ဒေါ့ဆန်းဘွန်းအတွက် နှစ်ကူးလက်ဆောင်

ဒေါ့ဆန်းဘွန်းကျေးရွာ ဒေသခံတိုင်းရင်းသူများ ဗိုင်းငင်နေစဉ် စိတ်ဝင်တစားကြည့်ရှုနေသော ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ - စိုင်းဇော်)

လွိုင်ကော်မြို့နှင့် နှစ်မိုင်ခန့်သာ ကွာဝေးပြီး လည်တိုင်များထက် ဝယ် ကြေးကွင်းများ ဝတ်ဆင်ထား သော ကယန်းတိုင်းရင်းသားများ နေထိုင်ရာ ရွာလေးတစ်ရွာသို့ ၂၀၁၇ ကုန်ဆုံးရန် ရက်ပိုင်းမျှလိုတော့ချိန်တွင် နှစ်ကူးလက်ဆောင်တစ်ခု ရောက်ရှိလာခဲ့သည်။ ဒေါ့ဆန်းဘွန်းဟု အမည်ရှိသည့် ရွာငယ်အတွက် နှစ်ကူးလက်ဆောင်အနေနှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစု ကြည် အချိန်ပေးလာရောက်လည် ပတ်ခြင်းဖြစ်သည်။

ကယားပြည်နယ်ရှိ တိုင်းရင်းသားလူငယ်များနှင့် ငြိမ်းချမ်းရေး စကားဝိုင်းပြုလုပ်ရန် လွိုင်ကော်မြို့သို့ လာရောက်သော ဒေါ်အောင်ဆန်းစုကြည်က ခရီးစဉ် အတွင်း တစ်နာရီခန့်ကြာ ဒေါ့ဆန်းဘွန်းသို့ သွားရောက်လည် ပတ်ခဲ့သည်။

 ဒေါ်အောင်ဆန်းစုကြည်၏ ခြောက်နာရီကျော်ကြာ ခရီးစဉ်အ တွင်း မူလရည်ရွယ်ချက်ဖြစ်သော ငြိမ်းချမ်းရေး စကားဝိုင်းပြီးလျှင်  ဒုတိယ အချိန်အများဆုံးပေးခဲ့ သော နေရာတစ်ခုဖြစ်ခဲ့သည်။

ဒေါ့ဆန်းဘွန်းရွာတွင် အိမ် ခြေ ၈၀ ကျော်သာ ရှိသေးပြီး အသက်မွေးဝမ်းကျောင်းအဖြစ် တောင်ယာလုပ်ငန်းကို အဓိက လုပ်ကိုင်သည်။

 တောင်ယာလုပ်ငန်းအပြင် ၎င်းတို့ ရိုးရာချည်ထည်လုံချည်၊ အင်္ကျီ၊ ထဘီများ ရက်လုပ်ခြင်းနှင့် ကြေးသွန်းလက်မှု ပစ္စည်းများကို လည်း ပြုလုပ်ရောင်းချခြင်းဖြင့် ဝင်ငွေရှာဖွေသူများရှိသည်။

ယခုကဲ့သို့ ဒေါ့ဆန်းဘွန်းရွာ လေးကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် အချိန်ပေးလာရောက် လည်ပတ်အားပေးခဲ့၍ ရွာကို လူ သိများလာကာ ၎င်းတို့ထုတ်လုပ် ထားသည့် ရိုးရာပစ္စည်းများကို ပိုမို ရောင်းချနိုင်မည်ဟု ဒေသခံများက ယုံကြည်နေသည်။


မိမိအတွက် တည်ခင်းထားသော မုန့်များကို ဒေသခံကလေးငယ်များအား ကျွေးနေစဉ် (ဓာတ်ပုံ-စိုင်းဇော်)

‘‘အမေစု လုပ်ပေးတာဆို တော့ လူတွေက လာကြည့်ကြမယ် လို့ မျှော်လင့်တယ်’’ဟု လည်ပင်း နှင့် ခြေလက်တို့တွင် စွပ်ထားသည့် ကြေးကွင်းများကို လှုပ်ခါရင်း အ သက် (၄၅)နှစ်အရွယ် ဒေသခံ ကယန်းအမျိုးသမီးကြီး မူဆာက လေသံဝဲဝဲဖြင့် ရယ်မောကာ ဆို သည်။

ဒေါ်အောင်ဆန်းစုကြည် လာရောက်လည်ပတ်မည်ဆို၍ ဒေါ့ ဆန်းဘွန်းတွင် ကယန်းယဉ်ကျေး မှု ရိုးရာပစ္စည်းများ ခင်းကျင်းပြသ ရန် ရိုးရာတဲ ၁၀ လုံးကို ပြည်နယ် အစိုးရက အလျင်အမြန်ဖန်တီး ပေးခဲ့သည်။

ယင်းတဲ ၁၀ လုံး ဆောက် လုပ်ရေး အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန တာဝန်ယူဆောင်ရွက်ပြီး ရောင်းချရေး ကျေးရွာအုပ်ချုပ်ရေးမှူးက တာဝန်ယူနေရာချထား ပေးခဲ့သည်။

ယခုကဲ့သို့ ရိုးရာတဲများဖြင့် ခင်းကျင်းရောင်းချနိုင်ရေး တင်ပြ ခဲ့သည်မှာ ခုနစ်နှစ်ခန့်ရှိပြီဖြစ် ကြောင်း ဒေသခံရွာသားများက ဆိုသည်။ ယခင်က ပစ္စည်းပြသ ရောင်းချရန် ရိုးရာတဲသုံးလုံးသာရှိ သည်။

‘‘ဒီလိုဖြစ်လာတာ အမေစု မလာခင် နှစ်ရက်လောက်အလို ပေါ့’’ဟု အသက် (၃၀)အရွယ် ဒေါ့ဆန်းဘွန်းကျေးရွာသူ ‘ပု’က ပြောသည်။

အတိုင်ပင်ခံပုဂ္ဂိုလ်က ဒေါ့ ဆန်းဘွန်းကျေးရွာသို့ ရောက်ရှိစဉ် ရိုးရာအရောင်းဆိုင်အဖြစ် ခင်း ကျင်းပြသထားသည့် တဲ ၁၀ လုံးမှ မတူညီသည့် ပစ္စည်းများကို ဝယ် ယူအားပေးခဲ့သည်။

‘‘ကျွန်မဆိုင်ကို ဝင်လာတဲ့အ ခါ လက်ဆောင်အဖြစ် လက်ပတ် ပတ်ပေးတော့ အမေစုက ကျေးဇူး တင်တဲ့အကြောင်း ပြန်ပြောသွား တယ်’’ဟု မူဆာက သူ့ဆိုင်တွင်း သို့ ဒေါ်အောင်ဆန်းစုကြည် ဝင် ရောက်အားပေးခဲ့သည်ကို ပြန် ပြောပြသည်။

 မူဆာကိုယ်တိုင် ရက် လုပ်ထားသော ရိုးရာစောင်ကို ဒေါ်အောင်ဆန်းစုကြည်က ကျပ် ၃၀,၀၀၀ ပေး ဝယ်ယူခဲ့သလို ဆိုင် တစ်ဆိုင်လျှင် အနည်းဆုံး ကျပ် ၂၀,၀၀၀ ဖိုးထက်မနည်း ဝယ်ယူ အားပေးသွားကြောင်း မူဆာက ပြောပြသည်။

 ဝယ်ယူအားပေးခဲ့သဖြင့် ဒေါ်အောင်ဆန်းစုကြည်အား က ယန်းစကားဖြင့် အဘာသာရောရိန် (ကျေးဇူးတင်ပါတယ်)ဟု ကျေး ဇူးစကားဆိုခဲ့ကြောင်း မူဆာကဆိုသည်။

 ဒေါ်အောင်ဆန်းစုကြည် လွယ်အိတ်တစ်လုံးနှင့် ထဘီတစ် ထည် ဝယ်ယူသွားခဲ့သောဆိုင်မှ အသက် (၄၀)ကျော်အရွယ် ကယန်းအမျိုးသမီး မေ့ဖေ့က ဒေါ်အောင်ဆန်းစုကြည်ကို လူ ကိုယ်တိုင် ပထမဆုံးမြင်ဖူးခြင်းဖြစ် ကြောင်းဆိုသည်။ မြန်မာစကား ကောင်းကောင်းနားမလည်၍ နှုတ်မဆက်လိုက်ရသော်လည်း စိတ်ထဲ တွင် အမြဲသတိရနေမည်ဟု ကြိုး လေးချောင်းတပ် ကယန်းဂျစ်တာ ကိုငုံကာ ကြိုးညှိရင်း အရယ်တစ် ဝက်ဖြင့် စကားဆိုသည်။


ဒေါ့ဆန်းဘွန်းကျေးရွာမှ ကယန်းတိုင်းရင်းသားကလေးငယ်များ (ဓာတ်ပုံ-စိုင်းဇော်)

အတိုင်ပင်ခံပုဂ္ဂိုလ်ကို ဒေါ့ ဆန်းဘွန်းဒေသခံများက ရိုးရာအ စားအသောက်များဖြင့် ဧည့်ခံကျွေးမွေးသည့်အပြင် ကယန်းရိုးရာ သီချင်းနှစ်ပုဒ်ဖြင့် ကပြဖျော်ဖြေခဲ့ သည်။

‘‘ဘမျှော် (မိဘမျှော်) အကနဲ့ ကယန်းဓလေ့ အကြောင်းပါတဲ့ သီချင်းတစ်ပုဒ်နဲ့ပေါ့’’ဟု အက အဖွဲ့တွင် ကိုယ်တိုင်ပါဝင်ဖျော်ဖြေ ပေးခဲ့သော ပုက ပြောသည်။

ဆက်လက်၍ သူက လေ သံကို ပုံမှန်ထက်အနည်းငယ် အသံမြှင့်၍ ‘‘အမေစုက စိတ်ဝင်တစား ကြည့်နေတာတွေ့တော့ အရမ်း လည်း ဝမ်းသာတယ်’’ဟုဆိုသည်။

ကယန်းရိုးရာအကဖြင့် ဖျော် ဖြေမှုအပြီးတွင် ဒေါ်အောင်ဆန်းစု ကြည်က သူ့အတွက် တည်ခင်း ထားသည့် အစားအသောက်များ ဖြင့် ဧည့်ခံကြိုဆိုခဲ့သော ကလေးငယ်များကို ခေါ်ယူကာ သူနှင့်အ တူ လက်ရည်တစ်ပြင်တည်း စား သောက်စေခဲ့သည်။

‘‘ကလေးတွေပဲနော် လူကြီး တွေမပါဘူး’’ဟု ဒေါ်အောင်ဆန်းစုကြည်က အရွှန်းဖောက်ပါသည်။

 ဒေါ်အောင်ဆန်းစုကြည်၏ နွေးထွေးသည့် ဆက်ဆံရေးက ဒေသခံတိုင်းရင်းသားများအတွက် ခွန်အားဖြစ်စေခဲ့သည်။

‘‘အဲဒီလိုလုပ်တော့ တအား ကြည်နူးဝမ်းသာတာပေါ့။ အမေစု ဖြစ်ပြီးတော့ ကျွန်မတို့ကို ဒီလိုနီးနီး ကပ်ကပ်လေးနဲ့ နွေးနွေးထွေးထွေး ဆက်ဆံတာ။ ခွဲခြားမှုမရှိဘူး’’ဟု ပုက သူ၏ အမြင်ကို စေ့ထားသော ပါးစပ်မှ သွားလေးများပေါ်သည် အထိ ရယ်မောရင်းပြောပြသည်။

 ဒေါ်အောင်ဆန်းစုကြည်က ကြေးကွင်းများစွပ်ထားပြီး ရိုးရာ ဝတ်စုံများဖြင့် ဧည့်ခံကြိုဆိုခဲ့သော ကလေးငယ်များသည် အလွန်ချစ် စရာကောင်းကြောင်း မှတ်ချက်ပြု ခဲ့သည်။

ဒေါ့ဆန်းဘွန်းရွာရောက် အ တိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်အကြောင်းကို မေးမြန်းရာ နိုင်ငံအတွက် မည်၍မည်မျှ လုပ် ကိုင်ပေးခဲ့ကြောင်းကို အသေးစိတ် မသိရှိမပြောပြတတ်သော်လည်း ဒီမိုကရေစီအရေး ကြိုးစားခဲ့သည် များကို ကောင်းစွာသိရှိကြောင်း ပုက ဆိုသည်။

‘‘သူက နိုဗယ်ဆုရထားတယ် ဆိုတာကိုတော့ အသေအချာလေး သိထားတယ်’’ဟု ပုက ကယန်း သံဝဲဝဲဖြင့် ဆက်လက်စကားဆို သည်။

ထို့အပြင် ဒေါ်အောင်ဆန်းစု ကြည် လှုပ်ရှားမှုများသည် အသက်အရွယ်နှင့် မလိုက်အောင် လျင်မြန်သွက်လက်သည်ဟု ပုက မှတ်ချက်ပေးသည်။

‘‘အသက်ကတော့ ကြီးတယ်။ဒါပေမဲ့ လူကတော့ နုတယ်။ လွတ် လပ်တယ်’’ဟု သူကပြောသည်။

ပဒေါင်လူမျိုးအများစု နေ ထိုင်သည့် ဒေါ့ဆန်းဘွန်းကျေးရွာ လေးသို့ အတိုင်ပင်ခံပုဂ္ဂိုလ်ရောက် ရှိလာခြင်းက သူတို့၏ လူမျိုးအ တွက် မမေ့နိုင်သည့် အဖြစ်အပျက် တစ်ခုဖြစ်ပြီး သားစဉ်မြေးဆက်ကို ဂုဏ်ယူစွာဖြင့် စကားလက်ဆင့် ကမ်းနိုင်သည့် အခွင့်အရေးများ ရရှိခဲ့ကြောင်း အများစုကဆိုသည်။

‘‘နောက်နောင် ကလေးတွေ က မေးခဲ့ရင်လည်း ဖြေနိုင်တာ ပေါ့။ အမေစု တွေ့ဖူးလားဆို တွေ့ဖူးတယ်ပေါ့။ အဲဒီလိုပြောမှာပေါ့။ ရွာကိုလာလည်တယ်။ တိုင်းရင်း သားအိမ်တွေ ဆောက်ပေးတယ် ဆိုတာတွေ ပြောပြမှာပေါ့’’ဟု ပုကဆိုသည်။        ။