ဆီးချိုဝေဒနာရှင် ကလေးများအတွက် ကုသရေးပါဝင်သော ဆီးချိုရောဂါပညာပေး ဆွေးနွေးခန်းမ ဖွင့်လှစ်

ဆီးချိုဝေဒနာရှင်ကလေးများအတွက် အခမဲ့ကုသရေး ပါဝင်သော ဆီးချိုရောဂါပညာပေး ဆွေးနွေးခန်းမကို မြောက်ဥက္ကလာပဆေးရုံကြီးတွင် ဒီဇင်ဘာ ၂၀ ရက်ကစတင်ဖွင့်လှစ်ခဲ့သည်။

အဆိုပါစင်တာကို ကျန်းမာ ရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ဒိန်းမတ်နိုင်ငံအစိုးရ၊ ဆီးချိုရောဂါနှင့်ပတ်သက်၍ နိုင်ငံတစ်ဝန်းလှုပ်ရှားနေသော နိုဗိုနောဒစ် (Novonordisk) အဖွဲ့အစည်းတို့ ပူးပေါင်းဖွင့်လှစ်ခြင်းဖြစ်သည်။ ယင်းစင်တာ၌ အင်ဆူလင်အခမဲ့ပေးခြင်း၊ ဆီးချိုတိုင်းကိရိယာပေးခြင်းနှင့်မိဘများအား မိမိတို့၏ ဆီးချိုဝေဒနာရှင်ကလေးများအတွက် အင်ဆူလင်ထိုးနည်း၊ အစားအသောက်စားသုံးနည်းတို့ကို အသိပညာပေးမည်ဖြစ်သည်။

‘‘ဒီစင်တာက လူနာတွေအ တွက် အများကြီးအကျိုးရှိမှာ ဖြစ်ပါတယ်။ လိုအပ်တဲ့ အသိပညာ တွေပေးမယ်။ အလကားကုပေးမှာ။ ဆီးချိုအကြောင်းသိကောင်း စရာနဲ့ ဘယ်ဆေးတွေသောက်ရ မယ်၊ ဘယ်လိုလေ့ကျင့်ခန်းတွေ လုပ်ရမယ်ဆိုတာတွေကို သင် ကြားပေးမယ်။ လူနာအသစ်တွေ အတွက်က နေ့စဉ်ဖွင့်ပေးပြီးတော့ အဟောင်းတွေအတွက်ကတော့ ရက်ချိန်းတွေနဲ့ သွားပါမယ်’’ဟု ရန်ကုန်ဆေးတက္ကသိုလ် (၂) ဆီးချိုနှင့် ဟော်မုန်းရောဂါအထူးကုဌာန ပါမောက္ခဦးကိုကိုက ပြောသည်။

ယင်းအစီအစဉ်ကို လေးနှစ် စီမံကိန်းဖြင့် ပြုလုပ်မည်ဖြစ်၍ တစ်နှစ်လျှင် ကလေးလူနာ ၂၀၀နှုန်းဖြင့် လေးနှစ်အတွင်း ကလေး လူနာ ၈၀၀ ကုသပေးမည်ဖြစ် သည်။ ယခုဖွင့်လှစ်မည့် မြောက် ဥက္ကလာပဆေးရုံကြီးကဲ့သို့ ရန်ကုန်ကလေးဆေးရုံနှင့် မန္တလေး ကလေးဆေးရုံတွင် ဆီးချိုရောဂါ ရှင်ကလေးများအတွက် ဆေးခန်းများ ဖွင့်လှစ်ကုသပေးခြင်း၊ ယင်းဆေးခန်းများ အဆင့်မြှင့်တင်ပေး ခြင်း၊ နေထိုင်စားသောက်မှုပုံစံ အသိပညာပေးလှုပ်ရှားမှုများ ပြု လုပ်ခြင်း၊ သွေးဖောက်စစ်သည့် ကိရိယာ၊ ဆီးချိုတိုင်းကိရိယာများ အခမဲ့ပေးခြင်းတို့အပြင် ကလေးလူနာမှတ်တမ်းကောက်ယူခြင်း ကိုပါ ဆောင်ရွက်မည်ဖြစ်သည်။

အချို့ကလေးငယ်များသည် ဆီးချိုရောဂါဖြင့် မွေးဖွားလာ တတ်၍ အချို့သည် မျိုးရိုးပါလာ သော်လည်း သုံး၊ လေးနှစ်အရွယ်မှ ဆီးချိုစတင်တွေ့ရသည်။ နောက် ဆက်တွဲ ဆိုးကျိုးများအနေဖြင့် အသိနောက်ကျပါက အသက်ဆုံးရှုံးနိုင်သဖြင့် မိမိတို့ရင်သွေး များ ပုံမှန်မဟုတ်ဘဲ ဆီးသွားအ လွန်များခြင်း စသည့်ဆီးချိုရောဂါ လက္ခဏာများ တွေ့ရှိပါက နီးစပ်ရာ ဆရာဝန်များနှင့်ပြသ၍ သကြားဓာတ်ကို စစ်ဆေးရန်လိုအပ်ကြောင်း ကလေးအထူးကုဆရာဝန်ကြီး ဒေါက်တာမြစန္ဒာ သိန်းက အကြံပြုသည်။

Top News