ကျပ်သိန်းရှစ်သောင်းခန့် လိမ်လည်တိမ်းရှောင်နေသည့် ဒေါ်သက်သက်မြိုင်ကို ဖမ်းမိရေး ရဲတပ်ဖွဲ့ဆောင်ရွက်ချက်များ အားမရဟု ရှယ်ယာရှင်များပြောကြား

ကျပ်သိန်းသောင်းချီ လိမ်လည်၍ တိမ်းရှောင်နေသော Jude Jude Family နှင့် သင့်မြတ် အများနှင့်သက်ဆိုင်သည့်ကုမ္ပဏီ ပိုင်ရှင်ဒေါ်သက်သက်မြိုင်(ခ) ဂျူး ဂျူးကို ဖမ်းဆီးရေး ရဲတပ်ဖွဲ့၏လုပ်ဆောင်မှုများသည် ထိရောက်မှုမရှိကြောင်း ငွေကြေးဆုံးရှုံးခဲ့သော ရှယ်ယာရှင်များက မီဒီယာအချို့အား ဖိတ်ကြား၍ ပြောကြားသည်။

ဒီဇင်ဘာ ၂၀ ရက်တွင် ရှယ် ယာရှင် ၁၅ ဦးခန့်က အင်းစိန်မြို့ နယ်၌ စုစည်းကာ ရဲတပ်ဖွဲ့၏ တရားခံဖမ်းဆီးရေး ဆောင်ရွက်မှုသည် အဆင်မပြေကြောင်း၊ တရားခံကို လွတ်လမ်းပေးနေ ကြောင်း ရှင်းလင်းပြောကြား သည်။


ရှယ်ယာရှင် ၁,၆၀၀ ထံမှ ကျပ်သိန်းရှစ်သောင်းခန့် လိမ် လည်တိမ်းရှောင်နေသော ဒေါ် သက်သက်မြိုင်ကို ရှယ်ယာရှင် များက ဗဟန်း၊ ရန်ကင်းနှင့် သင်္ဃန်းကျွန်းမြို့နယ်တို့တွင် လိမ်လည်မှုဖြင့် အမှုအသီးသီးဖွင့်ထားသည်။ ထို့အပြင် စမ်းချောင်းရဲစခန်း၌လည်း အာမခံမပေးနိုင်သော ငွေရေးကြေးရေးအဖွဲ့အစည်းများဥပဒေဖြင့် အမှုဖွင့်ထားသည်။ သို့သော် ရန်ကင်း၊ ဗဟန်း နှင့် သင်္ဃန်းကျွန်းမြို့နယ်ရဲစခန်းတို့က ဒေါ်သက်သက်မြိုင်ကို အာမခံပေးထားပြီး စမ်းချောင်းရဲစခန်းကလည်း လက်ရှိအချိန်ထိ ဖမ်းဝရမ်း မထုတ်သေးကြောင်း ရှယ်ယာရှင်များကပြောသည်။

အာမခံပေးသော ရဲစခန်း များက အမှုဖွင့်ထားသည့် တရား လိုကို အကြောင်းကြားခြင်းမရှိဘဲ ဒေါ်သက်သက်မြိုင် အာမခံလာ လုပ်သည်နှင့် တန်း၍အာမခံပေး ခြင်းသည် ဥပဒေအရ ညီညွတ်မှု မရှိကြောင်း ကျပ်သိန်း ၂၀၀ ခန့် ဆုံးရှုံးခဲ့သည့် ဒေါ်သွဲ့သွဲ့အေးက ပြောသည်။

 ‘‘သင်္ဃန်းကျွန်းရဲစခန်းမှာ ၄၂၀ နဲ့ အမှုဖွင့်ထားတာကို ဂျူး ဂျူးက ဒီဇင်ဘာ ၁၈ ရက်က အာမခံ လာလုပ်သွားတယ်။ အဲဒါကို ရဲက အာမခံလာလုပ်ပါတယ်လို့ အကြောင်းမကြားဘဲ သူ့ဟာသူတန်းပြီးပေးလိုက်တယ်။ အဲဒါနဲ့ ဘာလို့ ကျွန်မတို့ကို အကြောင်းမကြားတာလဲဆိုတော့ မေ့သွားလို့ ပါလို့ပြောတယ်’’ ဟု ၎င်းက ပြော သည်။

ထို့အပြင် စမ်းချောင်းမြို့ နယ်တွင် အထူးဥပဒေဖြင့် ဒီဇင် ဘာ ၁၇ ရက်၌ အမှုဖွင့်ထား၍ ဒေါ်သက်သက်မြိုင်ကို ချက်ချင်း ဖမ်းဆီးနိုင်ပြီဖြစ်ကြောင်း အထက်တန်းရှေ့နေ ဦးနေစည်သူ ဇော်ကပြောသည်။

‘‘ဥပဒေကြောင်းအရ အခုဆို ရင် သူ့ကို မြင်တဲ့နေရာမှာ ရဲက ဖမ်းနိုင်ပြီ။ ဒါကိုပဲ တခြားရဲစခန်း မှာ အာမခံလာလုပ်သွားတယ်ဆို တော့ တပ်ဖွဲ့အချင်းချင်း အဲဒီ လောက်တောင် ချိတ်ဆက်မှုမရှိ ဘူးလားလို့ မေးခွန်းထုတ်ရမှာပါ’’ ဟု ၎င်းကပြောသည်။

ရှယ်ယာရှင် ဒေါ်နီနီကျော် ကလည်း ‘‘သူ လိမ်ယူသွားတဲ့ ပိုက်ဆံ သိန်းရှစ်သောင်းဆိုတာ နည်းတဲ့ပမာဏမဟုတ်ပါဘူး။ ဒီ လောက်ငွေပမာဏကို ရဲတပ်ဖွဲ့ က ဟိုလွှဲဒီလွှဲလုပ်နေတယ်။ နိုင်ငံ တော်အဆင့်ကလည်း ဘာအသံမှ မကြားရဘူးဆိုတော့ ကျွန်မတို့ တော်တော် စိတ်ဓာတ်ကျရပါ တယ်’’ဟုပြောသည်။

 အဆိုပါ လုပ်ငန်းပိုင်ရှင် ဒေါ်သက်သက်မြိုင် (ခ) ဂျူးဂျူးကို ချေးငွေသက်သေခံလုပ်ငန်း ကြီး ကြပ်ရေးကော်မရှင်ကလည်း ချေး ငွေလုပ်ငန်းသက်သေခံလက်မှတ် ဥပဒေဖြင့် အရေးယူရန် စီစဉ်နေ ကြောင်း ပြောကြားသည်။ ထို့ပြင် ရှယ်ယာရှင် တစ်ရာကျော်ကလည်း လက်မှတ်ရေးထိုး၍ ငွေကြေး လိမ်လည်မှုအကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး၊ နိုင်ငံတော်သမ္မတရုံး အပါအ၀င် ဌာန ၁၈ ခုသို့ တိုင်ကြားထားသည်။

ထွက်ပြေးတိမ်းရှောင်နေသူ ဂျူးဂျူးက ဒီဇင်ဘာ ၁၈ ရက် နေ့လယ်က ရွှေပြည်သာမြို့နယ် မြသာယာကုန်းလမ်း၌ မီဒီယာအချို့ကို ဖိတ်ခေါ်၍ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။ အဆိုပါ ရှင်းလင်းပွဲတွင် ဒေါ်သက်သက်မြိုင်က ငွေကြေးများ လိမ်လည်ခြင်း မဟုတ်ကြောင်း၊ လုပ်ငန်း အတွင်း ငွေကြေးအကျပ်အတည်းဖြစ်၍ တိမ်းရှောင်နေခြင်းဖြစ် ကြောင်း၊ ငွေတန်ဖိုးသည် သိန်းရှစ်သောင်းမရှိဘဲ ထက်ဝက်ခန့်သာရှိကြောင်း၊ လာမည့် ခြောက်လအတွင်း ပြန်လည်ဖြေရှင်းပေး မည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

More in News Section