ဖြိုးကိုကိုတင့်ဆန်းအမှု စတင်ရုံးထုတ်၊ ပုဒ်မ ၁၀ ခုဖြင့် တရားစွဲတင်

ဖြိုးကိုကိုတင့်ဆန်းနှင့် အပေါင်းအပါများကို ခေါ်ဆောင်လာသည့် အချုပ်ကား တရားရုံးသို့ရောက်ရှိလာရာ မီဒီယာများက မှတ်တမ်းတင်နေစဉ် (ဓာတ်ပုံ−ရဲနိုင်)

 ဖြိုးကိုကိုတင့်ဆန်း အပါအဝင် ရှစ်ဦးကို ယမန်နေ့က နေပြည်တော် ဒက္ခိဏခရိုင်တရား ရုံးတွင် ပထမဆုံးအကြိမ် ရုံးထုတ် စစ်ဆေးပြီး ပုဒ်မ ၁၀ ခုဖြင့် တရား စွဲတင်ခဲ့သည်။

လာမည့် ရုံးချိန်းတွင် ပုဒ်မ နှစ်ခုဖြင့် ထပ်မံတရားစွဲမည်ဖြစ် ကြောင်း ဒုတိယခရိုင်တရားသူကြီးက ပြောကြားသည်။

အမှု ၁၂ မှုအနက် ဖြိုးကိုကို တင့်ဆန်းပါဝင်သည့် အမှု ၁၀ ခုရှိပြီး ယင်းတွင် တရားခံပြေးမှု နှစ်ခုပါဝင်သည်။

‘‘တရားခံက အားလုံးရှစ်ဦး ပဲ။ ရှစ်ဦးအပေါ်မှာ အမှုကိုလှည့် ပြီး သူတို့ငြိစွန်းတဲ့ ပုဒ်မတွေနဲ့ပဲ ရဲစစ်ဆေးချက်အရ ထပ်ပြီး တရားစွဲတာ’’ဟု ဒက္ခိဏခရိုင် ဒုတိယ ခရိုင်တရားသူကြီး ဦးခင်မောင် ထွေးက ပြောသည်။

နံနက် ၁၁ နာရီကျော်တွင် အချုပ်ကားဝင်လာပြီး တရားရုံး အချုပ်ရှိသည့် ရုံးနောက်သို့ တိုက်ရိုက်မောင်းဝင်ခဲ့သည်။ ထို့နောက်နေ့လယ် ၂ နာရီ ၄၅ မိနစ်တွင် တရားခွင်ထဲသို့ ခေါ်ယူကာ တရား သူကြီးက စွဲထားသည့် ပုဒ်မအ လိုက် ၎င်းတို့အမှုကို ဆောင်ရွက် ပေးမည့် ရှေ့နေများက ကိုယ်စား လှယ်လွှဲစာ ယူပြီးနောက် ၃ နာရီကျော်တွင် ပြီးဆုံးခဲ့သည်။ တရားခွင်တွင် ၁၅ မိနစ်ကျော် သာ ကြာမြင့်ခဲ့သည်။

အရပ်ဝတ်ဖြင့် ရုံးထုတ်လာ သော ဖြိုးကိုကိုတင့်ဆန်းသည် ဝဝဖြိုးဖြိုးဖြစ်လာကာ ပြုံးပြုံးရွှင် ရွှင်ဖြင့် တရားခွင်အတွင်းမှ ပြန် လည်ထွက်ခွာခဲ့သည်။

တရားခွင်သို့ သတင်းမီဒီယာ များအား ဝင်ရောက်နားထောင်ခွင့်ပြုခဲ့ပြီး တယ်လီဖုန်း၊ ကင်မရာ

တို့ကို ယူဆောင်ခွင့်မပြုခဲ့ပေ။ တရားခွင်စစ်ဆေးမှု ပြီးဆုံးပြီး နောက် သတင်းထောက်များအား ဒုတိယခရိုင်တရားသူကြီးက အမှုနှင့်ပတ်သက်၍   ရှင်းလင်းပွဲပြု လုပ်ခဲ့သည်။

၂၀၁၇ ဒီဇင်ဘာ ၂၁ ရက်က ရာဇသတ်ကြီး ပုဒ်မငါးမှုနှင့် တရားခံပြေးမှုတစ်မှု၊ ၂၀၁၈ ဇန်နဝါရီ ၃ ရက်တွင် ရာဇသတ်ကြီးပုဒ်မ သုံးမှု၊ တရားခံပြေးမှုတစ်မှုတို့ဖြင့် စုစုပေါင်း ၁၀ မှု တရားစွဲတင်ခဲ့ ခြင်းဖြစ်သည်။

‘‘ဒီနေ့က ပြောဆိုချေပဖို့ ကိုယ်စားလှယ်လွှဲစာလာတင် တာ’’ဟု ဖြိုးကိုကိုတင့်ဆန်းအမှု ကို လိုက်ပါဆောင်ရွက်ပေးမည့် အမည်မဖော်လိုသူ တရားလွှတ် တော်ရှေ့နေက ပြောကြားသည်။

ဒီဇင်ဘာ ၂၁ ရက်က တရား စွဲဆိုခဲ့သည့် ပုဒ်မခြောက်ခုတွင် မူးစိတ် ၁၅/၁၆(ဂ)/၂၁ ၌ ဖြိုး ကိုကိုတင့်ဆန်းပါ ခြောက်ဦးကို စွဲဆိုခဲ့ခြင်းဖြစ်သည်။ ထို့အပြင် မူး စိတ် ၁၅/၁၉(က)/၂၁ တွင် ဖြိုး ကိုကိုတင့်ဆန်းပါ သုံးဦး၊ လက် နက်အက် ၁၉ (စ)တွင် ဖြိုးကိုကို တင့်ဆန်းပါ သုံးဦးစွဲဆိုခံရသည်။ အလားတူ လက်နက်အက် ၁၉ (က)/၁၉(စ)တွင် ဖြိုးကိုကိုတင့် ဆန်းအပါအဝင် ငါးဦးကို စွဲဆို ထားသည်။ နိုင်ငံတော်အထိမ်းအ မှတ် တံဆိပ်ပုဒ်မ ၇ တွင် ဖြိုးကို ကိုတင့်ဆန်းပါ နှစ်ဦးပါဝင်သည်။ လက်နက်အက် ၁၉(စ)/၁၉(က) ကျင့်ထုံးဥပဒေပုဒ်မ ၅၁၂ တွင် တရားခံပြေး ကျော်ချမ်းငြိမ်းဖြစ် ကြောင်း ဦးခင်မောင်ထွေးက ပြောသည်။

ထို့ကြောင့် ဇန်နဝါရီ ၃ ရက် ရုံးထုတ်တွင် တရားခံပြေးအမှုအ တွက် ဖမ်းဝရမ်းထုတ်အတည်ပြု သည့် ရဲအရာရှိနှစ်ဦးနှင့် ရာအိမ် မှူးတစ်ဦးကိုသာ စစ်ဆေးခဲ့ သည်။

ဆက်လက်၍ ၂၀၁၈ ဇန်နဝါရီ ၃ ရက်တွင် တရားစွဲဆိုတင်ခဲ့ သည့် အမှုလေးခုသည် ပို့ကုန်၊ သွင်းကုန် ဥပဒေပုဒ်မ ၈၊ ဆက် သွယ်ရေး ပုဒ်မ ၆၇ နှစ်မှု၊ တရားခံပြေး ကျော်ချမ်းငြိမ်းကို ပို့ကုန်၊သွင်းကုန်ပုဒ်မ ၈၊ ရာဇဝတ်ကျင့် ထုံး ပုဒ်မ ၅၁၂ တို့ဖြင့် တင်ထား ခြင်းဖြစ်သည်။

‘‘ဘာမှ လုပ်မရသေးဘူး။ ကျွန်တော်တို့က တရားခံပြေးကို စစ်ပြီးခါမှ တရားခံပြေး ပြေးတယ်၊မပြေးဘူးဆိုတာကို အမိန့်ချပြီး တော့မှ ဟိုအမှုကြီးတွေကို ဆက် သွားလို့ရမှာ’’ဟု ဦးခင်မောင်ထွေး က ပြောသည်။

နောက်လာမည့် ရုံးချိန်းတွင် မြန်မာနိုင်ငံ လျှို့ဝှက်အက်ဥပဒေ ပုဒ်မ ၆၇ နှင့် ပုဒ်မ ၆၃ တို့ဖြင့် အေလာရဲစခန်းနှင့် ဒက္ခိဏရဲစခန်းတို့က ထပ်မံတရားစွဲဆိုမည်ဖြစ် ကြောင်း တရားခွင်၌ တရားသူ ကြီး ဦးလှဝင်းက ပြောသည်။

ဒက္ခိဏခရိုင်တရားရုံးတွင် တရားစွဲတင်ထားသည့် ပုဒ်မများ သည် နေပြည်တော်၌ ဖမ်းဆီးရမိ ထားမှုများအတွက်ဖြစ်ပြီး ရန်ကုန် တွင် ဖမ်းဆီးရမိထားမှုများအ တွက် ပါဝင်ခြင်းမရှိသေးကြောင်း ဦးခင်မောင်ထွေးက ပြောသည်။

ထို့နောက် ဖြိုးကိုကိုတင့် ဆန်းအမှုကို အပတ်စဉ် ဗုဒ္ဓဟူးနေ့ တိုင်း စစ်ဆေးမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

၂၀၁၇ အောက်တိုဘာ ၅ ရက်က နေပြည်တော်လေဆိပ်၌ ဖြိုးကိုကိုတင့်ဆန်းနှင့် အပေါင်းအ ပါနှစ်ဦးတို့၏ ခရီးဆောင်အိတ်အ တွင်းတွင် လက်နက်များ၊ ကျည် ထောင့်များ၊ စိတ်ကြွဆေးပြား၊ မူးယစ်ဆေးဝါးများကို ဖမ်းဆီးရမိ ခဲ့ပြီး ၎င်းပိုင်ဆိုင်သည့် ရန်ကုန်ရှိ ဟိုတယ်နှင့် နေအိမ်များ၌ ဆက် လက်ရှာဖွေခဲ့ရာ လက်နက်များ နှင့် မူးယစ်ဆေးဝါးများ ထပ်မံဖမ်း မိခဲ့သည်။

ဖြိုးကိုကိုတင့်ဆန်းအမှုနှင့် ပတ်သက်၍ ကွင်းဆက်တရားခံ ၁၅ ဦးနှင့် လက်နက် ၂၄ လက် ဖမ်းဆီးရမိထားပြီး အမှု ၁၇ မှုဖွင့်လှစ်ထားကြောင်း ပြည်ထဲရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ် ချုပ် အောင်စိုးက ပြောကြားထား သည်။