ကာမိုင်းမြို့အနီး မိုင်းနှစ်လုံးပေါက်ကွဲ

 မြစ်ကြီးနားနှင့် ဖား ကန့်လမ်းပိုင်းရှိ ကာမိုင်းမြို့အနီး တွင် မိုင်းနှစ်လုံး ပေါက်ကွဲပြီး အရပ်သားတစ်ဦး ဒဏ်ရာရကာ ယာဉ်နှစ်စီး ပျက်စီးခဲ့ကြောင်း ကချင်ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဇော်ခင်အောင်က ပြောကြား သည်။

ကာမိုင်းမြို့အနီး အွမ်က ထောင်ကျေးရွာအနီးတွင် ဒီဇင် ဘာ ၁၂ ရက် မွန်းလွဲ ၁ နာရီခန့်က မိုင်းနှစ်လုံး ပေါက်ကွဲခဲ့သည်။


‘‘အဲဒီနားကို တပ်ယာဉ်တန်း ဖြတ်ခါနီးမှာ ဆွဲမိုင်းနှစ်လုံးပေါက်ကွဲတယ်လို့ သိရတယ်။ အရပ်သားကို ထိသွားတယ်။ ပရာဒိုတစ်စီးနဲ့ ဆယ်ဘီးကားတစ်စီး ထိတယ်’’ဟု ရဲမှူးကြီးဇော်ခင်အောင် ကပြောသည်။

ဒဏ်ရာရ အရပ်သားသည် ပေါက်ကွဲမှုဖြစ်ပွားသည့်နေရာနှင့် မလှမ်းမကမ်းတွင် တောင်ယာ စိုက်ပျိုးနေသူ အသက်(၅၀)ကျော် အရွယ် အမျိုးသားဖြစ်ပြီး နား၌ ထိခိုက်မှု အနည်းငယ်ရခဲ့သည်။ တပ်မတော်နှင့် ကေအိုင်အေ တိုက်ပွဲဖြစ်ပွားသော ကချင်ပြည် မြို့နယ်အချို့တွင် မိုင်းပေါက်ကွဲမှု မကြာခဏ ဖြစ်ပွားလေ့ရှိပြီး ဒေသခံအရပ်သားများ ထိခိုက်မှု ရှိခဲ့သည်။