ထိုင်းရောက် မြန်မာလုပ်သားများအရေး ကူညီပေးနေသော AAC အဖွဲ့ကို ထိုင်းအာဏာပိုင်များစစ်ဆေး

ခြိမ်းခြောက်ဖိအားပေးမှုများကြောင့် AAC အဖွဲ့ ရပ်နားရဟုဆို
ဒီဇင်ဘာ၁၂ရက်က AAC ဂေဟာကို ထိုင်းအာဏာပိုင်များက ၀င်ရောက်စစ်ဆေးနေစဉ် (ဓာတ်ပုံ−AAC)

 ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားများ၏ အခက် အခဲ ပြဿနာများကို ကူညီဖြေရှင်းပေးနေသော AAC မဟာမိတ်အဖွဲ့သည် အသက်အန္တရာယ် ခြိမ်းခြောက်ခံရမှုများနှင့် ထိုင်းရဲတပ် ဖွဲ့၏ ဖိအားပေးမှုများကြောင့် အဖွဲ့လှုပ်ရှားမှုများ ရပ်နားခဲ့ ကြောင်း ယင်းအဖွဲ့ တာဝန်ရှိသူ ကိုရဲမင်းက ပြောသည်။

အလုပ်သမား ကူညီမှုများ ကို ရင်နာနာဖြင့် ရပ်နားခဲ့ပြီး AAC အဖွဲ့ကို ပျက်စီးစေလိုသူများ က ၎င်းတို့ကို ဂုဏ်သိက္ခာကျ အရှက်ရရန် အကွက်ချ လုပ် ဆောင်မှုများအပြင် အဖွဲ့ဝင်များ ၏  အသက်အန္တရာယ်ကိုပါ ရန်ရှာခြိမ်းခြောက်လာသောကြောင့် အဖွဲ့လှုပ်ရှားမှုများကို  အချိန် အကန့်အသတ်မရှိရပ်နားကြောင်းယင်းအဖွဲ့က ဒီဇင်ဘာ ၁၁ ရက် တွင် ကြေညာသည်။

‘‘ကျွန်တော်တို့အဖွဲ့ လုပ်လို့ မရအောင် အဖွဲ့မျိုးစုံက ဖိအား ပေးတယ်။ မြန်မာပြည်က အေ ဂျင်စီတွေကလည်း ဖိအားပေး တယ်။ နောက်ပြီး ထိုင်းပွဲစားတွေ ရော၊ မြန်မာပွဲစားတွေကရောဖိအားပေး ရန်ရှာလာတာရှိနေ တယ်။ ထိုင်းရဲတွေကလည်း မှတ် ပုံတင်မရှိဘဲ အဖွဲ့အစည်းလုပ်လို့ မရဘူးဆိုပြီး ဖိအားပေးခံနေရတာ တွေရှိတယ်။ အခုနောက်ပိုင်းမှာ အသက်အန္တရာယ်ပါ ရန်ရှာတဲ့ အထိ ဖြစ်လာလို့ ရပ်နားလိုက်ရ တာ’’ဟု AAC မဟာမိတ်အဖွဲ့ ဦးဆောင်တည်ထောင်သူ ကိုရဲ မင်းက ပြောသည်။

ထို့အပြင် မြန်မာအလုပ် သမားဝန်ကြီးဌာနက ၎င်းတို့အဖွဲ့ အပေါ် ထောက်ခံအားပေးရပ် တည်မှုမရှိကြောင်း ကိုရဲမင်းက ဆက်လက်ပြောသည်။

ယမန်နေ့ညနေတွင် ထိုင်း စစ်တပ်နှင့် ရဲတပ်ဖွဲ့တို့က AAC ဂေဟာသို့ လာရောက်စစ်ဆေးပြီး ကနဦး အလုပ်သမားများကို စစ် ဆေးနေကြောင်း ကိုရဲမင်းက ပြောသည်။

‘‘အဖွဲ့စုံပဲ။ စစ်တပ်ရော၊ ရဲတွေရောပါတယ်။ ဂေဟာမှာရှိ နေတဲ့ အလုပ်သမားတွေကိုလည်း သံရုံးက ကားနဲ့လာခေါ်နေတယ်။ လက်ရှိအချိန်မှာတော့ ဘာမှပြော လို့မရသေးဘူး’’ဟု ကိုရဲမင်းက ဒီဇင်ဘာ ၁၂ ရက်ညနေတွင် ပြောသည်။

‘‘AAC ဟာ အချိန်တိုအတွင်း မှာ အလုပ်သမားအကျိုးကို စွမ်း စွမ်းတမံ လုပ်ကိုင်နိုင်ခဲ့တယ်။ အလုပ်သမားတွေ အားကိုးရာဖြစ် ခဲ့တယ်။ ဖျက်သိမ်းခံရတဲ့အတွက် လူပွဲစားတွေ၊ အကျင့်ပျက်အာဏာ ပိုင်တွေ ဝမ်းသာပါမယ်။ အဓိက မှတ်ချက်ပေးချင်တာကတော့ ထိုင်းမှာ မှန်မှန်ကန်ကန် ရေရှည် ရပ်တည်ဖို့ ခက်ပါတယ်’’ဟု ထိုင်း ရောက် မြန်မာ လုပ်သားများ အရေး ကူညီပေးနေသော ထိုင်း နိုင်ငံရောက် မြန်မာနိုင်ငံသားများ အဖွဲ့ MAT ဒါရိုက်တာ ဦးကျော် သောင်းက ပြောသည်။

AAC အဖွဲ့သည် ၂၀၁၄ က စတင်တည်ထောင်ခဲ့ပြီး ထိုင်းနိုင် ငံ မဟာချိုင်မြို့တွင် အခြေစိုက် ထားသည်။ AAC အဖွဲ့သည် ထိုင်းရောက် မြန်မာလုပ်သားများ အလုပ်သမားအခွင့်အရေးများ ချိုးဖောက်ခံရမှု၊ လူကုန်ကူးခံရမှု၊ လုပ်ခလစာ ခေါင်းပုံဖြတ်ခံရမှုနှင့် သတ်ဖြတ်ခံရမှု စသည်တို့ကို လိုက်လံကူညီဆောင်ရွက်ပေးနေ သော အဖွဲ့ဖြစ်သည်။

လက်ရှိတွင် ထိုင်းရောက် မြန်မာလုပ်သားများ၏ ပြဿနာ များ တစ်နေ့လျှင် အနည်းဆုံး သုံးမှု ဖြေရှင်းပေးနေရကြောင်း ကိုရဲမင်းက ပြောသည်။

ထိုင်းနိုင်ငံတွင် လာရောက် အလုပ်လုပ်ကိုင်နေသော မြန်မာ လုပ်သားများအနက် အလုပ် ထုတ်ပယ်ခံရသူများ၊ အလုပ်မရရှိ သောသူများနှင့် နေထိုင်ရန် အခက်အခဲရှိနေသော မြန်မာလုပ် သားအချို့ နေထိုင်စားသောက် ရန် AAC မဟာမိတ်အဖွဲ့က မဟာချိုင်မြို့တွင် နိုဝင်ဘာ ၂၆ ရက်က ဂေဟာတစ်ခု ဖွင့်လှစ်ခဲ့ သည်။

လက်ရှိတွင် ယင်းဂေဟာ၌ အလုပ်မရရှိသော မြန်မာလုပ် သား ၁၅၀ ခန့် ကိုလက်ခံထား ကြောင်း ကိုရဲမင်းက ပြောသည်။

‘‘AAC က ကိုရဲမင်းတို့ဆို ဒီမှာရှိတဲ့ မြန်မာလုပ်သားတွေ အရေး အကုန်လိုက်ရှင်းပေးတာ။ အဓိကက မဟာချိုင်နဲ့ ဘန် ကောက်မှာ လုပ်နေကြတဲ့ အလုပ် သမားတွေအတွက် တကယ့် အား ကိုးရာပဲ။ ထိုင်းမှာက မြန်မာအဖွဲ့ တွေကိုက အချင်းချင်း မညီကြ ဘူး။ မတည့်ကြဘူး။ သံရုံးနဲ့လည်း မတည့်ကြဘူး။ ဒီလိုဖြစ်သွားတာ စိတ်မကောင်းဘူး။ ထိုင်းရဲတွေ အကြိုက်ပဲ’’ဟု မဟာချိုင်မြို့တွင် အလုပ်လုပ်ကိုင်နေသူ မြန်မာလုပ် သား ကိုမြတ်သူက ပြောကြားသည်။

 

More in News Section