လူတစ်ကောင် တိရစ္ဆာန်တစ်ယောက်

(တစ်)
နေရာရာမှာ တစ်ခုခုဖြစ်ပြီရယ်လို့ အသံတစ်သံထွက်လာ တာနဲ့ အဲသည့်နေရာကို အုံနဲ့ကျင်းနဲ့ အတင်းစုပြုံတိုးဝှေ့ကာ အလုအယက်ရောက်သွားကြလေ့ရှိတာ  ဟာ တောတိရစ္ဆာန်တို့ရဲ့ သဘာဝ ပေသာပ။ ကောင်းသည်ဆိုးသည် ဤနှစ်လီကိုဖြင့် ပီပီသသဂျက်က မပြောတတ်ရကြောင်းပါခင်ဗျာ။
အခုကြည့်။ သတ္တ၀ါပေါင်းစုံ လျင်မြန်တဲ့ အဟုန်နဲ့ သတင်းကြားရာအရပ်ဆီသို့ ဦးတည်ပြီး အပြေး အလွှားသွားနေလိုက်ကြတာ။
‘‘လူလေးတစ်ကောင်တဲ့ဟဲ့
လူလေးတစ်ကောင်’’
ဘဇာသတ္တ၀ါကလဲမသိ။ ခပ်ကျယ်ကျယ်အော်ပြောလိုက်တဲ့အသံဟာ ပြေးလွှားသွားလာနေတဲ့ သတ္တ၀ါပေါင်းစုံအုပ်စုကြီးထဲကနေ ထွက်ပေါ်လာတဲ့အခါ စောဒကတက်တဲ့ အသံတွေကလည်း အပြေးအလွှားကြားကနေကိုပဲ ထွက်လာကြပြန်လေသဗျ။
‘‘လူတစ်ယောက်
လုပ်ပါဟ
ဘယ့်နှယ်...လူကို
တစ်ကောင်ရယ်လို့’’
‘‘အေးလေ
တစ်ခုတစ်ကောင် တစ် ယောက်
မကြားဖူးဘူးလား။
ပစ္စည်းဆိုတစ်ခု
တိရစ္ဆာန်ဆို
တစ်ကောင်
လူဆို တစ်ယောက်
မှန်အောင်သုံးမှပေါ့’’
‘‘လူတစ်ယောက်ဟေ့
လူတစ်ယောက်
မှတ်ထား’’
ဘဇာပဲဖြစ်ဖြစ် တောတစ် နေရာမှာ လူကလေးငယ်တစ် ယောက် ဒါမှမဟုတ် တစ်ကောင် တွေ့လိုက်ရပြီဆိုတာကတော့ သေချာနေပြီပဲပေါ့။ ဒါကြောင့် တိရစ္ဆာန်တွေ အဲသည့်နေရာဆီကို ပြေး သွားနေကြတာ။

(နှစ်)
ဟုတ်ပ။ ကောလာဟလမ ဟုတ်။ သတင်းအမှန်။ တကယ့် လူကလေးငယ်လေး။ အနှီးကလေးနဲ့ ထုပ်လို့။ အူဝဲအူဝဲနဲ့ အာခေါင် ကို ခြစ်ခြစ်ပြီးငိုနေလိုက်တာ။ အ သားကဖြူဖြူ။ ဆံပင်တွေက နက် မှောင်လို့။ မွေးကင်းစ။ ရှိလှရက် သားကလေးပေါ့။
တောကြက်မကြီးက စတွေ့ တာ။ မျက်နှာတစ်ခုလုံး ခါချဉ်တွေအုံခဲလို့တဲ့။ နဘူးချုံကလေး နံဘေးမှာလာပြီး ပစ်ထားသွားကြတာ။ ပထမကြက်မကြီးက ကလေးအ သေကလေးလာပစ်သွားတာလို့ ထင်တာ။ အဲသမှာ မျက်နှာပေါ်က ခါချဉ်တွေကို နှုတ်သီးနဲ့ ဆိတ် ကြည့်လိုက်တဲ့အခါ အူဝဲဆိုတဲ့ အသံထွက်လာတော့မှ လူငနဲဟာ အရှင်ကလေးပါလားလို့ သဘော ပေါက်သွားပြီး လန့်အော်တော့မှ လူလေးတစ်ကောင် လူလေးတစ် ကောင်နဲ့ အသံတွေညံသွားကာ ခုနက ပြောသလို ကြားကြားသမျှ သတ္တ၀ါတို့ ပြေးလွှားရောက်ရှိလို့ လာကြတာပါ။
လူတွေနဲ့ ကပ်နေတဲ့ စုံနံ့သာ မြိုင်တောစပ်မှာ မွေးကင်းစက လေးတွေကို လူတွေလာလာပစ် ကြတာ အခုနောက်ပိုင်းမှာ တော် တော်ကလေး ခပ်စိပ်စိပ်ဖြစ်လာ သဗျ။
အဲ...တစ်ခါကများဆို တော ခွေးတွေက ကလေးကို အသေလို့ ထင်ပြီး ပေါင်တွေ၊ ခြေသလုံးတွေ ကို တောင်မှ စားနေကြပါပြီ။ ကလေးက စူးခနဲဆိုသလို ငယ်သံ ပါအောင် အော်ငိုလိုက်တော့မှ အသက်ရှိမှန်းသိပြီး လှည့်ပြေးကြ တာ။
အဲ...ရှိသေးတယ်။ စာနဲ့ ဘာနဲ့။ နောက်ကလေးတစ် ယောက်က။ အရှက်နဲ့ ဂုဏ်သိက္ခာကြောင့် မတတ်သာလို့ စွန့်ပစ်ရ တာပါဆိုလား။ လူပိုက်ဆံတစ် သိန်းနဲ့။ ကလေးကိုစောင့်ရှောက် ဖို့ထင်ပါရဲ့။ တိရစ္ဆာန်တွေက ဘာ လုပ်ရမှာတုံး အဲသည့်ငွေတစ် သိန်း။ အရှက်တဲ့။ ဟ၀ှာပြုကြတုန်းက မရှက်ဘူးလား။ ဂုဏ်သိက္ခာ တဲ့။ လူသိမခံချင်တဲ့ကိစ္စ လုပ်ကြ တုန်းက ဂုဏ်သိက္ခာသတိရကြ လို့လား။ ကလေးကို ပိုက်ဆံတစ် သိန်းနဲ့ လာပစ်ချသွားရတယ်လို့။
အခုလည်းကြည့်။
ကလေးတစ်ကောင်။
အဲလေ .... ယောင်လို့။
ကလေးတစ်ယောက်။

(သုံး)
စွန်တစ်ကောင်ကောင်၊ ဒါမှ မဟုတ် သိမ်းငှက်တစ်ကောင် ကောင် မိုးကောင်းကင်ပေါ်မှာ ပျံ ၀ဲနေလို့ကတော့ တောကြက်မကြီး က အမွေးတွေပွတက်လာတာ။ တောင်ပံကြီးကိုလည်း ကားထား လိုက်တာ။ ကြက်ပေါက်စကလေး တွေက အဲသည့်အောက်မှာ ကွိစိ ကွစနဲ့။
အမွေးအတောင်ငုံးတိတိနဲ့ ကိုယ်လုံးတီးဖြစ်နေတဲ့ ငှက်က လေးတွေရှိရာဆီပြန်လာကာ ရှာ လာတဲ့ အစာကလေးတွေကို နှုတ် သီးဟပြဲဟပြဲနဲ့ တောင်းခံနေတဲ့ ငှက်ပေါက်စကလေးတွေရဲ့ ပါး စပ်ထဲထိုးထိုးထည့်ပေးနေတဲ့ အသိုက်အမြုံထဲက ငှက်မကြီး။
မွေးခါစမို့ ယိုင်ထိုးယိုင်ထိုး ဖြစ်နေတဲ့ နွားပေါက်စကို လျှာနဲ့ လျက်ကာ လျက်ကာနဲ့ ၀မ်းတွင်း ပါအညစ်အကြေးတွေကို သန့်စင် ပေးနေတဲ့ နွားမကြီးကလည်း သူ့ နို့အုံကြီးကို တင်းကားထားလိုက် တာ။ သားသောက်ဖို့။ သမီးစို့ဖို့။
ကိုယ်ကသာ ပိန်ကပ်နေ တာ။ ချွတ်ခနဲအသံကြားတာနဲ့ ပါးစပ်ကြီးဖြဲကာ အစွယ်တွေက ဖွေး ခနဲ။ ခွေးပေါက်စတွေ နို့တိုက်ရင်း က ခေါင်းထောင်ထလာတဲ့ ခွေးမ ကြီး။
ရင်သွေးကို နို့တိုက်ပြီး ဗိုက် ထဲမှာ အိတ်နဲ့ထည့်ပိုက်ကာ သွားလေရာရာကို ရင်အုပ်မကွာ တောက်လျှောက်ခေါ်သွားတဲ့ သားပိုက်ကောင်။
စုံနံ့သာမြိုင်က သတ္တ၀ါတွေ ဟာ သူတို့တောစပ်ကို မွေးကင်းစ ကလေးတွေ လာလာပစ်တဲ့အခါ အံ့သြကြပါတယ်။
‘‘တော်ကြာနေ
တစ်ကောင်လာပစ်လိုက်
တော်ကြာနေ
တစ်ကောင်လာပစ်လိုက်နဲ့
လူတွေဟာ
ကိုယ့်ရင်သွေးကို
အနို့ကလိုလားရှင်’’
အဲသဟာ ဂျက်မကြာခဏ အမေးခံရတဲ့ မေးခွန်းပါ။ မေးတဲ့ တိရစ္ဆာန်မကြီးတွေက စကားအ သုံးအနှုန်းမှားမှန်းသိလို့ထင်ပါရဲ့။ ပြန်ပြန်ပြင်ပါတယ်။
‘‘ဟောတော့
အားနာလိုက်တာ
တစ်ကောင်ပြောမလို့
တစ်ယောက်ရှင့်
တစ်ယောက်’’တဲ့။
ဂျက်ကွမ်းခြံကုန်းနည်းနည်း ကလေးစိတ်ပေါက်သွားပါတယ်။ တိရစ္ဆာန်တွေကို မဟုတ်ပါဘူး။ လူတွေကိုပါ။
‘‘မမှားဘူးဗျ
မှန်တယ်
လူတစ်ကောင်
ခင်ဗျားတို့က
တိရစ္ဆာန်တစ်ယောက်’’
သတ္တ၀ါတွေ ဂျက်စကားကို အဓိပ္ပာယ်ပေါက်ကြပါရဲ့လားမ သိ။ သြော်...တိရစ္ဆာန်တွေက လူ စိတ်ရှိနေတတ်ကြပြီး လူတွေက တိရစ္ဆာန်စိတ်ဝင်နေတတ်ကြတဲ့ မဟာပထ၀ီမြေကြီးခဲကြီးအပေါ် မှာ။
(ဖော်ပြပါ သရော်စာသည် စာရေးသူ၏ အာဘော်သာဖြစ်ပါသည်)