ဖမ်းဆီးခံသတင်းထောက်နှစ်ဦးနှင့်ပတ်သက်၍ စိုးရိမ်ကြောင်း အမေရိကန်သံရုံး ကြေညာချက်ထပ်ထုတ်

ကိုသက်ဦးမောင် (ခေါ်) ၀လုံးနှင့် ကိုကျော်စိုးဦး(ခ) မိုးအောင်တို့ကို တွေ့ရစဉ် (ဓာတ်ပုံ − reuters)

ရိုက်တာသတင်းဌာနမှ ဖမ်းဆီးခံမြန်မာသတင်းထောက် နှစ်ဦးနှင့် ပတ်သက်ပြီး စိုးရိမ် ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ထုတ်ပြန်သည်။ 

‘ရိုက်တာ သတင်းဌာနမှ သတင်းထောက်များဖြစ်ကြသော ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့အ တွက် မိမိတို့ စိုးရိမ်လျက်ရှိပါ သည်။ ၎င်းတို့၏မိသားစုဝင်များ နှင့် အခြား(သက်ဆိုင်သူများ)မှာ ၎င်းတို့နှင့် တွေ့ခွင့်မရသေးဘဲ မည်သည့်နေရာ၌ ထိန်းသိမ်းထား သည်ကိုပင် မသိရှိရသေးပေ’ဟု မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံရုံးက ဒီဇင်ဘာ ၁၅ ရက်တွင် ထုတ်ပြန်သည်။ 

ယခု ထုတ်ပြန်ချက်သည် ရိုက်တာသတင်းထောက် နှစ်ဦး နှင့် ပတ်သက်၍ အမေရိကန်သံရုံး ၏ ဒုတိယအကြိမ် ထုတ်ပြန်ချက် ဖြစ်သည်။ 

ထို့အပြင် သတင်းထောက် ကိုဝလုံးဖမ်းဆီးခံရပြီး သုံးရက် ကြာသည့်တိုင် အဆက်အသွယ် မရရှိသေးကြောင်း ၎င်း၏ဇနီး မအိမွန်က ယမန်နေ့ညက 7Day Daily သတင်းစာအားပြောသည်။ 

‘‘ထောက်ကြန့်ရဲစခန်းကို လည်း သွားမေးပြီးပြီ။ ထောက် ကြန့်ရဲစခန်းမှာတော့ မရှိဘူးပေါ့ နော်။ အဲဒီနေ့ကတည်းက အမှုစစ် ခေါ်သွားတယ်။ ဘယ်အဖွဲ့စစ် ကြောရေးက လာခေါ်သွားလဲဆို တာ မသိဘူး။ ဘယ်နှရက်ကြာ မယ်မှန်းလဲ မသိဘူး။ ဘယ်ကို ခေါ်သွားမှန်းလဲ မသိဘူး။ သူ တို့အားလုံး စစ်ကြောရေးပြီးသွား ပြီဆိုရင်တော့ ထောက်ကြန့်ကို ပြန်လွှဲတဲ့အချိန်ကျရင် လှမ်းအ ကြောင်းကြားမယ်လို့ ပြောပါ တယ်’’ဟု မအိမွန်က ပြောကြား သည်။ 

‘‘ပြန်ကြားရေးအနေနဲ့က ကိုယ်တို့ လက်ရှိ သတင်းထုတ် ထားတဲ့ အဆင့်အထိပဲ သိပါသေး တယ်။ နောက်ထပ်အကြောင်းအ ရာတွေတော့ မသိသေးဘူး’’ဟု ပြန်ကြားရေးဝန်ကြီးဌာန အမြဲ တမ်းအတွင်းဝန် ဦးမျိုးမြင့်မောင် က ပြောသည်။ သတင်းထောက် နှစ်ဦးကို သက်ဆိုင်ရာဝန်ကြီးဌာန က ကိုင်တွယ်နေပြီး အစိုးရအဖွဲ့ က ကိုင်တွယ်ခြင်းမရှိကြောင်း ၎င်း က ဆက်လက်ပြောသည်။

More in News Section

Top News