ရန်ကုန်ကလေးစာပေပွဲတော် နိုင်ငံတော်သမ္မတ တက်ရောက်ဖွင့်လှစ်

အထက(၆) ဗိုလ်တထောင်တွင် ကျင်းပသော ကလေးစာပေပွဲတော်သို့ သမ္မတဦးထင်ကျော် တက်ရောက်ဖွင့်လှစ်စဉ် (ဓာတ်ပုံ − ကျော်ဇင်သန်း)

ကလေးစာပေပွဲတော်ကို ရန်ကုန်မြို့တွင် ပထမဆုံးအကြိမ်အဖြစ် ဗိုလ်တထောင်မြို့နယ် အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်း၌ ယမန်နေ့က စတင်ကျင်းပပြီး နိုင်ငံတော်သမ္မတက တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။

 ကလေးစာပေပွဲတော်ကို ဇန်န၀ါရီ ၈ ရက်အထိ ပြုလုပ်မည် ဖြစ်ပြီး နံနက် ၉ နာရီမှ ည ၈ နာရီ အထိ လာရောက်နိုင်မည်ဖြစ် သည်။ ပွဲတော်ကျင်းပရာ ကျောင်းဝင်းထဲတွင် ကလေးကာတွန်းပြ ခန်း၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှုပြခန်း၊ စကားလုံးဆက်ပြိုင်ပွဲ၊ အရုပ်ဆက်ပြိုင်ပွဲများကို ကျောင်းသား၊ ကျောင်းသူများအ တွက် ပြင်ဆင်ပြသထားသည်။


ပွဲတော်တွင် ရန်ကုန်တိုင်းမှ ကျောင်းသား၊ ကျောင်းသူများ၏ ဖျော်ဖြေရေးများ ပါဝင်သည်။

 ကလေးစာပေပွဲတော်ကို ကလေးများ ပျော်ရွှင်စေရန် ရည်  ရွယ်၍ ကျင်းပခြင်းဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်ကပြောသည်။

 ‘‘ကလေးစာပေပွဲတော်မှာ ကလေးတွေပျော်ဖို့ ဖန်တီးပေးတဲ့ အခါမှာ ပျော်စရာတွေချည်းပဲ သက်သက်ဖန်တီးပေးတာတော့ မဟုတ်ပါဘူး။ ကလေးများကို ပျော်ရွှင်ခြင်းနဲ့အတူ တစ်ပြိုင်နက် တည်း အဘက်ဘက်က ဖွံ့ဖြိုးတိုး တက် ပြည့်စုံဖို့အတွက်ကိုလည်း စဉ်းစားပြီး ဆောင်ရွက်ပါတယ်’’ ဟု ၎င်းကပြောသည်။

 ကလေးစာပေပွဲတော်သို့ လာရောက်သော ကလေးများသည် လက်ဆောင်ပေးသည့် စာအုပ်စာတမ်းလေးများရခြင်း၊ ၎င်းတို့ စိတ်ဝင်စားသည့် စာအုပ်များကို ၀ယ်ယူခြင်းအားဖြင့် စာအုပ်စာပေနှင့် ထိတွေ့မှုဖြစ်စေမည်ဟု ၀န်ကြီးကပြောသည်။

‘‘စာအုပ်တွေပဲ ပြမယ်ဆိုရင် ကလေးတွေဟာ အလွတ်သဘော ပဲ လာကြတာဖြစ်ပါမယ်။ သူတို့ရဲ့ပျော်ရွှင်စရာမရှိပါဘူး။ ကလေး ငယ်တွေကိုယ်တိုင် ဒီကမပြန်ချင် အောင် ဖြစ်စေချင်ပါတယ်။ က လေးတွေကို စာပေအပေါ်မှာ ချစ် မြတ်နိုးတဲ့ စိတ်တွေဖြစ်လာပြီး တစ်ဖက်ကနေ ပျော်ရွှင်စရာသူတို့ ရဲ့ ငယ်ဘ၀လေးတွေကို အမှတ်ရစေဖို့ ဒီပွဲလေးကို ကျင်းပဆောင်ရွက်ရခြင်း ဖြစ်ပါတယ်’’ဟု ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကပြောသည်။

 အဆိုပါ ကလေးစာပေပွဲတော်ကို ပြန်ကြားရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်းကျင်းပခြင်းဖြစ် သည်။

 ကလေးစာပေပွဲတော်ကို နေပြည်တော်၊ မန္တလေး၊ မော်လမြိုင်၊ တောင်ကြီး၊ မုံရွာနှင့် မကွေးမြို့တို့တွင် ကျင်းပပြီးဖြစ်သည်။