စင်ပြိုင်ပြုလုပ်၍ လူသိများသော တောင်ဥက္ကလာပမြို့နယ်ရှိ ဗိုလ်ချုပ်ရုပ်တု ဖွင့်လှစ်

ဗိုလ်ချုပ်ကြေးရုပ်တုကို ဖွင့်ပွဲတွင် တွေ့ရစဉ် (ဓာတ်ပုံ − 7Day TV)

စင်ပြိုင် ဗိုလ်ချုပ်ကြေးရုပ်တုဟု လူသိများသည့် တောင်ဥက္ကလာပမြို့နယ် သုမင်္ဂလာပန်းခြံ၌ လွှတ်တော်ကိုယ်စားလှယ်ဦးဆောင်ပြုလုပ်သော ဗိုလ်ချုပ်ရုပ်တုကို ဒီဇင်ဘာ ၂၃ ရက် နံနက် ၉ နာရီတွင် ဖွင့်လှစ်ခဲ့သည်။

အဆိုပါရုပ်တုဖွင့်ပွဲတွင် အ မျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ပုဂ္ဂိုလ်များ၊ ရုပ်တုဖြစ်မြောက်ရေး ဦးဆောင်သူများနှင့် အလှူရှင် များ တက်ရောက်ခဲ့သည်။ ရုပ်တု ဖွင့်ပွဲကို ဈေးရောင်းပွဲတော်နှင့် တွဲဖက်ကျင်းပပြီး ပွဲဈေးတန်းကို သုမင်္ဂလာပန်းခြံရှေ့တွင် ဒီဇင်ဘာ ၂၈ ရက်အထိ ကျင်းပမည် ဖြစ်သည်။


တောင်ဥက္ကလာပ သုမင်္ဂလာပန်းခြံတွင် လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာစောနိုင် ဦး ဆောင်တည်ဆောက်သော ဗိုလ် ချုပ်ကြေးရုပ်နှင့် မြို့နယ်သူ မြို့နယ်သားများ ဦးဆောင်ပြုလုပ် သည့် ဗိုလ်ချုပ်ကြေးရုပ်ဟူ၍ နှစ်ခုဖြစ်နေသောကြောင့် စင်ပြိုင်ဗိုလ်ချုပ်ရုပ်တုနှစ်ခုရှိသည့် ပန်း ခြံအဖြစ် လူသိများခဲ့သည်။

မြို့နယ်သူ မြို့နယ်သားများ၏ ကြေးရုပ်တုကို အာဇာနည်နေ့မတိုင်မီ ဇူလိုင် ၁၆ ရက်က ဖွင့်လှစ်ခဲ့သည်။

အဆိုပါ ကြေးရုပ်နှစ်ခုသည် တောင်ဥက္ကလာပ သုမင်္ဂလာပန်းခြံအတွင်း တည်ရှိကာ တစ်ရုပ်နှင့်တစ်ရုပ် ခြေလှမ်းငါးဆယ်ခန့် ကွာဝေးသည်။ ယခုဖွင့်လှစ်သည့် ဗိုလ်ချုပ်ကြေးရုပ်ကို မန္တလေးတွင် သွန်းလုပ်ပြီး ဗိုလ်ချုပ်ပန်းခြံမှ ရုပ်တုပုံစံအတိုင်း ထုလုပ်ထား သည်။

ကြေးပိဿာချိန် ၂၇၀ ခန့်နှင့် တန်ဖိုး ကျပ်သိန်း ၁၃၀ ခန့်ရှိပြီး အမြင့်ပေ ရှစ်ပေခွဲရှိသည်။

‘‘အရင်တုန်းက အောက်ခြေ ဖောင်ဒေးရှင်းကို အသေအချာ လုပ်နေပြီး မိုးရာသီဖြစ်နေလို့ ဖွင့် ပွဲလုပ်ဖို့ ခေတ္တဆိုင်းငံ့ထားတာပါ။ အခုတော့ ပွင့်လင်းရာသီလည်း ဖြစ်၊ ပန်းခြံကိုလည်း ပြုပြင်တာ တွေလုပ်ပြီးပြီ။ ဒီကလူတွေလည်း ပွဲလမ်းလေးဖြစ်အောင် ဈေး ရောင်းပွဲတော်နဲ့အတူ ဖွင့်ပွဲလုပ် ဖြစ်တာပါ’’ ဟု ရုပ်တုဖြစ်မြောက် ရေးကော်မတီဝင်တစ်ဦးက ပြော သည်။