မောင်တောမြို့နယ် လက်ထောက်ပညာရေးမှူး၊ ကျောင်းဆရာသုံးဦးနှင့် ရွာသားတစ်ဦးတို့ကို သက်ဆိုင်ရာက ခေါ်ယူစစ်ဆေးနေ

မောင်တောမြို့နယ်လက်ထောက် ပညာရေးမှူး၊ အင်းဒင်ကျေးရွာမှ ကျောင်း ဆရာသုံးဦးနှင့် ရွာသားတစ်ဦးတို့ကို စစ်ဘက် ရေးရာလုံခြုံရေးတပ်ဖွဲ့ (စရဖ) နှင့် ရဲတပ်ဖွဲ့ တို့က ခေါ်ယူစစ်ဆေးနေကြောင်း ယင်းမြို့ နယ် အမှတ် (၂) မဲဆန္ဒနယ်မှ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးမောင်အုန်းက ပြောသည်။

အထက်ပါပြည်နယ်လွှတ် တော်ကိုယ်စားလှယ်သည် ဖွံ့ဖြိုး ရေးလုပ်ငန်းများနှင့်ပတ်သက်၍ ၎င်း၏မြို့နယ်အတွင်းရှိ အင်းဒင် ကျေးရွာသို့ ဒီဇင်ဘာ ၁၆ ရက် တွင် ကွင်းဆင်းရာ ကျောင်းဆရာ များ၏မိသားစုဝင်များက လာ ရောက်အကူအညီ တောင်းခံ ကြောင်း ဦးမောင်အုန်းက 7Day Daily သတင်းစာအား ပြောသည်။ ‘‘ဒီနေ့ မနက် ၁၀ ခွဲလောက် က ကျောင်းဆရာနှစ်ယောက်ကို စစ်တွေကိုခေါ်သွားတယ်။ သုံး ယောက်က မောင်တောမှာ။ ဘယ်သူနဲ့မှ တွေ့လို့မရဘူး’’ဟု ပြည်နယ်လွှတ်တော်ကိုယ်စား လှယ် ဦးမောင်အုန်းက ဒီဇင်ဘာ ၁၆ ရက် ညနေတွင် ပြောကြား သည်။

မောင်တောမြို့နယ် လက် ထောက်ပညာရေးမှူး ဦးမြင့်စိုး၊ ကျောင်းဆရာသုံးဦးနှင့် အင်းဒင် ရွာသားတစ်ဦး စုစုပေါင်း ငါးဦး ကို မည်သည့်ကိစ္စကြောင့် ခေါ် ဆောင်သည်ကိုမသိရဘဲ လာ ခေါ်သည့် အချိန်များလည်း မတူ ကြောင်း ဦးမောင်အုန်းက ရှင်းပြ သည်။

ဒီဇင်ဘာ ၁၅ ရက် မွန်းတည့် ၁၂ နာရီခန့်တွင် တစ်ဦး၊ ညဥ့် ၁၂ နာရီခွဲခန့်တွင် နှစ်ဦး၊ ဒီဇင် ဘာ ၁၆ ရက် နံနက် ၁၀ နာရီခွဲ ခန့်တွင် နှစ်ဦးတို့ကို နေအိမ်မှ လည်းကောင်း၊ လမ်းမှလည်း ကောင်း စရဖနှင့် ရဲတပ်ဖွဲ့များက ခေါ်ဆောင်သွားသည်ဟု မိသားစု ဝင်များက ပြောကြောင်း ဦးမောင် အုန်းက ဆိုသည်။

‘‘ဒီလူတွေက လူကောင်း တွေ၊ လူအေးတွေ၊ ဆရာတွေဆို လည်း တော်တော်ကောင်းတယ်။ ကျောင်းသာတွေအပေါ်မှာလည်း တော်တော်လေးသဘောကောင်း တယ်။ သူ့ဟာနဲ့သူ နေတာ။ ပါ သွားတယ်ဆိုတော့ ဘာမှန်းမသိ ဘူးဗျ။ ဘာဖြစ်လို့ခေါ်လဲဆိုတာ မသိဘူး’’ဟု ရခိုင်အမျိုးသားပါတီ (ANP) ကိုယ်စားပြုအမတ် ဦးမောင်အုန်းက ပြောသည်။

မောင်တောမြို့နယ် မြို့မရဲ စခန်းတွင် ကျောင်းဆရာနှစ်ဦးနှင့် ရွာသားတစ်ဦးတို့ကို စစ်ဆေးနေ သည်ကို ဒီဇင်ဘာ ၁၆ ရက်၌ တွေ့မြင်ရကြောင်းနှင့်စခန်းမှူးက တွေ့ခွင့်မပေးနိုင်ဟု ပြော ကြားကြောင်း ဦးမောင်အုန်းက ဆိုသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ မောင်တောမြို့နယ် ပညာရေးမှူး ထံ ဆက်သွယ်မေးမြန်းရာ လက် ထောက်ပညာရေးမှူးတစ်ဦးနှင့် ကျောင်းဆရာအချို့ကို ခေါ်ယူ စစ်ဆေးနေသည်ဟု သိရကြောင်း နှင့် သက်ဆိုင်ရာက တရားဝင်အ ကြောင်းကြားခြင်း မရှိသေး ကြောင်း ပညာရေးမှူး ဦးခင် အောင်က 7Day Daily သတင်း စာအား ပြောသည်။

ပညာရေးဝန်ထမ်း လေးဦး နှင့် ရွာသားတစ်ဦးတို့ကို ခေါ်ယူ စစ်ဆေးခြင်းအပေါ် ရခိုင်ပြည် နယ်ရဲတပ်ဖွဲ့နှင့် မောင်တောမြို့ နယ်ရဲအရာရှိများထံသို့ 7Day Daily သတင်းထောက်က ဖုန်းဖြင့် ဆက်သွယ်မေးမြန်းသော် လည်း မရခဲ့ပေ။