စုံနံ့သာမြိုင် အခုပြောင်းပြီလား

(တစ်)

နှစ်ပြောင်းရင် အဖြစ် ဟောင်းတွေကို ထားခဲ့ရစမြဲပေပ။ နှစ်သစ်မှာ စိတ်ဓာတ်အသစ်၊ အ တွေးအခေါ်အသစ်၊ အမူအကျင့် အသစ်၊ စီမံခန့်ခွဲပုံအသစ်တွေနဲ့ ရှေ့သို့ ချီတက်ရစမြဲပေပဲဥစ္စာ။

စုံနံ့သာမြိုင်မှာ စပြီးပြောင်း တာကတော့ တောလီဒါ (Leader)ပဲပေါ့။ သတ္တဝါအနန္တသိရှိပြီးတော် မူထားကြတဲ့အတိုင်း ခြင်္သေ့တစ် လှည့်၊ ကျားတစ်လှည့်၊ ဝံပုလွေ တစ်လှည့်၊ မြေခွေးတစ်လှည့် ခေါင်းဆောင်လုပ်ပြီး အုပ်ချုပ် လာခဲ့ကြတဲ့ ဟောသည် တောကြီး ထဲမှာ ပြောင်းလဟ ပြောင်းလဟ နဲ့ သောင်းသောင်းဖြဖြဆိုသလို တောင့်တခဲ့ကြရာက ဟော.. ဒေါင်းအလှကလေးက တောရဲ့ ခေါင်းဆောင်ဆိုပြီး ဖြစ်လာခဲ့ရပါ လေသော်ကော။

ပုရွက်ဆိတ်ကအစ ဆင်ကြီး အဆုံး ပျော်တပြုံးပြုံးနဲ့ တစ်တော လုံး ခုန်ပေါက်ကာ တိရစ္ဆာန်ဘဝ ရှေ့သို့ ရောက်စေအံ့လတ္တံ့ဆိုတဲ့ လိပ်ပြာနဲ့ စုံနံ့သာမြိုင် နိုးထလို့နေ ခဲ့တာ ကြာပဲကြာလှပါချေပေါ့။

ဟော.. အနို့ကလို သို့ကလို နဲ့ ရက်ကလကျူး နှစ်တွေလည်း ကူးလာရော တောယံမှာ ပြောသံ ကလေးတွေက ရှိလာပါလေ ရော။ ဟိုနားက ပွစိပွစိ သည်နား က ပွစိပွစိနဲ့။ ရဂုံအဟောင်းက ပုံမပြောင်းပါဘူးဆိုလား။ အိုး စတိုင် (Old Style) မို့ နိုးဂနိုင်ပါပဲ ဆိုလား။ အင်တိုင်းအဟောင်းက ထင်တိုင်းမပြောင်းပါဘူးဆိုလား။

တိရစ္ဆာန်တွေ အားမလို အားမရအသံကိုယ်စီနဲ့။ တိရစ္ဆာန် ဘဝ လူ့လောကကို ကျော်လွန် စေရမည်ဆိုတဲ့ ကြွေးကြော်သံကြီးတွေကို ဘယ်နေရာမှာ သွားပြီး ထောင်ထားရမယ်ဆိုတာကို မသိ နိုင်ပါလေတော့။

(နှစ်)

မျက်မှောက်အခါသမယ တစ်နှစ်ဟောင်းလို့ တစ်နှစ်ပြောင်းမယ့်အချိန်မှာ စုံနံ့သာမြိုင်တော ကြီးထဲက တိရစ္ဆာန်တို့ရဲ့ ရင်ထဲ မှာ ဘယ့်နှာသို့ များရှိပါလေစလို့ သိချင်တာကြောင့် သတ္တဝါအထွေ ထွေရဲ့ ဓလေ့အပေါင်းကို တစေ့ တစောင်း အကဲခတ်ဖို့ရာ အလို့ ငှာ တောထဲကို ဂျက်ကွမ်းခြံကုန်း အသော့နှင်လို့ ဝင်ရောက်မိခဲ့ပါ လေသဗျ။

‘‘ဗျို့... နွားကြီးဘွတ်အဲ၊ တောနဲ့ပတ်သက်လို့ ဘယ့်နှာသို့ များ သဘောထားရှိသလဲဆိုတာ ကို သိချင်ပါသဗျ’’

ရေသောက်ဆင်းလာတဲ့ နွား ကြီးဘွတ်အဲနဲ့ သွားကြုံနေတာမို့ ခဏကလေး မေးပါရစေလို့ဆို ကာ တောင်းပန်ပြီး အနို့ကလို ဂျက်က စကားဆိုမိပါသဗျ။ ရေ ဆာလို့ ထင်ပါရဲ့။ ရေစပ်ကိုပြေး ဆင်းလုဆဲဆဲ နွားကြီးဘွတ်အဲက အချိန်သိပ်မပေးနိုင်တဲ့သဘောနဲ့ ခပ်တိုတိုပဲ ပြန်ဖြေပါတယ်။

‘‘ထူးပါဘူး အာစရိဂျက် ရယ်။ ရဂုံတွင်းကတော့ ဒုံရင်းပါ ပဲ’’

နွားကြီးဘွတ်အဲက တောကို ဘာမှ သိပ်မပြောင်းလဲပါဘူးလို့ ဆိုကာ ခေါင်းတခါခါနဲ့ ပြောသွား ပြီးတဲ့သကာလ သိပ်အချိန်ဆွဲ မနေဘဲ ရေစပ်ရှိရာ ပြေးဆင်း သွားပါတယ်။

နွားတွေ နွားတွေ။ ရေ သောက်ဆင်းလာကြတာ အ ကောင်သုံးလေးဆယ်ရှိမယ်ထင် ပါရဲ့။ တစ်ကောင့်တစ်ကောင် အ လုအယက်နဲ့ အတင်းရော အဓမ္မ ဆိုသလို တွန်းတိုက်တိုးဝှေ့လို့ ရေ စပ်ရှိရာဆီ ပြေးဆင်းလို့ သွားနေ လိုက်ကြတာ။ တစ်ကောင်မှ တန်းစီပြီး တစ်ကောင်ပြီးမှ တစ်ကောင် ဆိုတဲ့ စရိုက်မရှိကြဘူး။ လျင်တဲ့ အကောင်၊ ကြီးတဲ့အကောင်က စိတ်ကြိုက်နေရာယူကာ သောက် ကြဆိုတဲ့ အခင်းအကျင်း။ ရဂုံအ တွင်းက ဒုံရင်းပါပဲလို့ ပြောသွား တဲ့ နွားကြီးဘွတ်အဲကိုယ်တိုင်က နောက်ကနေ အတင်းဖြတ်ကျော် တွန်းတိုက်တိုးဝှေ့ပြီး ဇွတ်တိဇွတ် ထိုး ဆင်းချသွားလိုက်တာ။ ဟော... အခုဘွတ်အဲက ရှေ့ဆုံး။

(သုံး)

စုံနံ့သာမြိုင်တောထဲမှာ မျက်ခုံးမွေးတွေဖြူနေတဲ့ မျောက်မကြီး တစ်ကောင်ရှိပါတယ်။ သူ့နာမည် က စနိုး (Snow) ဆိုလား။ သူက လည်း တောမှာ ဟိုစပ်စပ် သည် စပ်စပ်ဆိုတာမို့ သူနဲ့လည်း ဂျက် ကတွေ့ဖြစ်ပါရဲ့။ ထုံးစံအတိုင်း ဒေါ်လေးနဲ့ပဲ စကားစရတာပေါ့။

‘‘ဒေါ်လေးစနိုး အစွယ် ခေတ်၊ အဆိပ်ခေတ်တွေ ကုန် သွားပြီး အရိုးအခြေမှာ အိုးဝေအိုး ဝေနဲ့ ဒေါင်းတွန်တဲ့ခေတ်ကို အားရရဲ့လားဗျ’’

မေးလိုက်တော့မှပဲ မျောက်မကြီး စနိုးက သူ့နှုတ်ခမ်းထူထူထဲ ထဲကြီးတွေကို စူလိုက်ထော်လိုက် နဲ့။ လက်ထဲမှာက စားလက်စ ငှက်ပျောဖီးကြီးနဲ့။

‘‘ဩော်... မေးတော့လည်း ဖြေရတော့တာပေါ့။ နိုးချိန်း (No Change) လေ။ ပိန်မသာ လိမ် မသာရယ်’’

ဒေါ်လေးစနိုးက ပြောရင်းဆို ရင်း ငှက်ပျောခွံတစ်ခုကို ပက်ခနဲ ဆိုသလို လမ်းပေါ်ပစ်ချပါတယ်။ ငှက်ပျောသီးကို ပါးစပ်ထဲထိုး ထည့်ပါတယ်။

‘‘ဒေါ်လေးတို့က တောကို သိသိသာသာ ပြောင်းသွားစေ့ချင် တာ။ ဘဲရီးလေးဇီး (Very Lazy) ကွာ... နှေးတယ်။ လူတွေကို အမီ လိုက်ဖို့ဆိုတာက’’

မျောက်မကြီး စနိုးက နောက်ထပ်ငှက်ပျောခွံတစ်ခုကို လမ်း ပေါ်ပက်ခနဲ ပစ်ချလိုက်ပြန်ပါ တယ်။ လမ်းပေါ်မှာ ငှက်ပျောခွံ တွေ တော်တော်များနေပါပြီ။ ဒေါ်လေးစနိုးက ဆက်ပြောတုန်း ပါ။

‘‘အရင်တိရစ္ဆာန် စိတ်တွေနဲ့ မရဘူးလေ။ ဒီတော့’’

ဩော်... ။

(လေး)

စုံနံ့သာမြိုင်မှာ သတ္တဝါမျိုးစုံ နဲ့ဆုံပြီး ယနေ့အရေးအတွက် တွေ့မေးကလေးလုပ်ဖြစ်တာ တော်တော်စုံသဗျ။

မြင်းမကြီးကြာဖြူက လမ်းမ အလယ်မှာ ကားရားကြီး ခွရပ် ကာ အီအီးတွေ တဘတ်ဘတ်ပါ ချရင်းနဲ့ ရင်ဖွင့်တာပါ။

ကျွဲကြီးချိုလိမ်က အအေး ဆိုင်ထဲမှာ ကွမ်းတံတွေးကို တဗျစ်ဗျစ်ထွေးချရင်းနဲ့ ပေါက်ကွဲတာ ပါ။

ကျားပေါက်ကလေး ပေတူး က ဆိုင်ကယ်ကို လမ်းပြောင်းပြန် စီးလာကာ လမ်းဘေးမှာ ခွရပ် ထားရင်းက အော်ပြောတာပါ။

လမ်းမပေါ်မှာ ဆိုင်ဆောက် ပြီး ဟင်းရွက်မျိုးစုံရောင်းနေတဲ့ ယုန်မကြီးကလည်း ပြောတာပါပဲ။

‘‘ပြောင်းဖို့လိုပြီ’’တဲ့။

‘‘အားမရဘူး’’တဲ့။

လူတွေကို ကျော်ပစ်မယ်ဆို တဲ့ တိရစ္ဆာန်တွေက။ တောကို လှမ်းကြည့်ပြီးပြောနေတာ။ ကိုယ့် ကိုယ်ကိုယ်တော့ ပြန်မကြည့်ဘူး။ တိရစ္ဆာန်တွေဟာ ဘယ်တော့မှ မှန်မကြည့်ကြဘူး။    ။

(ဖော်ပြပါ သရော်စာသည် စာရေးသူ၏ အာဘော်သာဖြစ်ပါသည်)