ဆန်ကုန်သည်တစ်ဦး ကျပ်သန်းတစ်သောင်းကျော် လိမ်လည်တိမ်းရှောင်နေဟုဆို

ပြည်ပသို့ စံချိန်တင် ဆန်တင်ပို့နိုင်သည့်နှစ်တွင် ဆန်ကုန် သည်တစ်ဦးက ယခုရက်ပိုင်းအတွင်း ကျပ်သန်းတစ်သောင်းကျော် ငွေကြေးလိမ်လည်၍ ထွက်ပြေးတိမ်းရှောင်နေကြောင်း ဘုရင့်နောင် ကုန်စည်ဒိုင်မှ ဆန်ကုန်သည်များက ပြောသည်။

ပြည်ပသို့ ဆန်တင်ပို့နေသည့် ASO ကုမ္ပဏီပိုင်ရှင် ဦးအောင်ဆွေ ဦးသည် ဇန်နဝါရီ ၄ ရက်ကစတင်၍ ဆန်ကုန်သည်များနှင့် အဆက် အသွယ်ဖြတ်သွားသဖြင့် ပြည်တွင်းဆန်ကုန်သည်များ အထိတ်တလန့် ဖြစ်နေကြောင်း ဘုရင့်နောင် ဆန်စပါးကုန်စည်ဒိုင်အတွင်းရေးမှူး ဦးသန်းဦးက ပြောသည်။

‘‘ဒီနေ့ ကုန်သည်တွေက အောင်ဆွေဦးကိုရှာနေသူတွေ၊ ရဲစခန်း မှာ အမှုဖွင့်သူတွေ၊ ဂိုဒေါင်ပြေးသူတွေနဲ့ အရမ်းကို ရှုပ်နေတော့ စာရင်းလုပ်လို့မရသေးဘူး။ နောက်နေ့တော့ အတိအကျ စာရင်းလုပ်လို့ရမယ်’’ဟု ဦးသန်းဦးက ပြောသည်။ လိမ်လည်သည့် ငွေကြေး စာရင်း အတိအကျမထုတ်ပြန်နိုင် သေးသော်လည်း ကျပ်သန်းတစ် သောင်းကျော်ထိ ရှိနိုင်ကြောင်း ဆန်ကုန်သည်အချို့က ခန့်မှန်းပြောကြားသည်။ ငွေကြေးလိမ်လည်သူများကို ဘုရင့်နောင်ကုန်စည်ဒိုင်က ဇန်နဝါရီ ၆ ရက်တွင် တွေ့ဆုံညှိနှိုင်းရန်  စီစဉ်ထားကြောင်း ဦးသန်းဦးက ဆက်လက်ပြောသည်။

 ငွေကြေး အရှုပ်အရှင်းကို မဖြေရှင်းဘဲ တိမ်းရှောင်နေသူ ဦးအောင်ဆွေဦးသည် ဆန်စပါး လောကအတွင်း ဝင်ရောက်ပြီး အရောင်းအဝယ်လုပ်ကိုင်သည် မှာ မကြာသေးကြောင်း ဆန်ကုန် သည်အချို့က ပြောသည်။

ထို့အပြင် ဆန်စပါးရရှိရေး ကို ဦးစားပေး၍ ပြည်တွင်းဈေး ကွက်၌ ဈေးကြီးပေး ဝယ်ယူပြီး ပြည်ပသို့ တင်ပို့နေသူဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။

လက်ရှိတွင် ပြည်တွင်းဆန် ဈေးသည် ပြည်ပဆန်ဈေးထက် များသဖြင့် ပြည်ပပို့ဆန် ကြိုတင် ရောင်းထားသူများ ငွေကြေးရှင်း လင်းပေးရန် အခက်အခဲဖြစ်ပြီး တိမ်းရှောင်ခြင်းဖြစ်ကြောင်း ဆန် ကုန်သည်အချို့က ပြောသည်။

နိုင်ငံတကာ ဈေးကွက်တွင် မြန်မာဆန်ဈေးသည် တစ်တန် လျှင် ကန်ဒေါ်လာ ၃၂၀ ခန့် ဈေး ရှိနေချိန်တွင် ပြည်တွင်း၌ ဆန် တစ်အိတ်လျှင် ကျပ် ၂၂,၀၀၀ မှကျပ် ၂၃,၀၀၀ (လက်ရှိငွေလဲနှုန်း ဖြင့် တွက်ချက်ပါက တစ်တန်၃၂၃ ဒေါ်လာမှ ၃၃၈ ဒေါ်လာ) အ တွင်း ဝယ်ယူစုဆောင်းပြီး တင်ပို့ခြင်းကလည်း ငွေကြေးအရှုပ်အ ရှင်း ဖြစ်စေကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် တာဝန်ရှိသူတစ်ဦးက ပြောသည်။

ပြည်ပဝယ်လိုအားမြင့်တက် နေချိန်တွင် ပေါက်ဈေးထက် တိုး ပေး၍ ဆန်ဝယ်ယူမှုများကို သတိ ထားရောင်းချရန် လိုအပ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် (MRF) အထွေထွေအတွင်းရေး မှူး ဦးရဲမင်းအောင်က ပြောကြား သည်။

ပြည်ပတင်ပို့မှု များနေချိန် တွင် အရောင်းအဝယ်အမှားများ ပြုလုပ်မှုကြောင့် ငွေကြေးလိမ် လည်ခံရမှုများ ထပ်မံဖြစ်ပွားနိုင် သဖြင့် သတိထား၍ အရောင်းအ ဝယ်ပြုလုပ်ရန် ပြည်ပဆန်တင်ပို့ နေသည့် ကုန်သည်အချို့က ၎င်း တို့၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာ၌ သတိပေးရေးသားထားသည်။

၂၀၁၇-၁၈ ဘဏ္ဍာနှစ် ကိုး လအတွင်း ပြည်ပသို့ ဆန်တန်ချိန် နှစ်သန်းသုံးသိန်းကျော် စံချိန်တင် တင်ပို့နိုင်သည့်နှစ်တွင် ယခုကဲ့သို့ လိမ်လည်မှုများက အနာဂတ် မြန်မာ့ ဆန်ဈေးကွက်အတွက် အခွင့်အလမ်းကောင်းများ ဆုံးရှုံးမှုဖြစ်လာမည်ကို ဆန်ကုန်သည်အချို့က စိုးရိမ်နေသည်။

မိုးစပါးအသစ်ပေါ်ချိန် ပြီးခဲ့ သည့်နှစ် စက်တင်ဘာလကုန်က လည်း ပြည်ပဆန်တင်ပို့သူတစ်ဦး က ကျပ်သိန်း နှစ်သောင်းကျော် လိမ်လည်ပြီး တိမ်းရှောင်သည့်ဖြစ်စဉ်တစ်ခု ဘုရင့်နောင် ဆန်ကုန် စည်ဒိုင်တွင် ဖြစ်ပွားခဲ့သည်။

ပြည်ပဈေးကွက်သို့ ကြိုတင် ရောင်းချထားခြင်းကြောင့် မိုးစပါး ပေါ်ချိန်တွင် စပါးဈေး မကျ သဖြင့် ပြည်တွင်းဆန်ဈေး မြင့် တက်ပြီး ငွေကြေးအရှုပ်အရှင်း ဖြစ်ရသည်ဟု ဘုရင့်နောင်မှ ဆန် ကုန်သည်အချို့က ပြောသည်။

မြန်မာနိုင်ငံတွင် ငါးလအ တွင်း ဆန်တစ်အိတ်ဈေးနှုန်းသည် ၂၅ ရာခိုင်နှုန်းခန့်မြင့်တက်ခဲ့သည် ဟု ဆန်ကုန်သည်များက ပြော သည်။