KNPP တပ်ဖွဲ့ဝင်လေးဦး အသတ်ခံရမှု တပ်မတော်ခုံအဖွဲ့ စတင်စစ်ဆေး

ကရင်နီအမျိုးသား တိုးတက်ရေးပါတီ(KNPP)တပ်ဖွဲ့ဝင် လေးဦး အသတ်ခံရသည့်ကိစ္စကို တပ်မတော်စုံစမ်းစစ်ဆေးရေးခုံ အဖွဲ့က ဒီဇင်ဘာ ၂၈ ရက်တွင် စတင်စစ်ဆေးခဲ့ကြောင်း တပ်မတော် ခုံအဖွဲ့၏မေးမြန်းခြင်းခံရသည့် KNPP လွိုင်ကော်ဆက်ဆံရေးရုံး တာဝန်ခံ ခူညေးရယ်က ပြောသည်။

တပ်မတော်မှ ဗိုလ်မှူးချုပ်အဆင့် တာဝန်ရှိသူ ဦးဆောင်သည့် ခုံအဖွဲ့ သည် KNPP ကိုယ်စားလှယ်လေးဦးကို ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (လွိုင်ကော်)ဧည့်ရိပ်သာသို့ဖိတ်ခေါ်၍ နှစ်နာရီကြာ မေးမြန်းခဲ့သည်ဟု ၎င်းကဆိုသည်။

‘‘နေပြည်တော်က စေလွှတ် လိုက်တဲ့ ဗိုလ်မှူးချုပ် အောင်ခိုင် စိုး၊ သူကတော့ ကျွန်တော်တို့ကို အဖြစ်မှန်အတိုင်း ပြောပါတဲ့။ ဖြစ်စဉ်ကို ကျွန်တော်တို့သိသလောက် ပြောပါဆိုလို့ ကျွန်တော်တို့တွေ့ ပြီး ပြောလိုက်တယ်’’ဟု ခူညေး ရယ်က ဆက်ပြောသည်။

တပ်မတော်ခုံအဖွဲ့သည် အခင်းဖြစ်ပွားရာ လွိုင်ကော်မြို့နှင့် ခုနစ်မိုင်အကွာရှိ KNPP ယာယီစစ်ဆေးရေးဂိတ်အနီးရှိ ကျေးရွာနှစ်ရွာမှ ဆရာတော်တစ်ပါးနှင့် အုပ်ချုပ်ရေးမှူးတစ်ဦးတို့ကို ခေါ်ယူမေးမြန်းခဲ့သည်ဟု သိရကြောင်း ၎င်းက ဆိုသည်။

ဒီဇင်ဘာ ၁၉ ရက်က လွိုင် ကော်မြို့နှင့် ခုနစ်မိုင်အကွာရှိ KNPP ယာယီစစ်ဆေးရေးဂိတ်မှ တပ်ဖွဲ့ဝင်များက ရိက္ခာပို့ပြီး ပြန် လာသည့် တပ်မတော်ယာဉ်တန်း ကို တားဆီးရာမှ အချင်းများပြီး နောက် ဒီဇင်ဘာ ၂၀ ရက်တွင် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (လွိုင် ကော်)လက်အောက်ခံတပ်မှ တပ် ဖွဲ့ဝင်များက KNPP ရဲဘော်များ ကို ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း KNPP က ဆိုသည်။

ယင်းကိစ္စအပေါ် ဒေသကွပ် ကဲမှုစစ်ဌာနချုပ်(လွိုင်ကော်)က ရှင်းလင်းချက်ထုတ်ပြန်ရာ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားပြီး KNPPတပ်ဖွဲ့ဝင်များ သေဆုံးခြင်းဖြစ် သည်ဟု ဖော်ပြခဲ့သည်။

အခင်းဖြစ်ပွားစဉ်က တပ်ဖွဲ့ ဝင်တစ်ဦးလွတ်မြောက်ခဲ့ကြောင်း ခူညေးရယ်က ပြောကြားပြီး လက်ရှိတွင် လွတ်မြောက်သွားသည့် KNPP ရဲဘော်သည် နယ်စပ်ရှိ တပ်စခန်းတွင် ရှိနေသည်ဟုဆိုသည်။

‘‘ပြန်လွတ်လာတဲ့ ကျွန်တော် တို့လူတစ်ယောက်ရဲ့ထွက်ဆို ချက်အရ တိုက်ပွဲဖြစ်တာမဟုတ် ဘူး။ အသားလွတ်ပစ်သတ်ခံရ တာပဲလို့ ကျွန်တော်တို့ဖြစ်စဉ်အ တိုင်းပဲ ပြောပါတယ်’’ဟု ခူညေး ရယ်က ပြောသည်။

အဆိုပါ ထွက်ပြေးလွတ် မြောက်ခဲ့သည့် KNPP တပ်ဖွဲ့ဝင် ကို တွေ့ဆုံမေးမြန်းလိုသည်ဟု တပ်မတော်ခုံအဖွဲ့တာဝန်ရှိသူ များက တောင်းဆိုကြောင်း ခူညေးရယ်က ပြောသည်။ ဒကစ(လွိုင် ကော်)မှ တာဝန်ရှိသူများကိုလည်း တပ်မတော်ခုံအဖွဲ့က စစ်ဆေး မည်ဟု ယူဆရကြောင်း ၎င်းက ပြောသည်။

တပ်မတော်ခုံအဖွဲ့ လွိုင် ကော်သို့ လာရောက်စစ်ဆေးခြင်း နှင့်ပတ်သက်၍ ဒကစ (လွိုင်ကော်)မှ ဗိုလ်မှူးမျိုးမင်းထံ ဆက်သွယ် ရာ အဆက်အသွယ် မရပေ။

KNPP ရဲဘော်လေးဦးသေ ဆုံးသည့်ကိစ္စနှင့် ပတ်သက်၍ ကယားပြည်နယ်အစိုးရအဖွဲ့က နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည့် အမျိုးသားပြန်လည်သင့်မြတ်ရေး နှင့် ငြိမ်းချမ်းရေးဗဟိုဌာန(NRPC) သို့ တင်ပြထားသည်။

ဒီဇင်ဘာ ၂၉ ရက် (ယနေ့)တွင် ဒေါ်အောင်ဆန်းစုကြည် သည် ကယားပြည်နယ် လွိုင်ကော်မြို့တွင် ဒေသခံလူငယ်များနှင့် ငြိမ်းချမ်းရေးစကားဝိုင်း ပြုလုပ် မည်ဖြစ်သည်။

အစိုးရနှင့် ပြည်ထောင်စုအ ဆင့်၊ ပြည်နယ်အဆင့် အပစ်ရပ် စဲရေး ဆောင်ရွက်ထားသည့် KNPP အဖွဲ့က ယခုဖြစ်စဉ်နှင့် ပတ်သက်၍ နှစ်ဖက်ကိုယ်စား လှယ်များပါဝင်သော စုံစမ်းစစ် ဆေးရေးအဖွဲ့ဖြင့် စစ်ဆေးရန် အဆိုပြုထားသည်။ KNPP သည် လက်ရှိတွင် တစ်နိုင်ငံလုံးအပစ် အခတ်ရပ်စဲရေး သဘောတူစာ ချုပ် (NCA)လက်မှတ်ထိုးနိုင်ရေး ညှိနှိုင်းနေသည့်အဖွဲ့ဖြစ်သည်။