ခုနစ်မိုင်ကုန်းပဟေဠိ

အခင်းဖြစ်ပွားခဲ့သည့် ခုနစ်မိုင်ကုန်းရှိ KNPPကင်းတဲကို ဒီဇင်ဘာလကုန်ပိုင်းက တွေ့ရစဉ် (ဓာတ်ပုံ-စိုင်းဇော်)

ကယားပြည်နယ် လွိုင်ကော်နှင့် ခုနစ်မိုင်ခန့် အကွာတွင်ရှိသော တောင်ကုန်းငယ်တစ်ခု၌ လွန် ခဲ့သည့် ၁၀ ရက်ကျော်က ပြည် နယ်၏ တည်ငြိမ်အေးချမ်းမှုသာမ က ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကိုပါ ထိခိုက်စေနိုင်သော ဖြစ်ရပ်တစ်ခု ပေါ်ပေါက်ခဲ့သည်။

ခုနစ်မိုင်ကုန်းဟု ဒေသခံများခေါ်ဆိုသည့် ယင်းနေရာရှိ ၁၀ ပေခန့် တဲတစ်လုံးအတွင်းမြင်ကွင်းက သာယာလှပသော ပတ်ဝန်း ကျင် တောတောင်အလှတရားနှင့် ဆန့်ကျင်စွာပင်။

တဲအတွင်း၌ စစ်ဖိနပ်များ၊ အိုးခွက်ပန်းကန်များ၊ စောင်၊ ခြင် ထောင်၊ အဝတ်အစားများ၊ ဖုန်း ဘက်ထရီဓာတ်ခဲအချို့နှင့် စာရွက် စာတမ်းများ အပါအဝင် တဲအတွင်း ရှိ ပစ္စည်းများကို ဟိုနေရာ၊ သည် နေရာပြန့်ကျဲ ဖရိုဖရဲတွေ့ရသည်။

ဒီဇင်ဘာ ၂၀ ရက် နံနက် က ဒေသတွင်း လက်နက်ကိုင် အ ဖွဲ့တစ်ခုဖြစ်သော ကရင်နီအမျိုး သားတိုးတက်ရေးပါတီ (KNPP) အဖွဲ့ဝင်သုံးဦးနှင့် အရပ်သားတစ် ဦးသေဆုံးခဲ့သည့် နေရာဖြစ်သည်။

နယ်စပ်တပ်စခန်းများသို့ ရိက္ခာပို့ပြီး ပြန်လာသည့် တပ်မ တော်ယာဉ်တန်းကို  ဒီဇင်ဘာ ၁၉ ရက် ညနေက KNPP အဖွဲ့ဝင်များက တားဆီးခြင်းအပေါ် မကျေနပ် ၍ ဒကစ (လွိုင်ကော်) လက် အောက်ခံတပ်များက ဒီဇင်ဘာ ၂၀ ရက် နံနက်တွင် လာရောက်၍ KNPP တပ်ဖွဲ့ဝင်များကို ဖမ်းဆီး ခဲ့ကြောင်း KNPP လွိုင်ကော် ဆက်ဆံရေး ရုံးတာဝန်ခံ ခူညေးရယ်က ပြောသည်။

ယင်းဖြစ်ရပ်ကြောင့် အစိုးရ နှင့် KNPP တို့အကြား ခြောက်နှစ် ခန့်အကြာ ထိန်းသိမ်းထားသည့် အပစ်အခတ်ရပ်စဲရေး ပျက်ပြယ် မည်ကို ဒေသခံများက စိုးရိမ်နေ သည်။ ထိုမှတစ်ဆင့် တစ်နိုင်ငံ လုံးအပစ်ရပ်စာချုပ် (NCA) ညှိနှိုင်း မှု ပျက်ပြယ်မည်ကိုလည်း စိုးရိမ် ကြောင်း ဒေသခံများနှင့်လူမှုအဖွဲ့ အစည်းများက ဆိုသည်။

ယင်းသေဆုံးမှု ဖြစ်ရပ်သည် အပြန်အလှန် ပစ်ခတ်၍သာဖြစ် ကြောင်း ဒကစ (လွိုင်ကော်) က ရှင်းလင်းချက် ထုတ်ပြန်ခဲ့ကာ ရရှိပြီး ငြိမ်းချမ်းရေး မပျက်စီးရန် ဆက်လက် ထိန်းသိမ်းဆောင်ရွက် နေကြောင်း ဖော်ပြသည်။

ဒကစ (လွိုင်ကော်) ဘက်စုံ စိုက်ပျိုးမွေးမြူရေးခြံတွင် အသုံးပြု ရန် မျောတိုင်များ သယ်ဆောင် လာမှုအပေါ် နောက်တစ်ကြိမ် သယ်ဆောင်လာပါက လူရော ကားပါ မီးရှို့ပစ်မည်ဖြစ်ကြောင်း ဘက်တံဆိပ်မပါ၊  ပြောက်ကျား ယူနီဖောင်းဝတ် ၁၅ ဦးပါသော အဖွဲ့က ခြိမ်းခြောက်ပြောဆိုခဲ့၍ နယ်မြေစိုးမိုးရေး စစ်ကြောင်းများ နှင့် တွေ့ဆုံတိုက်ပွဲဖြစ်ရကြောင်း ဒကစ (လွိုင်ကော်) ၏ ရှင်းလင်း စာတွင် ဖော်ပြသည်။

တိုက်ပွဲဖြစ်ပွားရာ၌ ပြောက် ကျားယူနီဖောင်းဝတ် လက်နက် ကိုင်ငါးဦးခန့်နှင့် တွေ့ဆုံတိုက်ပွဲ ဖြစ်ပွား၍ တိုက်ပွဲတွင် ထိမှန်သေ ဆုံးသည့် အလောင်းလေးလောင်း၊ လက်နက်သုံးလက်ရရှိခဲ့ကြောင်း၊ ဥပဒေမဲ့ လူမဆန်စွာ ညှဉ်းပန်းနှိပ် စက် သတ်ဖြတ်မှုများ ပြုလုပ်ခြင်း မရှိကြောင်း တွေ့ရှိရသည်ဟု ဒကစ (လွိုင်ကော်) စာ၌ ပါရှိ သည်။

သို့သော် သေဆုံးခဲ့သည့် တပ်ဖွဲ့ဝင်များ ညှဉ်းပန်းနှိပ်စက်ခံရမှု ရှိ၊ မရှိကို KNPP တာဝန်ရှိသူများ စိစစ်ခွင့်မရှိခဲ့ပေ။ အဘယ်ကြောင့် ဆိုသော် ၎င်းတို့ပြန်ရသည်က ရုပ် အလောင်းများ မဟုတ်ဘဲ အရိုး ပြာများသာ ဖြစ်သည်။

‘‘၂၀ ရက် (ဒီဇင်ဘာည) မှာ ‘ဒကစ’ ဘက် သွားမေးကြည့်တော့ ‘ဒကစ’ ကလည်း လက်လွန်သွားပြီ ပေါ့။ စိတ်မကောင်းတဲ့အကြောင်း ပြန်ပြောတယ်။ နောက်တစ်ရက် ကျတော့ ပြန်ခေါ်ပြီးတော့မှ အရိုး အိုးပြာ ပေးတယ်လေ။ ရုပ်အ လောင်းတွေ မီးရှို့တဲ့နေရာတော့ မပြောဘူး’’ ဟု ခူညေးရယ်က ပြောကြားသည်။


ကင်းတဲရှေ့မှ ဖြတ်သန်းသွားလာနေသော ဒေသခံနှစ်ဦး (ဓာတ်ပုံ-စိုင်းဇော်)

ယင်းဖြစ်ရပ်အပေါ် KNPP က အပြင်းအထန် ရှုတ်ချကြောင်း ကြေညာချက် ထုတ်ပြန်သကဲ့သို့ ဒေသတွင်း ကရင်နီလူမှုအဖွဲ့အ စည်းအချို့မှ ပုဂ္ဂိုလ်များကလည်း ဒီဇင်ဘာ ၂၂ ရက်တွင် လွိုင်ကော် မြို့ပေါ်၌ ဆန္ဒထုတ်ဖော်ခဲ့ပြီး ကန့်ကွက်ရှုတ်ချကြောင်း ဖော်ပြ သည်။

မည်ကဲ့သို့ နားလည်မှုလွဲမှား သည်ဖြစ်စေ KNPP တပ်ဖွဲ့ဝင် များ အသတ်ခံရမှု ပုံစံမျိုးသည် မ ဖြစ်သင့်သည့် ကိစ္စဖြစ်ပြီး စိတ်မ ကောင်းဖြစ်ရကြောင်း တစ်နိုင်ငံ လုံးအပစ်အခတ် ရပ်စဲရေးသဘော တူစာချုပ် (NCA) လက်မှတ်ထိုး ထားသည့် ကရင်အမျိုးသား အ စည်းအရုံး (KNU) ဒုဥက္ကဋ္ဌ ပဒို စောကွယ်ထူးဝင်းက မှတ်ချက်ပြု သည်။

‘‘ဒီလိုလုပ်တာ မလုပ်သင့်တဲ့ ဟာ။ တကယ်တမ်းပြောရရင် တ ရားဥပဒေစိုးမိုးမှုမရှိ၊ ငြိမ်းချမ်းရေး တည်ဆောက်ဖို့ ရည်ရွယ်ချက်မရှိ တဲ့ ဆောင်ရွက်ချက်ဖြစ်တဲ့အ တွက်ကြောင့် ဒါက ကျွန်တော်တို့ လက်ခံနိုင်တဲ့ အနေအထားမရှိ ဘူး’’ ဟု ၎င်းက ဆက်လက်ပြော သည်။

တာဝန်ရှိသူများက ယင်းဖြစ် ရပ်အပေါ် အလေးထား အရေးယူ ဆောင်ရွက်မှသာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ယုံကြည်မှုကို တည် ဆောက်၍ရမည်ဟု ပဒိုစောကွယ် ထူးဝင်းက ပြောကြားသည်။

‘‘တိုက်ပွဲဆို တစ်မျိုးပေါ့။ တိုက်ပွဲမဟုတ်ဘဲနဲ့ အဲဒီလိုလက် လွတ်စပယ် လုပ်တာက မလုပ် သင့်ဘူး။ အဲဒါသက်ဆိုင်ရာတာ ဝန်ရှိတဲ့ ခေါင်းဆောင်နှစ်ဖက်စလုံး က စစ်ဆေးပြီး ဒါကိုအရေးယူ ဆောင်ရွက်သွားရမှာပဲ’’ ဟု ပဒို စောကွယ်ထူးဝင်းက ထပ်လောင်း ပြောဆိုသည်။

တပ်မတော်အနေဖြင့် KNPP ရဲဘော်များ အသတ်ခံရမှုဖြစ်စဉ် အပေါ် အပြည့်အဝ တာဝန်ယူပြီး ယင်းဖြစ်ရပ်မျိုး နောက်နောင်မ ပေါ်ပေါက်စေရေး ထိန်းသိမ်း ဆောင်ရွက်ရန် ရှမ်းတိုင်းရင်းသား များ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းလိတ် က တိုက်တွန်းသည်။

‘‘တပ်မတော်က ဒီနိုင်ငံရဲ့  မရှိမဖြစ် အင်စတီကျူးရှင်းဖြစ်တဲ့ အတွက်ကြောင့်မို့လို့ ပိုပြီးတော့ သဘောထားကြီးရမယ်။ လုပ်ပုံ ကိုင်ပုံတွေကလည်း ပိုပြီးတော့မှ စည်းစနစ်ရှိဖို့ လိုအပ်ပါတယ်’’ ဟု ၎င်းကပြောသည်။

KNPP ရဲဘော်များ အသတ် ခံရမှု ဖြစ်စဉ်ကြောင့် အစိုးရက ဆောင်ရွက်နေသည့် ၂၁ ရာစုပင် လုံငြိမ်းချမ်းရေး ညီလာခံကိစ္စ၊ NCA ကိစ္စများအပေါ် သက်ရောက် မှုများစွာ ဖြစ်ပေါ်စေနိုင်ကြောင်း ကယားပြည်နယ် ဒီမိုကရက်တစ် ပါတီ အမှုဆောင်ဦးညွှန့်ရွှေက ပြောသည်။

‘‘ကယားပြည်နယ် ငြိမ်းချမ်း ရေး အပြင်ကို NCA လက်မှတ်မ ထိုးရသေးတဲ့ ကိစ္စ ဆွေးနွေးတဲ့အ ပေါ်မှာ ဒါအများကြီး အဟန့်အ တားဖြစ်မယ်လေ။ နောက်ဒေါ် အောင်ဆန်းစုကြည် ပြောခဲ့တဲ့ ၂၀၁၇ ငြိမ်းချမ်းရေးနှစ်ပါဆိုတဲ့ စကားလုံးကို လုံးဝဆန့်ကျင်တယ်’’  ဟု ဦးညွှန့်ရွှေက မှတ်ချက်ပေး သည်။

ကယားပြည်နယ် ဝန်ကြီး ချုပ် ဦးအယ်ဖောင်ရှိုးအနေဖြင့် ယင်း ဖြစ်ရပ်အပေါ် နိုင်ငံတော်၏ အ တိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည် ဥက္ကဋ္ဌအဖြစ်တာဝန်ယူ ထားသည့် အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) သို့ တင်ပြခဲ့ သည်။

‘‘အဲဒီသေဆုံးမှုနဲ့ ပတ်သက် ပြီးတော့ NRPC ကနေ တပ်က တာဝန်ရှိတဲ့ လူတွေကို အသိပေး တယ်။ အသိပေးတော့ တပ်က လည်း ဒီဟာကို အဖြစ်မှန်ဘယ်လို ဖြစ်သလဲဆိုတာ စုံစမ်းစစ်ဆေး မယ်လို့ ပြောတာ။ တပ်မတော်ရဲ့ လုပ်ထုံးလုပ်နည်းအတိုင်း သူ့စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့ပြီးတော့ စစ် တာ’’ ဟု သမ္မတရုံး ပြောရေးဆိုခွင့် ရှိသူ ဦးဇော်ဌေးက ဒီဇင်ဘာ ၂၇ ရက်တွင် ပြောသည်။

တပ်မတော်မှ ဗိုလ်မှူးချုပ် အောင်ခိုင်စိုး ဦးဆောင်သည့် ခုံအ ဖွဲ့သည် ဒီဇင်ဘာ ၂၈ ရက်တွင် ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (လွိုင် ကော်) ၌ ခုံရုံးဖွင့်လှစ်ပြီး KNPP မှ ကိုယ်စားလှယ်လေးဦး (အခင်း ဖြစ်ပွားရာ နေရာအနီးရှိ ကျေးရွာ နှစ်ရွာမှ အရပ်သားအချို့နှင့် ဒကစ (လွိုင်ကော်) မှ တာဝန်ရှိသူ အဆင့်ဆင့် ကို စစ်ဆေးခဲ့ကြောင်း တပ်မတော် ခုံအဖွဲ့၏ စစ်ဆေး ချက်ကို ထွက်ဆိုခဲ့သူ ခူညေးရယ် ကပြောသည်။

‘‘အဖြစ်မှန်အတိုင်း ထွက်ဆို ပေးပါ’’ ဟု တပ်မတော် ခုံအဖွဲ့ တာဝန်ရှိသူများက ပြောဆိုခဲ့သည် ဟု ခူညေးရယ်က ပြောသည်။ အ ဖြစ်မှန်တိုင်း စီရင်ဆုံးဖြတ်ပေးရန် လည်း ခူညေးရယ်က ဆန္ဒပြု သည်။

တပ်မတော် ခုံအဖွဲ့သည် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ လွိုင် ကော်ခရီးစဉ် မတိုင်မီ တစ်ရက်အလိုတွင် လာရောက်စစ်ဆေးခဲ့ခြင်း ဖြစ်သည်။

ဒီဇင်ဘာ ၂၉ ရက်က လွိုင် ကော်၌ ကျင်းပသည့် ဒေါ်အောင် ဆန်းစုကြည်နှင့် ကယားပြည်နယ် ဒေသခံတိုင်းရင်းသားလူငယ်များ ၏ ငြိမ်းချမ်းရေး စကားဝိုင်းတွင် KNPP တပ်ဖွဲ့ဝင်များ သေဆုံးမှုကိစ္စအပေါ် တိုက်ရိုက်ပြောဆို ဆွေးနွေးခဲ့ခြင်း မရှိသော်လည်း ငြိမ်းချမ်းရေးအတွက် တရားဥပဒေ စိုးမိုးမှုရှိရေးနှင့် တရာမျှတမှုရှိရေး အရေးပါကြောင်း အလေးထား ဆွေးနွေးခဲ့သည်။

ငြိမ်းချမ်းရေးသည် တရားမျှတမှုနှင့် ဆက်နွှယ်နေ၍ ကိုယ်ကိုယ်တိုင်က ပတ်ဝန်းကျင်တွင် တရားမျှတစွာ ဆက်ဆံပြီး တစ်နိုင်ငံလုံး ငြိမ်းချမ်းရေးအတွက် တရားမျှတမှုကို မည်ကဲ့သို့ရအောင် လုပ် ဆောင်ရမည်ဆိုသည့် အဖြေရှာရ မည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့သည်။

‘‘တရားမျှတမှုဆိုတာ ကိုယ်နဲ့သဘောထားတူတဲ့ သူတွေအချင်းချင်း ညှိပြီးတော့ ဒါဟာ တရားမျှတတယ်ဆိုပြီးတော့ တစ်ဖက် သတ်အမြင်ကိုင်ထားလို့မရဘူး။ ငြိမ်းချမ်းရေး လိုချင်ရင်ပိုပြီးတော့ ကျယ်ပြန့်တဲ့ အသိုင်းအဝိုင်းလို အပ်ပါတယ်’’ ဟု ဒေါ်အောင်ဆန်း စုကြည်က တရားမျှတမှုနှင့်ပတ်သက်၍ ပြောသည်။

ထို့အပြင် ဒေါ်အောင်ဆန်းစုကြည် လွိုင်ကော်သို့ရောက်ရှိနေစဉ် တွေ့ဆုံခွင့်ရရေး KNPP ကိုယ် စားလှယ်များက ကြိုးစားခဲ့သော် လည်း မအောင်မြင်ပေ။

‘‘တွေ့ခွင့်တောင်းတယ်ဆိုတာက ဒီဖြစ်စဉ်မှတ်တမ်းကို သေချာလက်ထဲကို ထည့်မယ်ဆိုတဲ့ စိတ်ကူးနဲ့ တောင်းတာဖြစ်ပါတယ်။ ဒါပေမဲ့ သူ့မှာလည်း အချိန်ဇယားတွေ ပြည့်နေတဲ့အတွက် ကြောင့် အချိန်မရလိုက်ဘူးဆိုတဲ့ အပေါ်မှာ နားလည်ပါတယ်’’ ဟု KNPP အထွေထွေအတွင်းရေးမှူး ရွှေမျိုးသန့်က ဒေါ်အောင်ဆန်းစု ကြည်နှင့် တွေ့ဆုံခွင့်ကြိုးစားခဲ့ ခြင်းအပေါ် ပြန်လည်ရှင်းပြသည်။

ဒေါ်အောင်ဆန်းစုကြည်၏ လွိုင်ကော် ခရီးစဉ်ကြောင့်ပင် KNPP က တပ်ဖွဲ့ဝင်များ သေဆုံးရမှုနှင့်ပတ်သက်သည့် သတင်းစာ ရှင်းလင်းပွဲကို ဒီဇင်ဘာ ၂၈ ရက် အစား ၃၁ ရက်သို့ ရွှေ့ဆိုင်းခဲ့ဟု ၎င်းကဆိုသည်။

ရွှေမျိုးသန့် ဦးဆောင်ကျင်း ပသည့် KNPP တပ်ဖွဲ့ဝင်များသေဆုံးရသည့် ဖြစ်စဉ်အပေါ်ရှင်းလင်းပွဲတွင် အခင်းဖြစ်ပွားစဉ်က ထွက် ပြေးလွတ်မြောက်လာသည့် တပ် ဖွဲ့ဝင်တစ်ဦး၏ အသံဖိုင်ကိုဖွင့်ပြ ရှင်းလင်းခဲ့သည်။

ကိုမောင်လာအမည်ရှိ အဆို ပါ လွတ်မြောက်လာသူက ဒီဇင်ဘာ ၁၉ ရက် ညနေတွင် သစ် သယ်ဆောင်လာသည့် တပ်မ တော်ယာဉ်တန်းကို တားဆီးမေး မြန်းမှုနှင့် ဒီဇင်ဘာ ၂၀ ရက် နံနက် ၅ နာရီခန့်တွင် တပ်ဖွဲ့ဝင် ၆၀ ဦးခန့် ပါသော တပ်မတော်စစ်ကြောင်း ကခုနစ်မိုင်ကုန်းကို ဝိုင်းဝန်းလာ ရောက်ခဲ့မှု အခြေအနေများကို ပြန်ပြောင်းပြောပြသည်။

တပ်မတော်စစ်ကြောင်းက KNPP တပ်ဖွဲ့ဝင်များအား သေ နတ်အပ်ခိုင်း၍ သေနတ်သုံးလက် ကို အပ်ခဲ့သည်ဟု ကိုမောင်လာက ဆိုသည်။ ထို့နောက် ဓာတ်ရုံရိုက် မည်ဆိုကာ KNPP တပ်ဖွဲ့ဝင် များအား ယူနီဖောင်းဝတ်ခိုင်းပြီး ယာယီကင်းစခန်း အနီးရှိ တဲမှခုံ ပေါ်တွင် ထိုင်ခိုင်းခဲ့ကြောင်း ကို မောင်လာကဆိုသည်။

‘‘ထိုင်ခိုင်းပြီးတော့ ငါလည်း စိတ်မကောင်းဘူးလို့ သူ (သေနတ် ဖြင့်ပစ်ခတ်သူ) ပြောတယ်။ အဲဒီ အချိန်မှာ ခလုတ်ကိုအော်တိုဖွင့်ပြီး မှ ကုတ် (ပစ်) ထည့်ပစ်လိုက် တယ်’’ ဟု ကိုမောင်လာက အခင်း ဖြစ်ပွားစဉ်က KNPP ရဲဘော်များ ပစ်ခတ်ခံရမှုကို ပြောပြသည်။ ထိုင် ခုံမဆံ့၍ မြေပေါ်တွင် ထိုင်ခဲ့ခြင်း ကြောင့်သာ ၎င်းထွက်ပြေးလွတ် မြောက်ခဲ့ကြောင်း ကိုမောင်လာက ဆိုလေသည်။

KNPP လူကြီးများက အပစ် ရပ်စဲရေး ပျက်မည်စိုး၍ ပြန်လည်မခုခံရန် ညွှန်ကြားခြင်းနှင့် အင် အားမမျှတခြင်းတို့ကြောင့် ခုနစ် မိုင်ကုန်းတွင် တိုက်ပွဲအသွင်အပြန် အလှန် ပစ်ခတ်မှု မရှိခဲ့သော်လည်း ၎င်းတို့တပ်ဖွဲ့ဝင်များ အသက်ဆုံး ရှုံးခဲ့ရခြင်းက ငြိမ်းချမ်းရေးလုပ် ငန်းစဉ်အပေါ် အကျပ်အတည်း ဖြစ်ပေါ်စေကြောင်း KNPP တာ ဝန်ရှိသူတို့ ပြောသည်။

ညှိနှိုင်းနေဆဲဖြစ်သည့် NCA သဘောတူညီချက် ရရှိခဲ့သည့်တိုင် ပါဝင်လက်မှတ်ထိုးရန် အောက် ခြေအဆင့်ဆင့် တပ်ဖွဲ့ဝင်များ၏ စိတ်ခံစားချက်ကို ထည့်သွင်းစဉ်း စားရမည်ဟု ရွှေမျိုးသန့်က ဆက် ပြောသည်။ KNPP သည် ညီညွတ် သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) က တစ်ဆင့် NCA လက်မှတ်ထိုးနိုင် ရေး အစိုးရနှင့် ညှိနှိုင်းနေသောအ ဖွဲ့ ဖြစ်သည်။

‘‘ဥပမာကျွန်တော်တို့ ခေါင်း ဆောင်တွေက NCA လက်မှတ်ထိုးချင်တယ်။ ထားလိုက်ပါတော့ ကျွန် တော်တို့ ရဲဘော်တွေက ကျွန်တော်တို့ကို ဘယ်လိုပြောမလဲ။ အဲဒီ တော့ ဒါက ကျွန်တော်တို့အတွက် ငြိမ်းချမ်းရေးအတွက် အင်မတန် အကျပ်အတည်းတွေ့ပါတယ်။ အ များကြီးလည်း ထိခိုက်မှုရှိပါတယ်’’ ဟု ၎င်းကဆိုည်။

တပ်ဖွဲ့ဝင်များ သေဆုံးခဲ့မှု ဖြစ်စဉ်အပေါ် KNPP အနေဖြင့် ရရှိပြီးဖြစ်သည့် ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် အပစ်အ ခတ်ရပ်စဲရေးကို ဆက်လက်ထိန်း သိမ်းဆောင်ရွက်မှုအပေါ် ကျေးဇူး တင်ကြောင်း သတင်းစာရှင်းလင်း ပွဲသို့ တက်ရောက်ခဲ့သည့် မြန်မာ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) အထွေထွေအတွင်းရေးမှူး ဦးဆန် နီက ပြောသည်။

‘‘ဒါက KNPP က လူထုအ ပေါ်ပေးတဲ့ ခရစ္စမတ်လက်ဆောင်၊နှစ်သစ်ကူးလက်ဆောင်လို့ မှတ် ယူပါတယ်’’ ဟု ဦးဆန်နီက ဆို သည်။

အစိုးရနှင့် KNPP တို့သည် ၂၀၁၂ မတ်လတွင် ပြည်နယ်အဆင့် အပစ်အခတ်ရပ်စဲခဲ့သည်။ အပစ်ရပ်စဲပြီးနောက် တင်းမာမှုအချို့၊ ပဋိပက္ခအချို့ ရှိသော်လည်း ပြင်းထန်သည့် တိုက်ပွဲဖြစ်ပွားခဲ့ ခြင်းမရှိသေးပေ။

တပ်ဖွဲ့ဝင်များ သေဆုံးမှု ကိစ္စတပ်မတော်ခုံအဖွဲ့၏ စုံစမ်းစစ် ဆေးမှုကို အပြည့်အဝပူးပေါင်းပြီး လိုအပ်သည့် အထောက်အထား အချက်အလက်များကို KNPP က ပေးမည်ဟု ရွှေမျိုးသန့်ကဆိုသည်။

‘‘ပေးမှ ဒီအထောက်အထား ပေါ် မူတည်ပြီး စီရင်ဆုံးဖြတ်တဲ့ အဖွဲ့ဘယ်လောက်ထိ တရားမျှတစွာ စီရင်ဆုံးဖြတ်မလဲဆိုတာ ကျွန်တော်တို့က ကြည့်မယ်’’ ဟု သူက ပြောသည်။

ရွှေမျိုးသန့်က ‘‘မှားတဲ့လူရှိ မယ်၊ မှန်တဲ့လူရှိမယ်၊ ဒါပေမဲ့ ဒီအပေါ်မှာ အားလုံးက တရားမျှတစွာ စီရင်ဆုံးဖြတ်မှုကို လိုလားပါတယ်’’ ဟု ပြောသည်။

ထို့အပြင် တပ်မတော်စုံစမ်း စစ်ဆေးရေးခုံအဖွဲ့၏ ဘက်လိုက်မှုမရှိသည့် စစ်ဆေးဆုံးဖြတ်မှုရလဒ်ကို မျှော်လင့်နေကြောင်းလည်း ဒေသခံများက ဆိုသည်။

‘‘သူတို့ကလည်း သူတို့ဆိုးတာပဲ။ ဒီဘက်ကလည်း ဒီဘက်က ဆိုးတာပဲ။ လက်နက်ကိုင်ချင်းဖြစ်တာဆိုတော့ ပြောရတာခက်တယ်။ သူတို့နားလည်မှုရှိရင် ပြဿနာမရှိဘူး။ အခုဟာက လက်နက်ကိုင်အချင်းချင်း နားလည်မှု မရှိတော့ ရှုပ်ကုန်တာပေါ့။ အရပ် သားက ကြားထဲက ညပ်တာပေါ့’’ ဟု လွိုင်ကော်မြို့ခံ ဦးစိုးက ပြောကြားသည်။