နိုင်ကျဉ်းဟောင်း ပန်းချီစန်းဇော်ထွေး ဈာပနကို နယ်ပယ်စုံက လိုက်ပါပို့ဆောင်

နိုင်ကျဉ်းဟောင်း ပန်းချီစန်းဇော်ထွေး ဈာပနတွင် မြင်တွေ့ရသည့် လိုက်ပါပို့ဆောင်သူအချို့ (ဓာတ်ပုံ − နစ်ကီ)

 နိုင်ငံရေးအကျဉ်းသား ဟောင်း ပန်းချီစန်းဇော်ထွေး၏ နောက်ဆုံးခရီးဈာပနကို ဇန်နဝါရီ ၂ ရက်က ရေဝေးသုသာန်တွင် ပြုလုပ်ရာ နိုင်ငံတော်စာပေပန်းချီ နှင့် ပရဟိတအသိုင်းအဝိုင်းမှ ပုဂ္ဂိုလ်များ လိုက်ပါပို့ဆောင်ခဲ့ သည်။ ကိုစန်းဇော်ထွေးသည် အ သည်းကင်ဆာရောဂါဖြင့် ဒီဇင် ဘာ ၃၁ ရက်က ကွယ်လွန်ကာ ကွယ်လွန်ချိန်တွင် အသက် (၄၄) နှစ်ရှိပြီဖြစ်သည်။

ပန်းချီစန်းဇော်ထွေးသည် တပ်မတော်အစိုးရလက်ထက် နိုင်ငံရေး လှုပ်ရှားမှုများကြောင့် ယခုအခါ ဖျက်သိမ်းပြီးဖြစ်သော အရေးပေါ် စီမံမှုအက်ဥပဒေပုဒ်မ ၅ (ည)၊ မတရာအသင်း ဆက် သွယ်မှု ပုဒ်မ ၁၇ (၁) စသည့် နိုင်ငံရေးပုဒ်မများဖြင့် ဖမ်းဆီးထိန်း သိမ်းခံရကာ ထောင်ထဲ၌ ၁၃ နှစ် ကျော်နေထိုင်ခဲ့ရသူဖြစ်သည်။

အကျဉ်းထောင်ထဲတွင် အ မှိုက်များ၊ စွန့်ပစ်ပစ္စည်းများဖြင့် အနုပညာများ ဖန်တီးကာ နိုင်ငံရေးအကျဉ်းသားဘဝကို ဖြတ်သန်းခဲ့ ပြီး ၂၀၁၃ တွင် နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်ခဲ့သည်။ ထောင်မှ ပြန်လွတ်မြောက်ပြီး နောက်တွင် Recycle Art ပညာရှင်အဖြစ် ရပ်တည်ခဲ့သည်။ 

ထောင်တွင်း ရေးဆွဲထားသောပန်းချီများဖြင့်ပင် ငါးနှစ်အတွင်း တစ်ကိုယ်တော်ပန်းချီပြပွဲ ငါးကြိမ် ပြုလုပ်ခဲ့သည်။

ကိုစန်းဇော်ထွေးသည် ပရ ဟိတလုပ်ငန်းများ ဆောင်ရွက်သ လို သဘာဝဘေးကြောင့် မိဘဆုံး ရှုံးရသည့် ကလေးများ၊ HIV ကူး စက်ခံထားရသော ကလေးများ အား အသုံးပြုပြီးသား ပစ္စည်းများ ဖြင့် အနုပညာဖန်တီးခြင်းကို သင် ကြားခဲ့သူ ဖြစ်သည်။ သူ၏ဆောင် ရွက်ချက်များကြောင့် ၂၀၁၄ တွင် နိုင်ငံရေးအကျဉ်းသား အနု ပညာရှင်များကို ချီးမြှင့်သည့် အ ထူးဂုဏ်ပြုဆုတစ်ဆုဖြစ်သော လန်ဒန်မြို့ရှိ a/Political gallery က ပေးအပ်ချီးမြှင့်သည့် Artraker Award ဆု ရရှိခဲ့သည်။

ကိုစန်းဇော်ထွေး ဈာပနတွင် ၎င်းရေးဆွဲသည့် ပန်းချီကားအ ချို့ကိုလည်း ဝမ်းနည်းကြောင်း အထိမ်းအမှတ်အဖြစ် ခင်းကျင်းပြ သခဲ့သည်။ နယ်ပယ်အသီးသီးမှ ပုဂ္ဂိုလ်များ၏ လွမ်းသူ့ပန်းခွေများအကြား ကိုစန်းဇော်ထွေး တပိုင်းတစသာ ရေးဆွဲရသေးသည့် ဒေါင်းရုပ်ပန်းချီကားကြီးကလည်း နေရာယူထားခဲ့သည်။

‘‘မမှည့်ခင်မှာ ကြွေသွားတဲ့ အခြေအနေ တစ်ခုလိုခံစားရပါ တယ်။ သူဟာ အနာဂတ် မျိုး ဆက်တွေအတွက် တတ်နိုင်သမျှ  စံပြတစ်ယောက်အဖြစ် နေသွား ပေးတယ်လို့ ကျွန်တော်စန်းဇော် ထွေးကို ချီးမွမ်းပါတယ်’’ ဟု ၈၈ မျိုးဆက်ကျောင်းသား ခေါင်း ဆောင်ဦးဂျင်မီက ဈာပနတွင် ပြောကြားသည်။

ကိုစန်းဇော်ထွေး အကျဉ်းကျ ခံရစဉ် အမှုတွဲကိုးဦးတွင် ပါဝင်သူ များက ၎င်း၏နောက်ဆုံး ဈာပနအထိ လိုက်ပါပို့ဆောင်ခဲ့ပြီး ဝမ်းနည်းစကားဆိုသည်။

‘‘သူက ကျွန်တော်တို့စိတ် ထက်ဖြူတယ်။ ကျွန်တော်တို့ ဘ ဝနေထိုင်ခြင်းထက် ပိုဖြူစင်စွာနေ ထိုင်ခဲ့တယ်။ ကျွန်တော့်နိုင်ငံရေး သက်တမ်းတစ်လျှောက်မှာ ကျွန် တော်အလေးပြုခဲ့ရတဲ့၊ ကျွန်တော့် ထက်ငယ်တဲ့ သူတွေများပါတယ်။ အဲဒီလိုအလေးပြုရတဲ့ သူထဲမှာ ကိုစန်းဇော်ထွေးပါပါတယ်’’ ဟု ကိုစန်းဇော်ထွေး၏ နိုင်ငံရေးလုပ် ဖော်ကိုင်ဖက် ကိုကျော်စွာလင်း ကဈာပနတွင် ပြောသည်။

ထို့အတူ ပန်းချီးထိန်လင်း၊ စာရေးဆရာမနှင်းပန်းအိမ်တို့က ကိုစန်းဇော်ထွေးနှင့် ပတ်သက်သည့် အမှတ်တရအဖြစ်အပျက်တို့ကို ဈာပနအခမ်းအနားတွင် ပြောကြားသည်။ သူငယ်ချင်းများက ရေးသားထားသည့် ကိုစန်းဇော်ထွေး အမှတ်တရကဗျာများကို  နာရေးလိုက်ပါပို့ဆောင်သူများအား ဝေငှခဲ့ရာ ကိုစန်းဇော်ထွေးကို လေးစားတန်ဖိုးထားသူများအတွက် ဝမ်းနည်းမှုပိုစေခဲ့သည်။

ကိုစန်းဇော်ထွေး အစ်ကို ကိုစန်းဇော်ဦး ရေးသားသည့် ‘‘ညီလေးရေ...  မင်းခွန်အားရှိသ လောက် လောကကြီးအတွက် တာဝန်ကျေခဲ့ပြီပဲ။ အစ်ကိုမင်းအ တွက် ဂုဏ်ယူပါတယ်’’ ဟူ၍ လည်းကောင်း၊ ပန်းချီထိန်လင်း၏ ‘‘ကောင်းကင်က ကြယ်ကြွေတာပဲ မြင်ချင်တယ်။ ရင်ထဲကကြယ် ကြွေတာတော့ မမြင်ချင်ပါ ညီ လေးရေ...’’ စသဖြင့် အမှတ်တရ ရေးသားသည့် ကဗျာများကို ဖော် ပြခဲ့သည်။

ကိုစန်းဇော်ထွေး ကွယ်လွန်ချိန်တွင် မိဘနှစ်ပါးဖြစ်သည့် ဦးစန်းလှိုင်၊ ဒေါ်အုန်းခင်နှင့် မွေး ချင်းငါးဦးကျန်ရစ်သည်။