ဆီးရီးယားမှ ရုရှားတပ်ဖွဲ့ဝင်အချို့ ပြန်လည် ရုပ်သိမ်းရန် ပူတင် အမိန့်ပေး

ဆီးရီးယားရှိ ရုရှားတပ်ဖွဲ့ဝင် အချို့ကို စတင် ရုပ်သိမ်း ခေါ်ယူနေပြီဖြစ်ကြောင်း ရုရှား ကာကွယ်ရေးဝန်ကြီး ဆာဂျီ ရှိုင်ဂူက ပြောကြားခဲ့သည်။

ရုရှားသမ္မတ ဗလာဒီမာ ပူတင်သည် ဒီဇင်ဘာ ၁၁ ရက်က ကြိုတင် သတင်းထုတ်ပြန် ကြေညာမှု မရှိဘဲ ဆီးရီးယားသို့ ရောက်ရှိလာခဲ့သည်။ အဆိုပါ ခရီးစဉ်တွင် ပူတင်က ရုရှားတပ်ဖွဲ့ဝင်အချို့ကို ဆီးရီးယားမှ ပြန်လည် ခေါ်ယူရန် အတည်ပြု အမိန့်ပေးသွားခဲ့သည်။

ဆီးရီးယား ပြည်တွင်းစစ်တွင် သမ္မတ ဘာရှာအယ်လ် အာဆတ်ဘက်မှ ရုရှား၏ ပါဝင် ကူညီ စွက်ဖက်မှုက စစ်ပွဲ၏ လားရာအတွက် အကြီးအကျယ် ပြောင်းလဲသွားစေခဲ့သည်။ ရုရှား၏ အကူအညီနှင့်အတူ အာဆတ်ကို သစ္စာခံသော အစိုးရ စစ်တပ်များ၏ အခြေအနေ ရုတ်ချည်း ပြန်လည် ကောင်းမွန်လာခဲ့သည်။

ပူတင်သည် စစ်တပ်များ ရုပ်သိမ်းမည့် အစီအစဉ်ကို ပြီးခဲ့သည့်နှစ်ကလည်း ကြေညာဖူးသည့်တိုင် ဆီးရီးယားတွင် ရုရှား၏ စစ်ဆင်ရေးများ ရှေ့ဆက် ဆောင်ရွက်နေခဲ့သည်။ ရုရှားတပ်ဖွဲ့များအားလုံး ဆီးရီးယားမှ ရုပ်သိမ်းမည့် အခြေအနေကို မေးမြန်းရာတွင်မူ ကာကွယ်ရေးဝန်ကြီး ရှိုင်ဂူက ယင်းကိစ္စသည် မြေပြင် အနေအထားပေါ် မူတည်ပြီး ဆုံးဖြတ်ရန်လိုကြောင်း ဖြေကြားခဲ့သည်။

ပူတင်သည် ဆီးရီးယားသို့ ရောက်ရှိချိန်၌ လာတာကီရာမြို့ရှိ ရုရှား၏ မိုင်မင်လေတပ်စခန်းတွင် ဆီးရီးယားသမ္မတ အာဆတ်နှင့် တွေ့ဆုံခဲ့သည်။ ပူတင်က “သူတို့ အမြဲတမ်း တပ်စွဲထားတဲ့ စခန်းတွေကနေ ရုရှားစစ်သားတချို့ကို ပြန်ရုပ်သိမ်းဖို့ ကာကွယ်ရေး ဝန်ကြီးဌာနကို အမိန့်ပေးထားပြီးပါပြီ။ ဒါဟာ ဆီးရီးယားမှာ စစ်မှုထမ်းနေတဲ့ ရုရှားတပ်ဖွဲ့ဝင်တွေ နေရပ်ပြန်နိုင်ရေး အစီအမံအတွက် အရေးပါတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်လာပါလိမ့်မယ်”ဟု ပြောကြားခဲ့သည်။

ပူတင်သည် ဆီးရီးယားသို့ ရောက်ရှိနေချိန်၌ ရုရှားသည် အိုင်အက်စ် စစ်သွေးကြွများအပေါ် တိုက်ပွဲဆင်နွှဲပြီး အောင်မြင်မှု ရရှိခဲ့သည်ဟုလည်း ကြေညာခဲ့သည်။ ၎င်းအနေဖြင့် လာမည့်နှစ် ရွေးကောက်ပွဲတွင် သမ္မတ နေရာအတွက် ဆက်လက် ယှဉ်ပြိုင်သွားမည်ဟု ပူတင်က အတည်ပြုထားပြီးနောက် ဆီးရီးယားသို့ ရုတ်တရက် သွားရောက်ကာ ယခုလို အောင်ပွဲသတင်း ကြေညာခဲ့ခြင်းက တိုက်ဆိုင်မှုထက် ပိုနိုင်ကြောင်း လေ့လာသူများက သုံးသပ်ကြသည်။

ရုရှားတွင် ပူတင်၏ နိုင်ငံခြားရေး မူဝါဒကို လူကြိုက်များနေပြီး ဆီးရီးယား ပြည်တွင်းစစ်၌ ပါဝင်တိုက်ခိုက်ကာ အောင်မြင်မှုများ တည်ဆောက်နိုင်ခဲ့ခြင်းက ၎င်း၏ နိုင်ငံရေး သိက္ခာကို ပိုမို မြင့်တက်လာစေကြောင်း သိရှိရသည်။

Ref: BBC