ပြည်သူက ရွေးမယ့် ပြည်ထဲရေး

မဲဆန္ဒရှင် ပြည်သူလူထုက မဲရုံသို့ သွားရန် စိတ်ဝင်စားမှု လျော့နည်းလာခြင်းသည် ဒီမိုကရေစီစနစ် ဆိတ်သုဉ်းရန်တစ်စတစ်စ နီးကပ်လာခြင်းဖြစ်ကြောင်း ရှေးနိုင်ငံရေး သုခမိန်များက မိန့်ဆိုခဲ့သည်။

ဤနေရာတွင် ပြည်သူလူထု က အဘယ်ကြောင့် မဲပေးရန် စိတ်ဝင်စားမှုလျော့နည်းလာသနည်း ဟူသော မေးခွန်းကို မေးရန်ရှိမည် ဟု ထင်သည်။ ဒီမိုကရေစီစနစ် နုနယ်သော နိုင်ငံများတွင် ဖြစ်လေ့ဖြစ်ထရှိသည့်အတိုင်း မဲဆန္ဒရှင်ပြည်သူများသည် ရွေးကောက်ပွဲစနစ်ကို အယုံအကြည်မရှိသည့် အခါတွင်ဖြစ်စေ၊ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ များ မဟုတ်၍ဖြစ်စေ၊ မိမိတို့ရွေးချယ်ပေးခဲ့သော ပုဂ္ဂိုလ်များသည် မျှော်လင့်သလောက် ပြည်သူ့အ ကျိုးမဆောင်ရွက်နိုင်သည့်အခါ ဖြစ်စေ ပြည်သူလူထုသည် မဲရုံသို့ သွားရန် စိတ်အားထက်သန်မှု နည်းလာတတ်သည်ကို တွေ့ရ သည်။

မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ပါတီခေတ်တွင် ပါတီ၏ဦးဆောင် မှုဖြင့် ပြည်သူ့ကောင်စီအဆင့်ဆင့် ရွေးကောက်ပွဲများကို ကျင်းပခဲ့ သည်။ ပြည်သူ့ကောင်စီဆိုသည် မှာ နိုင်ငံတော်ကောင်စီမှ တိုင်း နှင့် ပြည်နယ်ကောင်စီ၊ မြို့နယ် ကောင်စီ၊ ရပ်ကွက်နှင့် ကျေးရွာ အုပ်စုကောင်စီအထိ အာဏာအ ဆင့်ဆင့် ခွဲဝေအုပ်ချုပ်သွားခြင်း ဖြစ်၏။ နိုင်ငံတော်ကောင်စီဝင် များ၊ တိုင်းနှင့်ပြည်နယ်၊ မြို့နယ် နှင့် ရပ်ကျေးကောင်စီဝင်များကို ပြည်သူလူထုက ရွေးချယ်ခွင့်ရ သည်။ သို့သော်လည်း မည်သူမဆိုပါဝင်ယှဉ်ပြိုင်ခွင့်မရှိ။ ပါတီက ရွေးချယ်သဘောထားပေးသူများ သာ ဝင်ရောက်ရွေးချယ်ခွင့်ရှိ သည်။ ယှဉ်ပြိုင်မှုသဘောမပါ။ ဦးဖြူကို ရပ်ကျေးကောင်စီအ တွက် ပါတီက သဘောထားပေး လျှင် ဦးဖြူကိုသာ မဲပေးရသည်။ ဦးဖြူကို ကြိုက်လျှင် အဖြူပုံးထဲ သို့ထည့်၊ မကြိုက်လျှင် အမည်းပုံးထဲသို့ ထည့်ရုံသာ။ ဦးဖြူထောက်ခံမဲအရနည်းပြီး ရှုံးလျှင် ထွက်၊ နောက်ထပ် ဦးနီဆိုသောသူကို ပါတီက သဘောထားပေးပြီး မဲပုံး ထောင်ပြန်သည်။ မိမိတို့လူတွေ ကို မနိုင်မချင်း ပြိုင်ခိုင်းနေခြင်း ဖြစ်၍ မဲပေးရသည့်အနှစ်သာရက သိပ်မရှိတော့။

ထိုအထဲတွင် ရွေးကောက်ပွဲ ကော်မရှင်က မဲခိုးလိုက်သေး သည်။ ရပ်ကျေးပြည်သူ့ကောင်စီ ရွေးကောက်ပွဲတစ်ခုတွင် မဲရုံမှူး များနှင့် ကော်မရှင်က မဲရေတွက် ရာ ဦးဖြူသည် ထောက်ခံမဲအား လုံးရရှိပြီး ကန့်ကွက်မဲတစ်မဲမှ မရရှိကြောင်း ထုတ်ပြန်ကြေညာ လိုက်သည်။ ဤတွင် ရပ်ကွက်အ တွင်းရှိ မဲပေးသူတစ်ဦးက ကော်မ ရှင်သို့ လာရောက်ကန့်ကွက်တော့ သည်။ မဲပေးသူက ‘‘ဘာကြောင့် ကန့်ကွက်မဲမရှိရတာလဲ’’ဟု ကော်မရှင်ကို မေးသည်။ ကော်မရှင်က ‘‘မရှိလို့ မရှိတာပေါ့’’ ဟု ဖြေသည်။ မဲပေးသူက ‘‘ကျုပ်ကိုယ် တိုင် အမည်းပုံးထဲထည့်ခဲ့ရဲ့သားနဲ့ ဘာလို့ မရှိရတာလဲ’’မေးတော့ ကော်မရှင်အဖွဲ့ဝင်တွေ ပါးစပ် အဟောင်းသားဖြစ်ရတော့သည်။ သို့သော်လည်း တစ်ပါတီအာဏာ ရှင်ခေတ်ဖြစ်နေ၍ ကန့်ကွက်မှုမှာ အထမမြောက်ခဲ့။ ရွေးကောက်ပွဲ အပေါ် မဲပေးသူ၏ယုံကြည်မှုက တော့ ကျဆင်းသွားခဲ့သည်။ ပြည်သူ့ကောင်စီအဆင့်ဆင့်တွင် လည်း ပြည်သူလူထုထောက်ခံမှု မရှိသူတွေ ပါဝင်လာသည်။  

ယခုလည်း ရပ်ကွက်(သို့မ ဟုတ်)ကျေးရွာအုပ်စုအုပ်ချုပ်ရေး ဆိုင်ရာဥပဒေ(ပ၊ ဒု၊ တ အကြိမ် ပြင်ဆင်ပြီး) အရ ရပ်ကျေးအုပ် ချုပ်ရေးမှူးများ ပြန်လည်ရွေးချယ် ရန် နိုင်ငံတော်သမ္မတက ညွှန် ကြားခဲ့သည်။ ထို့ကြောင့်လည်း ရပ်ကွက်နှင့် ကျေးရွာအုပ်စုများ တွင် ရွေးကောက်ပွဲအတွက် ကြီး ကြပ်ရေးမှူးများ ရွေးချယ်ခြင်း၊ ကြီးကြပ်ရေးမှူးများက ဆယ်အိမ်စုမှူး၊ ရာအိမ်စုမှူးများရွေးချယ် ခြင်းကို ပြုလုပ်နေကြသည်။

၂၀၁၆ တွင် ပြည်ထောင်စု လွှတ်တော်က တတိယအကြိမ်ပြင်ဆင်လိုက်သော ရပ်ကျေးအုပ် ချုပ်ရေးဆိုင်ရာ ဥပဒေအရ အိမ် ထောင်စုတစ်စုတွင် အသက်(၁၈) နှစ်ပြည့်ပြီးသူတစ်ဦး မဲပေးခွင့်ရရှိ လာပြီး စနစ်တကျရွေးချယ်ထား သည့် ဆယ်အိမ်မှူး၊ ရာအိမ်မှူး များလည်း ရှိလာမည်ဖြစ်သည်။ ကြီးကြပ်ရေးအဖွဲ့ကို ယခင်က ရပ်မိရပ်ဖဟု သုံးနှုန်းခဲ့သော် လည်း ယခုအခါ ကြီးကြပ်ရေးအဖွဲ့ သည် ရွေးကောက်ပွဲ ကျင်းပပြီး သည်အထိသာ တည်ရှိမည်ဖြစ် သည်။ အုပ်ချုပ်ရေးမှူး အရွေး ချယ်ခံသူ၏ အရည်အချင်းကို သတ်မှတ်ရာတွင်လည်း ပညာအ ရည်အချင်းနှင့် စားဝတ်နေရေး ဖူလုံပြည့်စုံမှု ကန့်သတ်ချက်များ ကို ပယ်ဖျက်ပစ်လိုက်သည်။ ရပ်ကွက်(သို့မဟုတ်)ကျေး ရွာအုပ်စု အုပ်ချုပ်ရေးမှူးရွေး ကောက်ပွဲနည်းဥပဒေပါ လုပ်ငန်း စဉ်အဆင့်ဆင့်မှာ လွှတ်တော်ရွေး ကောက်ပွဲလုပ်ငန်းစဉ်ထက်ပင် ပို၍ ဆယ်လီစိတ်သလို ရှိနေသည် ကို တွေ့ရသည်။ ရွေးကောက်ပွဲ ကြီးကြပ်ရေးအဖွဲ့ဝင်ငါးဦးကိုပင် ပြည်သူလူထုက မဲပေးရွေးချယ်ရ ပြီး ဆယ်အိမ်မှူးတစ်ကြိမ်၊ ရာ အိမ်မှူးတစ်ကြိမ်၊ အုပ်ချုပ်ရေး မှူးတစ်ကြိမ် စုစုပေါင်း ပြည်သူ လူထုက လေးကြိမ် မဲပေးပြီးခါမှ အုပ်ချုပ်ရေးမှူးတစ်ဦးရရှိမည် ဖြစ်သည်။

အုပ်ချုပ်ရေးမှူးတစ်ဦးဖြစ် ရန်မှာလည်း အနည်းဆုံး မိမိနှင့် အနီးကပ်ဆုံးနေထိုင်သည့် ဆယ် အိမ်က ထောက်ခံရန်လိုအပ်သ လို ဆယ်အိမ်စုမှူးဆယ်ဦးက ထောက်ခံသည့် ရာအိမ်မှူးဖြစ်ရန် လည်း လိုအပ်သည်။ ရာအိမ်မှူး မဖြစ်ဘဲနဲ့ အုပ်ချုပ်ရေးမှူးဝင်အ ရွေးခံ၍မရ။ ဆယ်အိမ်မှူးနှင့် ရာ အိမ်မှူးများမှာလည်း ပြည်သူက တရားဝင်ရွေးချယ်ထားသူများ ဖြစ်၍ ရွေးချယ်ခံရသည့် အုပ်ချုပ် ရေးမှူးကလည်း မိမိသဘောဖြင့် ၎င်းတို့၏တာဝန်ကိုဝင်ရောက်ရပ် စဲပိုင်ခွင့်မရှိတော့ပါ။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပ ဒေအရ နိုင်ငံတော်၏အာဏာပိုင် အကြီးအကဲမှာ နိုင်ငံတော်သမ္မတ ဖြစ်ပြီး ၎င်းမှတစ်ဆင့် တိုင်းဒေသ ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ထိုမှ ခရိုင်၊ မြို့နယ်နှင့် ရပ်ကျေး အုပ်ချုပ်ရေးမှူးများဆီ အာဏာ အဆင့်ဆင့် ခွဲဝေအုပ်ချုပ်ခြင်းဖြစ် သည်။ နိုင်ငံတော်သမ္မတကို ပြည် ထောင်စုလွှတ်တော်က ရွေးချယ် တင်မြှောက်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များကို နိုင်ငံ တော်သမ္မတက ခန့်အပ်သည်။ ခရိုင်နှင့် မြို့နယ်အုပ်ချုပ်ရေးမှူး များကို ပြည်ထဲရေးဝန်ကြီးဌာနက တိုက်ရိုက်ခန့်အပ်ပြီး အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၏ဝန်ထမ်း များဖြစ်ကြသည်။ ယခုရွေးချယ် မည့် ရပ်ကျေးအုပ်ချုပ်ရေးမှူးများ သည်လည်း အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန၏ ဝန်ထမ်းဖြစ်ကြ မည်ဖြစ်သော်လည်း နိုင်ငံ၏အုပ် ချုပ်ရေးယန္တရားတစ်ခုလုံး၌ ပြည် သူလူထုက တိုက်ရိုက်ရွေးချယ်နိုင် မည်မှာ ရပ်ကျေးအုပ်ချုပ်ရေးမှူး များသာ ဖြစ်သဖြင့် ပြည်သူက ရွေးမယ့် ပြည်ထဲရေးဟုဆိုချင်သည်။

ယခင် ရပ်ကျေးအုပ်ချုပ်ရေး မှူးဥပဒေအရ အုပ်ချုပ်ရေးမှူး ရွေးချယ်ရာတွင် ဆယ်အိမ်စုမှူး များကသာ မဲပေးရွေးချယ်ရသဖြင့် အုပ်စုဖွဲ့ ရွေးချယ်ခြင်းများရှိခဲ့ပြီး စစ်အစိုးရလက်ထက်က ရယက ဥက္ကဋ္ဌများကသာ အုပ်ချုပ်ရေးမှူး အဖြစ် ပြန်လည်အရွေးချယ်ခံရ ခြင်းများရှိခဲ့သည်။ ထို့အပြင် အုပ်ချုပ်ရေးမှူးက ရာအိမ်မှူးများကို မိမိသဘောဖြင့် ခန့်အပ်သဖြင့် လာဘ်ပေးလာဘ်ယူမှုနှင့် အဂတိလိုက်စားမှုများကို ဖြစ်ပေါ်စေခဲ့ သည်။

ရပ်ကျေး အုပ်ချုပ်ရေးမှူး များကို ပြည်သူလူထုက တိုက် ရိုက်မဲပေးခွင့်ရခြင်းမှာ ပထမဆုံး အကြိမ်ဖြစ်သဖြင့် ထိုအခွင့်အရေး ကို လက်လွှတ်မခံသင့်ပါ။ ရွေး ကောက်ပွဲကို စိတ်မဝင်စား၍ မဲရုံ သို့ မသွားလျှင် သင်၏အနီးကပ် ဆုံး ရန်သူက သင့်နောက်ကျော သို့ ရောက်လာပါလိမ့်မည်။ ရပ် ကျေးအုပ်ချုပ်ရေးမှူးကောင်းများ သည် သင့်ရပ်ကွက်နှင့် သင့်အ သက်အိုးအိမ်စည်းစိမ်ကို အနီး ကပ်ဆုံးအကာအကွယ်ပေးပြီး အုပ်ချုပ်ရေးမှူးဆိုးများကတော့ သင်နှင့် သင့်မိသားစုတို့၏အနီး ကပ်ဆုံး အန္တရာယ်များဖြစ်ကြပါ လိမ့်မည်။ ပြည်ထဲရေးကို ပြည်သူ   က ရွေးချယ်နိုင်သည်မှာ ရပ်ကျေး အုပ်ချုပ်ရေးမှူးများသာ ဖြစ်သ ဖြင့် မဲပေးဖို့ ကြိုးစားကြပါရန် တိုက်တွန်းအပ်ပါသည်။   ။

(ဖော်ပြပါ ဆောင်းပါးသည် စာရေးသူ၏ အာဘော်သာဖြစ်ပါသည်)