နိုင်ပွဲအတွက် အသင်းသားများကို ဘာစီလိုနာနည်းပြချီးကျူး

၁၀ ဦးကျန် ဗီလာရီး ရဲလ်ကို ဆွာရက်ဇ်နှင့် မက်ဆီတို့ ၏ သွင်းဂိုးများဖြင့် အနိုင်ယူပြီး နောက် ဘာစီလိုနာနည်းပြ ဗယ်လ်ဗာဒီက ပြိုင်ဘက်အသင်း ကစားသမား၏ အနီကတ်ပြစ်ဒဏ်သည် တရားမျှတကြောင်းနှင့် ယင်းအခြေအနေကို အသုံးချနိုင်ခဲ့၍ အသင်းသားများကို ချီးကျူး ကြောင်းပြောသည်။


ဗီလာရီးရဲလ်မှ ရာဘာဆီဒါ မိနစ် ၆၀ တွင် တိုက်ရိုက်အနီကတ် ဖြင့် ထုတ်ပယ်မခံရမီ ဘာစီလိုနာသည် ဂိုးမသွင်းနိုင်သော်လည်း လက်ကျန်မိနစ် ၂၀ ကျော်အ တွင်း လိုအပ်နေသော အနိုင်ဂိုး များ သွင်းယူနိုင်ခဲ့သည်။

‘‘ကျွန်တော်တို့ ကောင်း ကောင်းကစားနိုင်ခဲ့ပြီး ပွဲချိန်တော်တော်များများကို ကစားနိုင်ခဲ့တယ်။ ဒါပေမဲ့ တိုက်ရိုက်အနီ ကတ်က အရာရာကို ပြောင်းလဲစေခဲ့ပါတယ်။ ဘေးကနေ မြင်ရတာတော့ ဒါက အနီကတ်မဟုတ်ပါ ဘူး’’ဟု ဗီလာရီးရဲလ်နည်းပြ ဂျာဗီ ကယ်လီဂျာကပြောသည်။

သို့သော်ဘာစီလိုနာနည်းပြ ဗယ်လ်ဗာဒီကမူ ဘက်စ်ကွတ်ဇ် နှင့် ဘောလုံးယှဉ်လုစဉ် ကစားပုံ ကြမ်းသဖြင့် ပြသခံရသော အနီ ကတ်သည် မျှတကြောင်းနှင့် ယင်းကို အသုံးချနိုင်ခဲ့၍ အသင်းသားများကို ချီးကျူးသည်။

‘‘ကျွန်တော့်အဖို့တော့ ဒါဟာတော်တော် ပြင်းထန်ပုံပေါ်ပါ တယ်။ ဒါဟာ အလွန်အကျွံဖြစ်တဲ့ ဘောလုံးဖျက်ထုတ်မှုကို ရာဘာ အနေနဲ့ သဘောပေါက်မယ်လို့ ကျွန်တော်ထင်ပါတယ်။ သူ့ဖျက်ထုတ်မှုကို ရာဘာဟာ တုန်လှုပ်ခဲ့ပြီး စောဒကမတက်ခဲ့ပါဘူး’’ဟု ဗယ်လ်ဗာဒီကပြောသည်။

ဘာကာအတွက် အဖွင့်ဂိုး ကို တိုက်စစ်မှူးသုံးဦးဖြစ်သော မက်ဆီ-အယ်လ်ကာဆာ-ဆွာ ရက်စ် တွဲလုံးမှ ၇၂ မိနစ်တွင် ဆွာ ရက်ဇ်က ဂိုးသမားကိုပါ လိမ်၍ သွင်းယူခဲ့သည်။ အနိုင်သေချာ စေမည့် ဒုတိယဂိုးကို ဗီလာရီးရဲလ်နောက်တန်း လူပေးမှားမှုကို အခွင့်ကောင်းယူ၍ မက်ဆီက ၈၃ မိနစ် တွင် သွင်းယူခဲ့သည်။

မက်ဆီ၏ အဆိုပါသွင်းဂိုး သည် ဘာကာအတွက် ပြိုင်ပွဲစုံတွင် ၆၀၅ ပွဲ ကစားပြီး ၅၂၅ ဂိုးမြောက်ဖြစ်ပြီး ဂျာမနီနှင့် ဘိုင်ယန်ဂန္ထဝင်ဂတ်မူလာ၏ ဥရောပအဆင့်မြင့်လိဂ်ငါးခုစာရင်းတွင် တစ်သင်းတည်းအတွက် သွင်းယူသောဂိုးအများဆုံးစံချိန်ကို လိုက်မီခဲ့ သည်။ ထို့ကြောင့် မက်ဆီမီရန် ကျန်သော ဂိုးသွင်းစံချိန်ရှင်နှစ်ဦး သာကျန်တော့သည်။ ကလပ် တစ်သင်းတည်းအတွက် ဂိုးအ များဆုံးကမ္ဘာ့စံချိန်ရှင်နှစ်ဦးဖြစ် သော ဂျိုဆက်ဖ်ဘီကန်၏ ၅၃၄ ဂိုးနှင့် ပီလီ၏ ၆၄၃ ဂိုးတို့ဖြစ်သည်။

နည်းပြဆီမြွန်နီ၏ အက်သ လက်တီကိုမက်ဒရစ်က နီဂွတ်ဇ်၏အစောပိုင်းက သွင်းယူသည့် တစ်လုံးတည်းသော ဂိုးဖြင့် ရီးရဲလ် ဘက်တစ်ကို အနိုင်ရခဲ့သည်။

‘‘ဒီနေ့မှာ ကျွန်တော်တို့ အခွင့်အရေးနည်းနည်းပဲရခဲ့ပါတယ်။ ကစားပုံကောင်းပြီး ရလဒ်က ကောင်းမွန်ပါတယ်’’ဟု ဆီမြွန်နီ က ပြောသည်။

—Ref:Reuters/AFP