မော်လမြိုင်တက္ကသိုလ်အနီးရှိ ကေတီဗီဆိုင်အားလုံးကို ပြည်နယ်အစိုးရ ပိတ်သိမ်း

 မွန်ပြည်နယ် မော် လမြိုင်တက္ကသိုလ်အနီးရှိ ကေတီဗီ ဆိုင်အားလုံးကို ပြည်နယ်အစိုးရက ပိတ်သိမ်းထားကြောင်း မွန်ပြည် နယ်အစိုးရအဖွဲ့ ညွှန်ကြားရေးမှူး ဦးမြင့်သန်းဝင်းက ပြောသည်။

တက္ကသိုလ်အနီးရှိ ကေတီဗီဆိုင်များသည် မကြာခဏ ခိုက်ရန်ဖြစ်ပွားခြင်း၊ မူးယစ်ဆေးဝါးပြဿနာများရှိနေခြင်းတို့ကြောင့် ထိုဆိုင်အားလုံးကို လိုင်စင်အသစ်လျှောက်ခြင်း၊ သက်တမ်းတိုးခြင်းတို့ ခွင့်မပြုရန် ပြည်နယ်အစိုးရက ၂၀၁၇ အောက်တိုဘာက ညွှန်ကြားချက်ထုတ်ပြန်ထားကြောင်း ၎င်းက ဆိုသည်။

‘‘မော်လမြိုင် တက္ကသိုလ် ပတ်ဝန်းကျင်မှာ ကာရာအိုကေ ဆိုင်တွေနဲ့ ပတ်သက်ပြီး ပြဿနာ ခဏခဏ တက်တယ်။ အဲဒါနဲ့ ဆက်နွှယ်ပြီး မူးယစ်ဆေးဝါးကိစ္စ တွေ ဖြစ်တယ်။  တက္ကသိုလ် ကျောင်းသူ၊ ကျောင်းသား၊ လူငယ်တွေလမ်းမှားနေသလို ဖြစ်နေ တယ်။ ဒါကြောင့်မို့ တက္ကသိုလ် အနီးအနားက ဆိုင်တွေကို မပေး ဖွင့်တော့ဘူး။ ပိတ်လိုက်တယ်။ အဲဒီ ပတ်ဝန်းကျင်မှာရှိတဲ့ ဆိုင် တွေကို လိုင်စင်သက်တမ်းတိုးလို့ မရသလို အသစ်လဲခွင့်မပြုတော့ ဘူး’’ဟု ဦးမြင့်သန်းဝင်းက ပြော သည်။

မွန်ပြည်နယ်အတွင်း တက္က သိုလ်အနီးရှိ ကေတီဗီဆိုင်များကိုသာ ပိတ်ထားပြီး အခြားကျန်ရှိသည့် နေရာများတွင် သတ်မှတ်စည်းကမ်းညီပါက လိုင်စင်သက်တမ်းတိုးခြင်းနှင့် ဆိုင်အသစ်ဖွင့်ခြင်းများ ခွင့်ပြုထားသည်ဟု ၎င်းက ဆိုသည်။

မော်လမြိုင်တက္ကသိုလ်အနီး တွင် တရားဝင်လိုင်စင်ရှိ ကေတီဗီဆိုင် ၁၄ ဆိုင်ရှိပြီး ယနေ့အချိန်အထိ ဆိုင်သုံးဆိုင်သာ လိုင်စင်သက်တမ်းကုန်နေကြောင်း မွန်ပြည်နယ် ဗီဒီယိုအခြေခံအဖွဲ့ရုံးစာရင်း ၌ ဖော်ပြသည်။

‘‘ပိတ်ထားဖို့ပြောတော့ ကျွန်တော်တို့က ဆိုင်တွေအားလုံးပိတ် ထားပါတယ်။ ကျွန်တော့်ဆိုင်က လိုင်စင်လည်းရှိပြီးသား သတ်မှတ် ထားတဲ့ အခွန်တွေလည်း ပေးထား တော့ ယာယီပိတ်ခိုင်းထားတာပဲ ထင်နေတာ။ အရင်အစိုးရလက် ထက်တုန်းက သတ်မှတ်စည်း ကမ်းနဲ့ညီလို့ လိုင်စင်ရထားတယ်။ မြို့နယ်ထွေအုပ်ကို မေးကြည့်မှ ပြည်နယ်အစိုးရအဖွဲ့က ပိတ်သိမ်းခိုင်းလိုက်ပြီလို့ ပြောတယ်’’ဟု မော်လမြိုင်တက္ကသိုလ်အနီးရှိ မြိုင်သာ ယာရပ်ကွက်မှ ဆိုင်ရှင်တစ်ဦးက ပြောသည်။

မွန်ပြည်နယ်အတွင်း ကေတီဗီဆိုင်အားလုံးကို လိုင်စင်သက် တမ်းတိုးခြင်း၊ အသစ်လျှောက် ထားခြင်းကိစ္စကို ပြည်နယ်စည်ပင် သာယာရေးအဖွဲ့က ကိုင်တွယ် ပြီး ၂၀၁၇ ဧပြီကစ၍ ထိုကိစ္စကို ပြည်နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကိုင်တွယ်နေသည်။

မွန်ပြည်နယ်အတွင်း တရား ၀င်ခွင့်ပြုထားသည့် ကေတီဗီဆိုင်များသည် မော်လမြိုင်တွင် ၃၂ ဆိုင်၊ ကျိုက်ထိုတွင် ၁၁ ဆိုင်၊ ရေးတွင် ၁၄ ဆိုင်၊ မုဒုံတွင် ငါးဆိုင်၊ သံဖြူဇ ရပ်တွင် လေးဆိုင်၊ ချောင်းဆုံတွင် တစ်ဆိုင်၊ သထုံတွင် ခုနစ်ဆိုင်၊ ပေါင်မြို့နယ်တွင် ခုနစ်ဆိုင်နှင့် ဘီးလင်းမြို့နယ်တွင် ငါးဆိုင်၊ စုစုပေါင်း ၈၆ ဆိုင်ရှိကြောင်း မွန်ပြည်နယ် ဗီဒီယိုအခြေခံအဖွဲ့ရုံးစာရင်းတွင် ဖော်ပြထားသည်။