မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန် ANA Holdings က တတိယအကြိမ် ကြိုးပမ်း

ဂျပန် ANA Holdings ကုမ္ပဏီက ပြေးဆွဲနေသော လေယာဉ်များ (ဓာတ်ပုံ − ibtimes.com)

မြန်မာနိုင်ငံ၏ လေ ကြောင်း သယ်ယူပို့ဆောင်ရေး နယ်ပယ်ထဲ ဝင်ရောက်ရန် ဂျပန်ကုမ္ပဏီANA Holdingsက တတိယအကြိမ်မြောက် ကြိုးစားနေသည်။

ANA Holdings သည် ပြည်တွင်း ကုမ္ပဏီများနှင့်ပူးပေါင်း ကာ ဖက်စပ်လေကြောင်းလိုင်း တစ်ခု တည်ထောင်နိုင်ရန် ယခင် က နှစ်ကြိမ် ကြိုးစားဖူးသော် လည်း မအောင်မြင်ပေ။

သို့သော် အာရှတိုက်၏ စီးပွားရေး ဖွံ့ဖြိုးမှုအမြန်ဆုံး နိုင်ငံတွင် ပေါ်ပေါက်လာသည့် ဈေးကွက် တောင်းဆိုမှုများကို ပါဝင်လုပ်ကိုင်ရန် ဆန္ဒရှိကြောင်း ANA Holdings အမှုဆောင်အရာရှိချုပ် ရှင်ယာကာတာနိုဇာကာက ပြောကြားသည်။

‘‘ကျွန်တော်တို့ မိတ်ဖက် အသစ် ထပ်ရှာဦးမှာပါ။ အခုတစ် ခါနဲ့ဆို တတိယအကြိမ်မြောက် ဖြစ်လာလိမ့်မယ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ရဲ့ အစီအစဉ်ကို လက်လျှော့ဖို့တော့ စိတ်မကူး ပါဘူး’’ဟု ၎င်းက အင်တာဗျူး တစ်ခုတွင် မှတ်ချက်ပေးသည်။

အရှေ့တောင်အာရှ ဒေသ တွင်းရှိ မြန်မာနိုင်ငံတွင် စီးပွား ရေး ဖွံ့ဖြိုးမှု အရှိန်အဟုန် အား ကောင်းလာခြင်းနှင့်အတူ နိုင်ငံ တကာ ခရီးသွားလုပ်ငန်းများ တိုး ပွားလာမည်ဟု ANA Holdings က ယုံကြည်နေသည်။ မြန်မာ နိုင်ငံအပေါ် နိုင်ငံတကာ အရေး ယူပိတ်ဆို့မှုများ ပယ်ဖျက်ပြီး နောက် တရုတ်၊ အမေရိကန်နှင့် ဥရောပ စီးပွားရေး လုပ်ငန်းကြီး များ ဝင်ရောက် ရင်းနှီးမြှုပ်နှံရန် စောင့်ကြည့်နေသည်။

‘‘ဂျပန်မှာ အရင်က ဖြစ်ခဲ့ သလိုပေါ့။ မြန်မာနိုင်ငံကလူလတ် တန်းစားတွေ ပိုချမ်းသာလာပြီး နိုင်ငံရပ်ခြား အလည်အပတ် ခရီးစဉ်တွေ သွားရောက်လာနိုင်ပါလိမ့်မယ်’’ဟု ကာတာနိုဇာကာက သုံးသပ်သည်။

ANA Holdings သည် ၂၀၁၄ က ပြည်တွင်း လေ ကြောင်းလိုင်း Asian Wings Airways ၏ ရှယ်ယာ ၄၉ ရာခိုင် နှုန်းကို ဝယ်ယူရန် ကြိုးစားပြီး နောက် အစီအစဉ်ကို ပယ်ဖျက် ခဲ့သည်။

ပြီးခဲ့သည့် နှစ်ကလည်း ပြည်တွင်းရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတစ်ခုဖြစ်သော Golden Sky World တွင် ပါဝင်မြှုပ်နှံခဲ့သော်လည်း လုပ်ငန်းလိုင်စင်ကိစ္စ အဆင်မပြေသဖြင့် ပျက်ပြယ်ခဲ့သည်။

ANA Holdings၏ ငါးနှစ် စီမံကိန်းအသစ်ကို လာမည့် ဖေဖော်ဝါရီတွင် ထုတ်ပြန်မည် ဖြစ်ပြီး မြန်မာနိုင်ငံ၌ အကျိုးတူ ပူးပေါင်းဆောင်ရွက်မည့် လုပ် ငန်းတစ်ခု တည်ထောင်ရေး ပါဝင်မည်ဟု ကာတာနိုဇာကာ က ဆိုသည်။

ANA Holdings သည် ပြီးခဲ့သည့်လက စတင်၍ မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းကို တရားဝင် စပွန်ဆာပေးသည့် တစ်ခုတည်းသော နိုင်ငံတကာ လေကြောင်းလိုင်း ဖြစ်လာကြောင်း သိရသည်။

Ref: Bloomberg