ဦးပိုင်နှင့် ဝမ်ပေါင်ကုမ္ပဏီကို အရေးယူပေးရန် တိုင်စာ လက်မခံသည့် တရုတ်သံရုံးနှင့် ဆက်ဆံရေးရုံးကို ဆန္ဒပြမည်ဟုဆို

တရုတ်သံရုံးတာဝန်ရှိသူများထံ စာပေးရန်လာသူများနှင့် ရဲတပ်ဖွဲ့တာဝန်ရှိသူများ ညှိနှိုင်းပြောဆိုနေစဉ် (ဓာတ်ပုံ − နစ်ကီ)

လက်ပံတောင်းတောင် စီမံကိန်းနှင့် ပတ်သက် ၍ စုံစမ်းစစ်ဆေးရေးကော်မတီ အစီရင်ခံစာအတိုင်း လုပ်ဆောင်ခြင်းမရှိသည့် ဦးပိုင်နှင့် ဝမ်ပေါင်ကုမ္ပဏီ ကို အရေးယူပေးရန် တိုင်ကြားစာကို တရုတ်သံရုံး တာဝန်ခံကိုယ်တိုင်လက်ခံခြင်းမရှိသောကြောင့် ဆန္ဒထုတ်ဖော်မည်ဟု လက်ပံတောင်းတောင် အကျိုးစီးပွား ကာကွယ်ရေးကော်မတီက ပြောကြားသည်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကြောင့် နစ်နာဆုံး ရှုံးခဲ့သည့် ဒေသခံတောင်သူများ ကို မြေယာလျော်ကြေး၊ သီးနှံ လျော်ကြေးများ ပေးအပ်ရမည် ဟု စုံစမ်းစစ်ဆေးရေး ကော်မတီ က အစီရင်ခံစာရေးသားထားပြီး ယင်းအစီရင်ခံစာအတိုင်း လုပ် ဆောင်မည်ဟု ဦးပိုင်နှင့် ဝမ်ပေါင် ကုမ္ပဏီတို့ ကတိပြုခဲ့သည်။

သို့သော် လက်ရှိအချိန်အ ထိ သိမ်းယူခဲ့သည့် မြေယာဧက အချို့အတွက်သာ လျော်ကြေးပေးထားပြီး မြေဧကများစွာ လျော်ကြေးပေးရန် ကျန်ရှိနေသေးကြောင်း ကော်မတီက ဆိုသည်။

 ထို့ကြောင့် ဦးပိုင်နှင့် ဝမ် ပေါင်ကုမ္ပဏီတို့ကို အရေးယူပေး ရန် အဆိုပါတိုင်စာကို ဒီဇင်ဘာ ၁၃ ရက်တွင် နေပြည်တော်ရှိ တရုတ်ဆက်ဆံရေးရုံးသို့ သွား ရောက်ပေးအပ်ခဲ့ပြီး ၁၄ ရက်တွင်  ရန်ကုန်ရှိ တရုတ်သံရုံးသို့သွား ရောက်ပေးအပ်ခဲ့သည်။ သို့သော် တာဝန်ခံများက တိုက်ရိုက်လက် ခံခြင်းမရှိသဖြင့် တိုင်စာမပေးဘဲ ပြန်ယူလာခဲ့ကြောင်း လက်ပံ တောင်းတောင် အကျိုးစီးပွားကာ ကွယ်ရေး ကော်မတီမှ ဒေါ်နော် အုန်းလှက ပြောသည်။

‘‘ဒေသခံတွေ နစ်နာဆုံးရှုံး တာကို သံရုံးကတစ်ဆင့်ပြောပြ ချင်တာ။ ဒါပေမဲ့ သူတို့က တိုက် ရိုက်တွေ့ခွင့်မပေးဘူး။ ဒါက ကျွန်မတို့နိုင်ငံမှာ ဆက်ဆံရေးအ တွက် သံရုံးလာဖွင့်ပြီး ကျွန်မတို့ နိုင်ငံကို စော်ကားတာပဲ။ ဒါကို လက်မခံနိုင်ဘူး။ ကျွန်မတို့ဆန္ဒပြ မယ်’’ ဟု ဒေါ်နော်အုန်းလှက ပြောကြားသည်။

ရန်ကုန်ရှိ တရုတ်သံရုံးကို လက်ပံတောင်းတောင် အကျိုးစီး ပွား ကာကွယ်ရေး ကော်မတီဝင် များက ဆန္ဒထုတ်ဖော်မည်ဖြစ်ပြီး နေပြည်တော်ရှိ တရုတ်နိုင်ငံဆက် ဆံရေးရုံးကို ဆန္ဒထုတ်ဖော်ရာ တွင် လက်ပံတောင်းဒေသခံများ လည်း ပါဝင်မည်ဖြစ်ကြောင်း ဒေါ်နော်အုန်းလှက ပြောသည်။ ဆန္ဒထုတ်ဖော်ခြင်းများကို လာ မည့်နှစ်ဆန်းမှသာ ပြုလုပ်မည် ဖြစ်ပြီး ရက်အတိအကျကိုဆွေး နွေးမည်ဖြစ်ကြောင်း ဒေါ်နော်အုန်းလှက ဆိုသည်။

 လက်ပံတောင်း ဒေသခံ တောင်သူ အချို့နှင့် လက်ပံ တောင်းတောင် အကျိုးစီးပွားကာ ကွယ်ရေး ကော်မတီသည် တောင် သူများ လက်တွေ့ ကြုံတွေ့နေရ သည့် အခက်အခဲများကို တင်ပြ ရန် ဒီဇင်ဘာ ၁၃ ရက်တွင် နေ ပြည်တော်ရှိ ဒေါ်အောင်ဆန်းစု ကြည်နေအိမ်သို့ သွားရောက်ခဲ့ သော်လည်း ရဲတပ်ဖွဲ့ဝင်များ၏ တားဆီးမှုကြောင့် ပြန်လှည့်လာခဲ့ ရသည်။

ဒေါ်အောင်ဆန်းစုကြည်ထံ သွားရောက်ခြင်းနှင့် ပတ်သက်၍ ‘‘အမေစုကိုယ်တိုင် ထုတ်ထားတဲ့ အစီရင်ခံစာကြီးကိုမှ ဦးပိုင်နဲ့ဝမ် ပေါင်ကုမ္ပဏီက တစ်ခုမှ လိုက်နာ ဆောင်ရွက်မှု မရှိလို့ အစီရင်ခံစာ အတိုင်း တစ်သဝေမတိမ်းလိုက် စစ်ဆေးပြီးပြေလည်အောင် စစ် ဆေးပေးဖို့ တောင်းဆိုဖို့သွားခဲ့တာပါ’’ ဟု ဒေါ်နော်အုန်းလှက ပြောသည်။

  လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေး ရေး ကော်မတီတွင် ဒေါ်အောင် ဆန်းစုကြည်က ဥက္ကဋ္ဌအဖြစ်ပါ ဝင်ပြီး ကော်မတီကို ဦးသိန်းစိန် အစိုးရလက်ထက် ၂၀၁၃ ၌ ဖွဲ့ စည်းခဲ့ခြင်းဖြစ်သည်။

တိုင်စာကို တရုတ်သမ္မတအ ပြင် မြန်မာနိုင်ငံ၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံတော်သမ္မတ၊ မြေယာနှင့် အခြားမြေများ ပြန်လည်စိစစ်ရေး ကော်မတီဥက္ကဋ္ဌ ဒုသမ္မတ ၂၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ စစ်ကိုင်းတိုင်းအစိုးရအဖွဲ့၊ လူ့အခွင့်အရေးကော်မရှင်တို့ကိုလည်း ပေးပို့မည်ဟု လက်ပံတောင်းတောင် အကျိုးစီးပွား ကာကွယ်ရေး ကော်မတီက ပြောသည်။

စီမံကိန်း လုပ်ဆောင်နေ သည့်နေရာများမှ ရေဆိုးများစွန့် ပစ်ခြင်း၊ မိုးရေများ လွှတ်ခြင်းတို့ ကြောင့် လက်ပံတောင်းတောင် ဒေသအတွင်း ကျေးရွာများတွင် စိုက်ပျိုးမြေများ ပျက်စီးကြောင်း ယင်းကော်မတီက ပြောသည်။ထို့အပြင် စွန့်ပစ်ရေဆိုးများသည် ချင်းတွင်းမြစ် အတွင်းသို့တိုက် ရိုက်စီးဆင်းသဖြင့် မြစ်ရေများ လည်း ပျက်စီးနေကြောင်း ဆို သည်။

 ကုမ္ပဏီက သိမ်းယူထား သည့် မြေယာများအနက် ဧက ၄,၀၀၀ ခန့်ကို ခြံစည်းရိုး ခတ်ထား ပြီး ယင်းခြံစည်းရိုးအတွင်းမှ ဧက ၂,၀၀၀ ကျော်ကို လျော်ကြေး ပေးထားပြီးဖြစ်ကာ ခြံစည်းရိုးအ ပြင်ဘက်မှ ဧကအချို့အတွက် ကိုလည်း လျော်ကြေးငွေပေးထား ပြီးဖြစ်ကြောင်း ဆားလင်းကြီးမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ သိန်းနိုင်က ပြောသည်။

လက်ပံတောင်းတောင်အ ကျိုးစီးပွား ကာကွယ်ရေး ကော်မ တီကို ပြီးခဲ့သည့် ၂၀၁၂ က နိုင်ငံ ရေးတက်ကြွ လှုပ်ရှားသူများ အပါအဝင် အဖွဲ့ဝင် ၁၅ ဦးဖြင့် ဖွဲ့စည်းထားသည်။