စတုတ္ထမဏ္ဍိုင်ကို မဏ္ဍိုင်သုံးရပ်နှင့် တန်ဖိုးချင်းညှိရန် မသင့်လျော်ကြောင်း မကွေးဝန်ကြီးချုပ်ဆို

မကွေးတိုင်းဝန်ကြီးချုပ်ဒေါက်တာအောင်မိုးညို မီဒီယာများအား ဖြေကြားနေစဉ် (ဓာတ်ပုံ − နိုင်လင်း)

မီဒီယာများကို စတုတ္ထ မဏ္ဍိုင်ဟု တင်စားခေါ်ဝေါ်လေ့ရှိ သော်လည်း ဥပဒေပြုရေး၊ အုပ် ချုပ်ရေး၊ တရားစီရင်ရေးမဏ္ဍိုင် များနှင့် နှိုင်းယှဉ်၍ တန်ဖိုးချင်းညှိ ရန် မသင့်လျော်ကြောင်း မကွေး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညိုကပြောသည်။

ရွှေဂုံတိုင်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီရုံးချုပ်၌ ဒီ ဇင်ဘာ ၃၀ ရက်က ကျင်းပသည့် ဒီချုပ်ပထမဗဟိုကော်မတီ အဋ္ဌမ အကြိမ်အစည်းအဝေး ခေတ္တရပ်နားစဉ် သတင်းထောက်တစ်ဦး က နှစ်သစ်ကူးစကား မေးမြန်းစဉ် ၎င်းက ထိုသို့ပြောကြားသည်။


‘‘စတုတ္ထမဏ္ဍိုင်ဆိုပြီးတော့ တရားဝင်သဘောမျိုးကြီး ဥပဒေ ပြုရေးမဏ္ဍိုင်၊ အုပ်ချုပ်ရေးမဏ္ဍိုင်၊ တရားစီရင်ရေးတို့နဲ့ လိုက် ယှဉ်ပြီးတော့ တန်ဖိုးချင်းသွားညှိ လို့တော့ မတော်ဘူး။ ပညတ်သ ဘောအရတော့ စတုတ္ထမဏ္ဍိုင်ဆို တာ တင်စားပြောဆိုခြင်း တစ်ခု ပဲ’’ဟု ဒေါက်တာအောင်မိုးညိုက ပြောသည်။

ဒီမိုကရေစီနိုင်ငံများတွင် မီဒီ ယာများ မရှိမဖြစ်လိုအပ်ပြီး မီဒီ ယာများ၏ အရေးပါမှုကို အသိအ မှတ်ပြုသော်လည်း မီဒီယာများ အနေဖြင့် ဘက်လိုက်မှုမရှိဘဲ လူထုထံ သတင်းတင်ပြနိုင်ရန် လို အပ်ကြောင်း ၎င်းကဆိုသည်။

လက်ရှိ အစိုးရလက်ထက် တွင် သတင်းမီဒီယာလွတ်လပ်ခွင့် ပိုမိုရရှိရန် မျှော်လင့်ထားသော် လည်း အကျပ်အတည်းနှင့် ရင် ဆိုင်နေရကြောင်း ဝေဖန်မှုများရှိ နေချိန်တွင် မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်က မီဒီယာနှင့် ပတ် သက်၍ ထိုသို့မှတ်ချက်ပြုသည်။

ပထမအကြိမ် လွှတ်တော် သက်တမ်းတွင် အတည်ပြုပြဋ္ဌာန်း ခဲ့သည့် သတင်းမီဒီယာဥပဒေ၏  ရည်ရွယ်ချက်များတွင် သတင်းမီ ဒီယာလုပ်ငန်းသည် စတုတ္ထမဏ္ဍိုင်အဖြစ် ပီပြင်စွာ ရပ်တည်နိုင်ရန်ဟု ဖော်ပြထားကြောင်း မြန်မာဂျာနယ်လစ်ကွန်ရက် အလုပ်အမှုဆောင် ဦးဇေယျာလှိုင်က ထောက်ပြသည်။

‘‘စတုတ္ထမဏ္ဍိုင်ဆိုတဲ့ စကား လုံးက အခုမှပေါ်လာတာ မဟုတ် ဘူး။ ၁၇၈၇ ခုနှစ်က အက်ဒမန် ဘာ့ခ်ဆိုတဲ့ ပုဂ္ဂိုလ်က အင်္ဂလန် က လွှတ်တော်ထဲမှာ စပြီးပြောခဲ့ တယ်ဆိုတာကို သူမသိလို့ ပြော တယ်လို့ပဲ ကျွန်တော် ယူဆပါ တယ်’’ဟု ၎င်းက တုံ့ပြန်သည်။

မီဒီယာသမားများအနေဖြင့် မိမိအလုပ်ကို မှန်မှန်ကန်ကန် ဆောင်ရွက်ရန် လိုအပ်ပြီး အာ ဏာပိုင်များအနေဖြင့်လည်း မီဒီ ယာ၏ အခန်းကဏ္ဍကို အသိအ မှတ်ပြု နားလည်ပေးရန် လိုအပ် ကြောင်း မြန်မာနိုင်ငံ သတင်းမီဒီ ယာကောင်စီ ဒုတိယဥက္ကဋ္ဌ (၁) ဦးအောင်လှထွန်းက မှတ်ချက်ပြု သည်။

‘‘မီဒီယာတွေသာ ကိုယ့်အ လုပ် ကိုယ်မလုပ်ခဲ့ရင် ဘယ်တော့မှ ဒီအခြေအနေမျိုး မရောက်ပါဘူး။ အဲဒါတော့ ကျွန်တော် ပြော ရဲပါတယ်။ မီဒီယာကို အာဏာပိုင် အသိုင်းအဝိုင်းတွေက နားမလည် သရွေ့ကတော့ ကျွန်တော်တို့ရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး မှာ တော်တော်လေးကို အဖုအ ထစ်တွေတော့ ရှိနေဦးမှာပါပဲ’’ ဟု ၎င်းကပြောသည်။