သခင်အုန်းမြင့် (၁၉၁၈-၂၀၁၀)

အသက်(၁၅)နှစ်အရွယ်တွင် မြန်မာ့နိုင်ငံရေး လောကသို့ ၀င်ရောက်လာသူ၊ သတင်းစာဆရာကြီး ဂျာနယ်ကျော်ဦးချစ်မောင်နှင့်အတူ နေထိုင်ရင်း ဂျာ နယ်ကျော်ကို ထုတ်ဝေခဲ့သူ၊ တိုးတက်ရေးသတင်း စာ သတင်းအယ်ဒီတာ၊ ၁၉၄၀ မတ်လတွင်  အိန္ဒိယ အမျိုးသားကွန်ဂရက်က ကျင်းပသော ရမ်းဂါးကွန်ဖ ရင့်သို့ သခင်အောင်ဆန်းနှင့်အတူတက်ရောက်ခဲ့သူ၊ ဖက်ဆစ်ဂျပန်တော်လှန်ရေး မြေအောက်လုပ်ငန်း များတွင် ပါဝင်ခဲ့သူ၊ ၁၉၅၈ အိမ်စောင့်အစိုးရလက် ထက်တွင် ကိုကိုးကျွန်းသို့ ပို့ဆောင်ခံရကာ တစ်ဖန် ရှစ်လေးလုံးအရေးတော်ပုံကြီးအပြီး ထောင်ဒဏ်ငါးနှစ်ချမှတ်ခံရကာ ပြန်လည်လွတ်မြောက်လာပြီး နောက် ၁၉၉၈ တွင် ထောင်ဒဏ်ခုနစ်နှစ်ထပ်မံချမှတ် ခံရသူ၊ NLD ပါတီ လူမှုအထောက်အကူအဖွဲ့ဒုဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်ခဲ့သော သခင်အုန်းမြင့်၏ နှစ်(၁၀၀)ပြည့် မွေးနေ့အထိမ်းအမှတ်စာအုပ်ဖြစ်သည်။


စာအုပ်တွင် ကိုယ်ရေးအကျဉ်း၊ သခင်အုန်းမြင့် ကိုယ်တိုင်ရေးခဲ့သော ဆောင်းပါးများ၊ မထုတ်ဝေရ သေးသော စာမူများ၊ စာအုပ်အမှာများနှင့် သခင် သိန်းမောင်၊ သခင်ချစ်မောင်(မြန်အောင်)၊ ဂျာနယ် ကျော်မမလေး၊ ဇ၀န၊ ဒဂုန်တာရာ၊ မောင်စွမ်းရည်၊ လှကွန့်၊ မောင်မိုးသူ၊ အံ့မောင်၊ ထက်မြက်၊ ခင်ဆွေ ဦး အစရှိသည့် စာရေးဆရာ၊ ဆရာမကြီးများ၏ ဆောင်းပါးများပါဝင်သည်။ ထို့အပြင် သခင်အောင် ဆန်း၊ သခင်သန်းထွန်း၊ သခင်အုန်းမြင့်၊ သခင်ခင် အောင်စသည့်ပုဂ္ဂိုလ်များပါရှိသောသမိုင်းဝင်ဓာတ်ပုံ များ၊ ကိုကိုးကျွန်းရောက်ဓာတ်ပုံများ၊ လူထုခေါင်း ဆောင် ဒေါ်အောင်ဆန်းစုကြည် ငယ်ရွယ်စဉ် အတူ ယှဉ်တွဲရိုက်ကူးထားသော ဓာတ်ပုံများ၊ လူထုဒေါ်အ မာ၊ လူထုစိန်ဝင်း၊ လေထီးဦးအုန်းမောင်တို့နှင့်အတူ တွဲလျက်ရိုက်ထားသောဓာတ်ပုံများနှင့် နာရေးခရီး မှတ်တမ်းဓာတ်ပုံများပါ ဖော်ပြထားသည်။

ငြိမ်းချမ်းရေးကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာတင် မျိုးဝင်း၏ ကျွန်တော်သိသော သခင်အုန်းမြင့် တွင် ‘ဒေါ်အောင်ဆန်းစုကြည်ကို ကျောင်းသူဘ၀ကပင် သမီးတစ်ဦးသဖွယ် ချစ်ခင်ရင်းနှီးခဲ့သော အန်ကယ် နှင့် မိသားစုဆရာဝန်ဖြစ်လာခဲ့သော ကျွန်တော်တို့သည် တက္ကသိုလ်ရိပ်သာလမ်း နေအိမ်တွင် မကြာခဏ ဆုံတွေ့ခဲ့ရပြီး ရင်းနှီးမှုပိုမိုခိုင်မာလာခဲ့ပါသည်။ အန်ကယ်သည် အကြိမ်ကြိမ် ထိန်းသိမ်းခံခဲ့ရသလို မိမိသည်လည်း နိုင်ငံရေးကြောင့် အင်းစိန်ထောင်(၃) နှစ် ရောက်ခဲ့ရသောအခါ ထောင်တွင်းအတွေ့အကြုံများ ပြန်ပြောင်းပြောဆိုတိုင်း ဒီမိုကရေစီအရေး၊ တိုင်းရေးပြည်ရေးဆွေးနွေးကြတိုင်း အန်ကယ့် မျက်ဝန်းများ စူးရှတောက်ပနေခဲ့မြဲဖြစ်ပါသည်။...သတိမပြုဘဲ မနေနိုင်သည်မှာ နိုင်ငံရေးကိစ္စများတွင် အားတက်သရောရှိလှသော အန်ကယ်သည် မိမိအတွက်၊ မိသားစုအတွက်၊ စီးပွားရေးအတွက် မည်သည့်အခါကမျှ ငဲ့ညှာထည့်တွက်ခြင်းမရှိ။ အန်ကယ့်ဘ၀တစ်လျှောက်လုံး နှလုံးသားထဲ စွဲမြဲစွာရှိခဲ့သည်မှာ ဒီမိုကရေစီရေး၊ တိုင်းပြည်တိုးတက်ရေး၊ ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးတို့သာ...’ဟု ရေးထား သည်။ တစ်ဖန် ဒေါ်အောင်ဆန်းစုကြည်၏ အန်ကယ်ဦးအုန်းမြင့် တွင် ‘အန်ကယ်ဦးအုန်းမြင့်က ယုံကြည်ချက်၊ ခံစားချက် အားကောင်းပြီး၊ ဟန်မဆောင်၊ မသွယ်မ၀ိုက်ပြောတတ်တော့ နိုင်ငံရေးအသိုင်းအ၀ိုင်းမှာ အမြင်မတူသူတွေနဲ့ ငြင်းရ၊ ခုံရတာတွေ များပါတယ်။ ဒါပေမဲ့ အန်ကယ်ဦးအုန်းမြင့်ဟာ တကယ် တော့ အင်မတန်သဘောထားကြီးပြီး အာဃာတနည်းသူဖြစ်ပါတယ်။ ကျွန်မက အန်ကယ့်ကိုစချင်ရင် ‘‘အန်ကယ်တို့ ကွန်မြူနစ်တွေက’’လို့ ပြောပါတယ်။ အန်ကယ်က ပြုံးပြီး ‘‘ကွန်မြူနစ်တွေက အန်ကယ့်ကို ‘လူတန်းစားမမှန်ဘူး၊ ကွန်မြူနစ်မစစ်ဘူး’ လို့ အမြဲဝေဖန်တယ်’’ဟု ပြန်ပြောလေ့ရှိပါတယ်။ ဒီလိုဝေဖန်တဲ့ လက်ဝဲဘက်က သိကျွမ်းမိတ်ဆွေတွေပဲဖြစ်ဖြစ်၊ အခြားဘက်စုံက မိမိတို့ယုံကြည်ချက်အရ နိုင်ငံရေးလောကမှာ ရုန်းကန်နေကြရတဲ့သူတွေပဲဖြစ်ဖြစ်၊ ဒုက္ခအခက်အခဲနဲ့ ရင်ဆိုင်ရပြီဆိုလျှင် အန်ကယ်ဦးအုန်းမြင့်က ဖြူစင်တဲ့စေတနာနဲ့ ကူညီစောင့်ရှောက်ပါတယ်။ ...အသက်ရှိစဉ်က ကျွန်မအပေါ် မေတ္တာစေတနာအပြည့်နဲ့ စောင့်ရှောက်ခဲ့ရုံမက သားသမီးများကိုလည်း ဆက်လက်စောင့်ရှောက်ဖို့ တာဝန်ကို အမွေပေးခဲ့ပါတယ်’ဟု ရေးထားပါသည်။ စာအုပ်ကို မဇ္ဈိမပဋိပဒါစာပေက ထုတ်ဝေဖြန့်ချိသည်။