ရွှေတိဂုံစေတီတော် သံဃာအပါး ၁၈,၀၀၀ ဆွမ်းဆန်စိမ်းလောင်းလှူပွဲ၏ ထူးခြားချက်သုံးခု

ရွှေတိဂုံစေတီတော်မြတ်ကြီး ဗုဒ္ဓါဘိသေက အနေကဇာတင် မဟာမင်္ဂလာနှင့် ပင့်သံဃာတော်အပါး ၁၈,၀၀၀ အား ဆွမ်းဆန်စိမ်းလောင်းလှူခြင်းမင်္ဂလာအခမ်းအနားမုခ်ဦးများကို တွေ့ရစဉ် (ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ))

လာမည့် ဇန်န၀ါရီ ၁ ရက် တွင်ရွှေတိဂုံစေတီ တော်မြတ်ကြီးကို အစိုးရဦးဆောင်မှုဖြင့် ဗုဒ္ဓဘိသေကအနေကဇာတင်မဟာ မင်္ဂလာနှင့် ပင့်သံဃာတော်အပါး ၁၈,၀၀၀ အား ဆွမ်းဆန်စိမ်းလောင်းလှူခြင်း မင်္ဂလာအခမ်းအနား ကျင်းပမည် ဖြစ်သည်။ ရွှေတိဂုံစေတီတော်ကို ဂေါပကအဖွဲ့က နှစ်စဉ်တပေါင်း လပြည့်နေ့တိုင်း အနေကဇာတင် လေ့ရှိသော်လည်း ယခုနှစ်တွင် သံဃာအပါး ၁၈,၀၀၀ အား ဆွမ်း ဆန်စိမ်း လောင်းလှူပွဲကိုပါ အစိုးရက ကြီးကျယ်ခမ်းနားစွာ ကျင်းပမည်ဖြစ်သည်။အလှူတော်မင်္ဂလာမှ ထူးခြားချက်သုံးချက်ကို 7Day ဂျာနယ်စာဖတ်ပရိသတ်များ ဖတ်ရှု ပူဇော်နိုင်ရန်ဖော်ပြလိုက်ပါသည်။

စံချိန်တင် သံဃာတော်အပါးရေ ဖြင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ

၂၀၁၇ မှ ၂၀၁၈ သို့ကူး ပြောင်းသည့် ဇန်န၀ါရီ ၁ ရက် နှစ်သစ်အစတွင် ရွှေတိဂုံစေတီတော်ကို ပထမဆုံးအကြိမ် သံဃာအပါး တစ်သောင်းရှစ်ထောင်ဖြင့် အနေကဇာတင်မည်ဖြစ်သည်။ ၂၀၁၈ သည် ဘုရားကြီး ၂၆၀၆ နှစ် ပြည့်နှစ်ပတ်လည်နေ့ဖြစ်သည်။

နှစ်စဉ် တပေါင်းလပြည့်နေ့တိုင်း ရွှေတိဂုံစေတီတော်တွင် မြတ်စွာဘုရားအား ရည်စူး၍ ရွတ်ဖတ်ပူဇော်ကာ အနေကဇာတင် လေ့ရှိပြီး လွန်ခဲ့သည့် ၂၀၁၂ က ဘုရားကြီး ၂,၆၀၀ ပြည့်နှစ်ပတ် လည်၌ သံဃာအပါး ၂,၆၀၀ ဖြင့် အနေကဇာတင်ခဲ့သည်။ ယခု အနေကဇာတင်ပွဲသည် ထိုစဉ်ကထက် သံဃာတော်အရေအတွက် ခြောက်ဆများပြားမည်ဖြစ်သည်။ အဆိုပါအရေအတွက်သည် ရန် ကုန်မြို့နှင့် ရွှေတိဂုံစေတီသမိုင်း တွင် စံချိန်တင်အရည်အတွက် ဖြစ်လာမည်ဖြစ်သည်။

အနေကဇာတင်ပွဲတွင် နိုင်ငံ တော်ဩ၀ါဒါစရိယဆရာတော် များ၊ နိုင်ငံတော်သံဃမဟာနာယကဆရာတော်များ၊ တိုင်းနှင့်ပြည် နယ်အသီးသီး၏ ကိုယ်စားပြုဆရာ တော်ကြီးများစသည့် ထေရ်ကြီး ၀ါကြီးဆရာတော်ကြီးများ ကြွ ရောက်မည်ဖြစ်သဖြင့် ကြုံတောင့် ကြုံခဲပွဲကြီးလည်းဖြစ်သည်။ ထို့ အပြင် အဆိုပါပွဲတွင် နိုင်ငံအတွင်း သံဃဂိုဏ်းပေါင်းစုံမှ ဆရာတော်များကြွရောက်မည်ဖြစ်ပြီး အိန္ဒိယ နိုင်ငံမှ ဆရာတော်ကြီး ၁၅ ပါး လည်း ကြွရောက်မည်ဖြစ်သည်။

အဆိုပါထေရ်ကြီးဝါကြီးဆရာတော်ကြီးများက ဇန်န၀ါရီ ၁ ရက်နံနက် ၇ နာရီတွင် ရွှေတိဂုံ ဘုရားကြီး၌ စုစည်းကာ မြတ်စွာဘုရား၏ ဂုဏ်တော်များကို ရည်စူး၍ အနေကဇာတင်ပါဠိ တော်များ ရွတ်ဖတ်သရဇ္ဈာယ်ကြ မည်ဖြစ်သည်။ နံနက် ၁၀ နာရီ ခန့်တွင် စောင်းတန်းလေးခုမှ သံဃာတော် ၄,၅၀၀ စီပြန်လည်ဆင်း သက်ကြွချီကာ ဘုရားအောက်ရှိ အသင့်ထိုးထားသော မဏ္ဍပ်များတွင် ဆွမ်းဘုဉ်းပေးမည်ဖြစ်သည်။ ထို့ နောက်ဘုရားရင်ပြင်ပေါ်သို့ပြန်လည်ကြွရောက်မည်ဖြစ်သည်။

မွန်းတည့် ၁၂ နာရီတွင်ဆွမ်းဆန်စိမ်းလောင်းလှူပွဲ စတင်မည်ဖြစ်ပြီး စောင်းတန်းလေးခုမှကြွလာ သော သံဃာတော် ၄,၅၀၀ စီအား လူပရိသတ်က ဆွမ်းဆန်စိမ်းလောင်းလှူရမည်ဖြစ်သည်။ ထို့ကြောင့် စောင်းတန်းလေးခုရှိမုခ်ဦးလေးဖက်စလုံးမှ စောင့်ဆိုင်း၍ ဆွမ်းဆန်စိမ်း လောင်းလှူနိုင်မည် ဖြစ်သည်။ ထိုမတိုင်မီ ၂၀၁၅ စက်တင်ဘာက သံဃာတော်အပါး တစ်သောင်းအား ဆွမ်းဆန်စိမ်း လောင်းလှူပွဲ အခမ်းအနားကို မန္တလေး တောင်ခြေအနီးတွင် ကျင်းပခဲ့သည်။

သမိုင်းတွင် ပထမဆုံးအကြိမ် ဘုရားဖူးတက်ခွင့်ပိတ်၊ ဘုရားတံခါးပိတ်မည်

သံဃာတော်အပါး တစ် သောင်းရှစ်ထောင်ဖြင့် ရွှေတိဂုံ စေတီရင်ပြင်တွင် ရွတ်ဖတ်ပူဇော်ကာ အနေကဇာတင်မည်ဖြစ်၍ ထိုနေ့၌ ပြည်တွင်း၊ ပြည်ပဘုရားဖူးများအနေဖြင့် ရွှေတိဂုံဘုရားဖူးခွင့် ပိတ်မည်ဖြစ်သည်။ ဒီဇင်ဘာ ၃၁ ရက်ညနေမှ ဇန်နဝါရီ ၁ ရက် နေ့လယ် ၁၂ နာရီအထိ ဘုရား တံခါးများကို နာရီ ၂၀ တိတိပိတ်ထားမည်ဖြစ်သည်။

ရွှေတိဂုံစေတီသည် နေ့စဉ် ပြည်တွင်း၊ပြည်ပဘုရားဖူး ထောင် ဂဏန်း လာရောက်ဖူးမြော်နေ သော စေတီတော်ကြီးဖြစ်သည်။ ပွဲအခမ်းအနားများကြောင့် ရွှေတိဂုံ စေတီတံခါးပိတ်ရခြင်း၊ ပြည်တွင်း၊ပြည်ပ ဘုရားဖူးများဖူးမြော်ခွင့် မရရှိခြင်းသည် ဘုရားသမိုင်းတွင် တစ်ကြိမ် တစ်ခါမျှမရှိဖူးချေ။

ထို့အပြင် ကားရပ်နားမည့် နေရာများတွင် မဏ္ဍပ်များ ဆောက်၍ သံဃာတော်များ ဆွမ်းဘုဉ်း ပေးရန် စီစဉ်မည်ဖြစ်၍ ဒီဇင် ဘာ ၂၀ ရက် ကျော်သည်နှင့် ကား များ ရပ်နားရန် အခက်အခဲဖြစ်နိုင် ကြောင်း ဘုရားဂေါပကအဖွဲ့က ပြောသည်။ ဒီဇင်ဘာ ၃၁ ရက်နှင့် ပွဲအခမ်းအနားပြုလုပ်မည့် ဇန်နဝါ ရီ ၁ ရက်တွင်တော့ မုခ်ဦးလေးဖက် ရှိ လမ်းမများတွင် ယာဉ်သွားလမ်း များ ပိတ်ထားမည်ဖြစ်သည်။ ထို သို့ ကားလမ်းပိတ်မည့်ကိစ္စနှင့် ပတ်သက်၍ ရေဒီယိုမှ တစ်ဆင့် အသေးစိတ်ထုတ်ပြန်မည်ဟု တာ ဝန်ရှိသူများက ဆိုသည်။

မည်သူမဆို ပါဝင်နိုင်မည့်ကုသိုလ်တော်

ယခုကျင်းပမည့် အနေကဇာတင် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ပြည်သူ့အားလုံးပါဝင်၍ ကုသိုလ်ယူနိုင်မည်ဖြစ်သည်။ ရွှေတိဂုံ စေတီတွင် နိုဝင်ဘာနောက်ဆုံးပတ်ကစ၍ ဆွမ်းဆန်စိမ်းလောင်း လှူပွဲအတွက် အလှူခံဌာနဖွင့်လှစ် ထားသည်။ လာရောက်လှူဒါန်း သူများအား မှတ်တမ်းတင်ဂုဏ်ပြု လွှာများ ပေးအပ်နေသည်။ ထို့အပြင် ဆွမ်းဆန်စိမ်းလောင်းလှူ ပွဲတွင် ကိုယ်တိုင်ကိုယ်ကျကုသိုလ် ပါဝင်ခွင့် ရှိသည်။

ဆွမ်းဆန်းစိမ်း လောင်းရာတွင် ကိုယ်တိုင်ပါဝင်လိုသူများသည် သက်ဆိုင်ရာမြို့နယ်နှင့် ခရိုင်အုပ်ချုပ်ရေးရုံးများသို့ အ ကြောင်းကြားကာ ယခုအခမ်းအနား၌ ဆွမ်းဆန်စိမ်းလောင်းလှူ ရန် ခွင့်ပြုချက်တောင်းခံနိုင်သည်။ တာဝန်ရှိသူများ စီစဉ်ပေးသည့်အတိုင်း မုခ်ဦးတစ်နေရာရာတွင် မဏ္ဍပ်များ ဆောက်၍လည်း ကောင်း၊ စောင့်ဆိုင်း၍လည်း ကောင်း ဆွမ်းဆန်စိမ်းလောင်းလှူ နိုင်ကြောင်း သာသနာရေး ဦးစီးဌာ န ညွှန်ကြားရေးမှူးက ပြောသည်။ ထို့အပြင် ရွှေတိဂုံဘုရားလမ်း၊ ဦးဝိစာရလမ်းနှင့် ရေတာရှည်လမ်း မများပေါ်တွင် ဆွမ်းဆန်စိမ်း လောင်းလှူနိုင်မည်ဖြစ်သည်။