ဒလိုင်းလားမား၏ ကိုယ်ပိုင် iPhone App အသစ် ထုတ်ဝေ

တိဘက် ဗုဒ္ဓဘာသာ ခေါင်းဆောင် ဒလိုင်းလားမားက စမတ်ဖုန်း အသုံးပြု App တစ်ခုကို ထုတ်ဝေလိုက်ကြောင်း သိရှိရသည်။

လတ်တလောတွင် Apple၏ iPhoneများအတွက်သာ အသုံးပြုနိုင်ဦးမည်ဖြစ်သော Appကို အခမဲ့ Download ရယူနိုင်မည်ဟု ဆိုသည်။ အသက် ၈၂ နှစ်အရွယ်ရှိ ဘာသာရေး ခေါင်းဆောင်ကြီးက ၎င်း၏ ခရီးစဉ်များ၊ မိန့်ဆို ဆုံးမမှုများကို အဆိုပါ Appမှတဆင့် ဖြန့်ဝေပေးသွားရန် ရည်ရွယ်ထားသည်။

နိုဘယ်လ် ငြိမ်းချမ်းရေး ဆုရှင်တစ်ဦးဖြစ်သော ဒလိုင်းလားမား ကိုယ်တော်ကြီးသည် Twitterတွင်လည်း Accountဖွင့်ထားပြီး Follower ၁၆ သန်းကျော် ရှိနေသည်။

အသစ်ထုတ်ဝေလိုက်သော Appတွင် သတင်းများ၊ ဗီဒီယိုများ၊ ဓာတ်ပုံများနှင့် အချက်အလက် အကြောင်းအရာများကို ပုံမှန် ဖော်ပြပေးနေမည်ဟု သိရသည်။ တရုတ်အစိုးရက ဒလိုင်းလားမားကို ပုန်ကန်ရန် လှုံ့ဆော်သူ တစ်ဦးအဖြစ် စွပ်စွဲမှုကြောင့် ကိုယ်တော်ကြီးသည် တိဘက်မှ ထွက်ခွာကာ ပြည်ပနိုင်ငံများတွင်သာ အခြေချ သီတင်းသုံးနေရသည်။

အထင်ကရ ဘာသာရေး ခေါင်းဆောင်များအတွက် Appများ ထုတ်ဝေခြင်းမှာ ယခုတစ်ကြိမ် ပထမဆုံး မဟုတ်ချေ။ ရိုမန်ကက်သလစ် ကျောင်းတော်ကလည်း ၂၀၁၃ ခုနှစ်တွင် ပုပ်ရဟန်းမင်းအတွက် Appတစ်ခုကို ထုတ်ဝေပေးခဲ့သည်။ ယင်းမတိုင်မီကလည်း ဝတ်ပြုသူများ အနေဖြင့် မိမိတို့၏ အပြစ်များကို ဝန်ခံဖွင့်ဟနိုင်စေမည့် Appတစ်ခုကိုလည်း ထုတ်ဝေခဲ့ဖူးသည်။

ဒလိုင်းလားမားအတွက် Appကို Dalai Lamaဟုပင် ရိုးရိုးရှင်းရှင်း အမည်ပေးထားပြီး လက်ရှိအချိန်တွင် Apple၏ App Storeတွင် ထည့်သွင်းပေးရလောက်အောင် လုံလောက်သည့် Ratingအမှတ် မရသေးကြောင်း သိရှိရသည်။

Ref: BBC