောက်ကောင်း မလဲ။ အခု ကျွန်တော်က မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ကိုယ်စားလှယ်လုပ် ငန်းဌာနက ကြီးကြပ်ရေးမှူး(နေ့စား)ဗျာ။ ကလေးကို တက္ကသိုလ်တက်ဖို့ နေ့တိုင်း မြို့ပြင်ကို ပို့နေရတယ်။ ကားသုံးလေးဆင့်စီးရတယ်။ ကားခနဲ့တင် ပိုက်ဆံလည်းအရမ်းကုန်တယ်။ ကားကလည်း ကျပ်တယ်။ လူပင်ပန်းတယ်။ လူပင်ပန်းတော့ ပညာကို ဘယ်လိုသင်မလဲ။ စိတ်ပျော်ရွှင်မှ ပညာကောင်းကောင်း သင်ချင်မှာပေါ့။ အဲဒါကြောင့် တက္ကသိုလ်ကျောင်း ပညာရေးကို ဟိုအရင်ကအတိုင်းပဲ သင်သင့်တယ်။ နောက်ပြီး အမှတ်များတဲ့ ကလေးတွေကိုတော့ မြို့ထဲမှာ တက်ခွင့်ရပြီး အမှတ်နည်းတဲ့ ကလေးတွေက မြို့ပြင်မှာ တက်ရတာ မကောင်းဘူး။ သူတို့ ခွဲခြားဆက် ဆံခံရတယ်လို့ ခံစားမိသွားရင်လည်း မကောင်းဘူး။ ကျွန်တော့်အထင် အခု မြို့ထဲမှာ ကလေးတွေအတွက် ကျောင်းတက်ဖို့နေရာ လုံလောက်မယ်ထင်တာပဲ။ မလုံလောက်ရင်လည်း ဆောက်ပေးပေါ့ဗျာ။ အရင်တုန်း ကတောင် မြို့ပြင်ကို ချက်ချင်းရွှေ့လိုက်တာပဲ။

မအေးအေးမွန် (ဒဂုံတက္ကသိုလ် ကျောင်းသူဟောင်း)
ကျောင်းတွေကို မြို့တွင်းမှာပြန်ဖွင့်ပေးတာကောင်းပါတယ်။ တက္ကသိုလ်ကျောင်းသူဘဝကို ကောင်းကောင်းမွန်မွန် မခံစားခဲ့ရတာ ကြောင့် ကျောင်းပြန်တက်ချင်စိတ်တောင်ဖြစ်မိတယ်။ အရင်က အချိန် ကာလတွေနဲ့ လက်ရှိက ကွာဟနေတာတွေ အများကြီးပါ။ နယ်ကသူတွေ အတွက် အဆောင်စီစဉ်ပေးတာကိုလည်း တွေ့ရတယ်။ ဒီလိုလုပ်ပေး တာဟာ မိဘတွေအတွက် ကိုယ့်သားသမီးကို စိတ်ပူပန်မှုလျော့စေမယ် လို့ထင်ပါတယ်။ တခြားတက္ကသိုလ်တွေကိုလည်း မြို့ပြင်မှာမဟုတ်ဘဲ အနီးအနားမှာ ပြန်ဖွင့်မယ်ဆို ပိုကောင်းမယ်လို့ထင်ပါတယ်။ စာသင်ကြားမှုတွေကိုတော့ ဒီထက်ပိုပြီး အဆင့်မီတဲ့ ပညာရေးပုံစံဖြစ်လာဖို့ မျှော်လင့်ပါတယ်။

More in Interview Section