၂၁ ရာစုပင်လုံညီလာခံမတိုင်မီ မွန်ပြည်သစ်ပါတီ NCA လက်မှတ်ထိုးမည်ဟု မွန်ဝန်ကြီးချုပ်ပြော

NCA လက်မှတ်ထိုးရန် ဆုံးဖြတ်ထားပြီးဖြစ်ဟု မွန်ပြည်သစ်ပါတီပြော

မွန်ပြည်သစ်ပါတီ(NMSP)သည် မကြာမီကျင်းပမည့် ၂၁ ရာစုပင်လုံညီလာခံ တတိယအစည်းအဝေး မတိုင်မီ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ်(NCA) လက်မှတ်ရေးထိုးမည်ဟု မွန်ပြည်နယ်ဝန်ကြီးချုပ်က ဇန်န၀ါရီ ၄ ရက်တွင် ပြောကြားသည်။

‘‘ဒီဇင်ဘာ ၂၈ ရက်က မွန် ပြည်သစ်ပါတီ ၀ယ်ဇင်စခန်းမှာ မွန်ပြည်သစ်ပါတီဥက္ကဋ္ဌ နိုင်ထောမွန်နဲ့ ကျွန်တော် တွေ့တယ်။ UNFC မှာ အားလုံးလက်မှတ်ရေးထိုးကြဖို့ ပြောကြည့်မယ်။ UNFC တပ်ဖွဲ့အားလုံး လက်မှတ်မထိုးရင်လည်း မွန်ပြည်သစ်ပါတီအနေနဲ့ လက်မှတ်ရေးထိုးဖို့ ဆုံးဖြတ်ထားပါတယ်ဆိုတဲ့အကြောင်းဥက္ကဋ္ဌ နိုင်ထောမွန်ထံက မင်္ဂလာသတင်းကြားရပါတယ်။ ဒီဇန်န၀ါရီလအတွင်းမှာ ပြည်ထောင်စုအဆင့် လက်မှတ်ရေးထိုးကြမှာပါ’’ဟု ၀န်ကြီးချုပ် ဒေါက်တာအေးဇံကပြောသည်။

၂၁ ရာစုပင်လုံတတိယအစည်းအဝေးကို ဇန်န၀ါရီ နောက်ဆုံးပတ်တွင် ကျင်းပရန် စီစဉ်ထားသည်။ နိုဝင်ဘာ ၂၆ ရက်က ရေး မြို့နယ် ပုပ္ဖ၀တီကျောင်း (ကိုရင် လေးကျောင်း)တွင် NMSP ခေါင်း ဆောင်များနှင့် တွေ့ဆုံစဉ်က လည်း ဗဟိုကော်မတီအစည်းအ ဝေး၏ ဆုံးဖြတ်ချက်ဖြင့် NCA လက်မှတ်ရေးထိုးနိုင်ရေး ကြိုးပမ်းမည်ဆိုသည့် သဘောတူညီချက်တစ်ခု ရရှိထားသည်ဟု ၎င်းက ဆက်လက်ပြောကြားသည်။

သို့သော် မွန်ပြည်သစ်ပါတီအနေနှင့် တစ်ပါတီတည်းသီးခြားမဟုတ်ဘဲ NCA ကို လက်ခံသည့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) အဖွဲ့ဝင်များနှင့်အတူ ကြိုးပမ်းမည်ဟု ထုတ်ဖော်ပြောကြားသည်။

ထို့အတူ ဒီဇင်ဘာ ၂၆ နှင့် ၂၇ရက်က ရေးချောင်းဖျားဒေသရှိ ပါတီဗဟိုဌာနချုပ်၌ ကျင်းပသည့် အရေးပေါ် ဗဟိုကော်မတီအစည်းအဝေးအပြီးတွင် NCA လက် မှတ်ရေးထိုးရေးနှင့် ပတ်သက်၍ စီစဉ်ဆောင်ရွက်စရာရှိသည်များ ပြီးစီးပါက လက်မှတ်ရေးထိုးနိုင်မည်ဟု NMSP က ဒီဇင်ဘာ ၂၈ ရက်တွင် ထုတ်ပြန်ထားသည်။

 မွန်ပြည်သစ်ပါတီသည် ၁၉၉၅ က တပ်မတော်အစိုးရနှင့်ပထမဆုံးတွေ့ဆုံဆွေးနွေးပြီး အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုစာချုပ် ချုပ်ဆိုနိုင်ခဲ့သော်လည်း ၂၀၁၀ တွင် အပစ်အခတ်ရပ်စဲရေးသဘောတူညီမှု  ပျက်ပြယ်ခဲ့သည်။ ဒုတိယအကြိမ် ပြည်နယ်နှင့် ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရေး သဘောတူမှုကို ၂၀၁၂ ဖေဖော်ဝါရီတွင် သဘောတူခဲ့သည်။

More in News Section

Top News