ညှိနှိုင်းမှုမပြေလည်သဖြင့် ရှမ်းလူထုဆွေးနွေးပွဲမပြုလုပ်ဖြစ်ဟု SNLD ပြော

ရှမ်းလူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေး နွေးပွဲမတိုင်မီ တောင်ကြီးတွင် ပြု လုပ်မည့် အကြိုလူထုဆွေးနွေးပွဲ ကျင်းပရန် အစိုးရနှင့် ညှိနှိုင်းမှုအ ဆင်မပြေသဖြင့် မလုပ်ဖြစ်တော့ ကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းကျော်ညွန့်က ပြောကြားသည်။

ရှမ်းလူမျိုးအလိုက် အမျိုး သားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကို လင်းခေးမြို့တွင် ဇန်န၀ါရီ ၁၂ ရက်မှ ၁၄ ရက်အထိ ကျင်းပရန် သတ်မှတ်ထားသည်။ လင်းခေး၌ ကျင်းပမည့် ရှမ်းလူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေး နွေးပွဲမတိုင်မီ အကြိုဆွေးနွေးပွဲကို တောင်ကြီးမြို့တွင် ဇန်န၀ါရီ ၇ ရက်ကစ၍ သုံးရက်ကြာကျင်းပ ခွင့်ပြုရန် ရှမ်းပြည်ပြန်လည်ထူ ထောင်ရေးကောင်စီ (RCSS/SSA) နှင့် ပြည်ထောင်စုငြိမ်းချမ်း ရေးဆွေးနွေးမှုပူးတွဲကော်မတီ (UPDJC) အဖွဲ့ဝင် ရှမ်းပါတီကိုယ် စားလှယ်က အစိုးရထံ ထပ်မံအဆို ပြုထားသည်။

‘‘တောင်ကြီးအကြိုဆွေးနွေး ပွဲက အစိုးရရော၊ တပ်နဲ့ရော ညှိ နှိုင်းတယ်။ အဆင်မပြေဘူး။ အဲဒါကြောင့်မို့လို့ ကျွန်တော်တို့ မလုပ် ဖြစ်တော့ပါဘူး။ တောင်ကြီးက လုပ်ခွင့်မပေးဘူးပေါ့လေ။ ပေးမ လုပ်ဘူးဆိုတော့ လင်းခေးလုပ် မယ့်ကိစ္စကလည်း လုပ်ရမလား၊ မလုပ်ရဘူးလားဆိုတာကတော့ ပြန်တိုင်ပင်ရမှာပေါ့’’ဟု ဦးစိုင်း ကျော်ညွန့်က ဇန်န၀ါရီ ၆ ရက်တွင်7Day Daily သတင်းစာအား ပြောသည်။

အကြိုဆွေးနွေးပွဲပြုလုပ်နိုင် ရေးညှိနှိုင်းခြင်း အဆင်မပြေမှုအပေါ် မူတည်၍ လင်းခေးတွင် ပြုလုပ်မည့် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲအလားအလာနှင့် ပြု လုပ်ရန် သင့်၊ မသင့် ရှမ်းအဖွဲ့အ စည်းခေါင်းဆောင်များအကြား ရက်ပိုင်းအတွင်း ပြန်လည်ဆွေး နွေးမည်ဖြစ်ကြောင်း ဦးစိုင်းကျော် ညွန့်က ပြောကြားသည်။

အကြိုဆွေးနွေးမှုမရှိပါက လင်းခေးဆွေးနွေးပွဲတွင် အကျယ် တ၀င့်ဆွေးနွေးနိုင်ရန် မည်သို့မျှ မဖြစ်နိုင်ကြောင်း ရှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) တွဲဖက်အတွင်းရေးမှူး ဦးစိုင်းလိတ်က ပြောသည်။

ဒီဇင်ဘာအတွင်းက ရှမ်းအ မျိုးသားအဆင့် နိုင်ငံရေးဆွေးနွေး ပွဲအကြိုများကို ပင်လုံ၊ လာရှိုး၊ တာချီလိတ်မြို့အပါအ၀င် ရှမ်း ပြည်နယ်နှင့် ရှမ်းပြည်နယ်ပြင်ပရှိ ရှမ်းတိုင်းရင်းသားများနေထိုင်ရာ ဒေသ၌ ပြုလုပ်ရာ တပ်မတော်က တားမြစ်ခဲ့ပြီး ရှမ်းအမျိုးသားအ ဆင့် နိုင်ငံရေးဆွေးနွေးပွဲကျင်းပ ခွင့်ပြုထားသော လင်းခေးမြို့၌ ပြုလုပ်ရန် RCSS/SSA ထံ စာပို့ အကြောင်းကြားထားသည်။

၂၁​ ရာစုပင်လုံတတိယအ ကြိမ်အစည်းအဝေးကို ဇန်န၀ါရီ နောက်ဆုံးပတ်တွင် ပြုလုပ်မည် ဖြစ်သည်။ ပြီးခဲ့သည့် ၂၁ ရာစုပင် လုံ  ဒုတိယအစည်းအဝေးတွင် RCSS/SSA က ရှမ်းအမျိုးသားအ ဆင့် ဆွေးနွေးပွဲမကျင်းပနိုင်ခဲ့၍ ၎င်းတို့အဖွဲ့၏ သဘောထားကို ညီလာခံသို့ တင်ပြနိုင်ခြင်းမရှိခဲ့ ပေ။

‘‘ပြီးခဲ့တဲ့ ငြိမ်းချမ်းရေးညီလာ ခံမှာ ရှမ်းတွေအနေနဲ့ ငြိမ်းချမ်း ရေးလုပ်ငန်းစဉ် အကောင်အ ထည်ဖော်နိုင်ဖို့အတွက်ကို လုပ် ဆောင်ခဲ့တယ်လေ။ အမျိုးသား အဆင့် နိုင်ငံရေးဆွေးနွေးပွဲမကျင်းပဘဲနဲ့  ဒီတစ်ကြိမ်မှာတော့ ရှစ်ဖွဲ့(NCA လက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များ)မှာလည်းပဲ သဘောထားရှိ တယ်။ ရှမ်းမှာ RCSS အနေနဲ့ ရှမ်းအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို  မကျင်းပနိုင်ဘဲနဲ့တော့ နိုင်ငံရေးဆွေးနွေးပွဲတွေ  မသွားသင့်ဘူး။ အဆင်မပြေနိုင်ဘူးဆိုတဲ့ သဘောထားရှိတယ်။ ဆိုတော့ အဲဒီအတွက်ကြောင့်မို့လို့ ပြန်ညှိရမှာပေါ့။ ဒီလိုမှမဟုတ်ရင် အခြေအနေအမှန်အတိုင်း ပြောရမယ်ဆိုရင်တော့ ခက်သွားလိမ့်မယ်’’ဟု ABSDF လက်နက်ကိုင်အဖွဲ့ ဒုတိယဥက္ကဋ္ဌ  ဦးမျိုးဝင်းက ပြောသည်။ NCA လက်မှတ်ထိုးထား သည့် တိုင်းရင်းသားလက်နက် ကိုင် ရှစ်ဖွဲ့အနက် တပ်မတော်နှင့် RCSS/SSA တို့အကြား ပဋိပက္ခ များ၊ တိုက်ပွဲများဖြစ်ပွားမှုအများ ဆုံး ဖြစ်သည်။

 ထို့အပြင် အမျိုး သားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပမည့် နေရာနှင့်ပတ်သက်ပြီး တပ်မတော်နှင့် RCSS/SSA အကြား ကာလရှည်ကြာစွာညှိနှိုင်းမရဘဲ ဖြစ်ခဲ့သည်။ 

RCSS/SSA က တောင်ကြီး (သို့မဟုတ်) ပင်လုံတွင် ကျင်းပလိုပြီး တပ်မတော်က ယင်းနေရာများ၌ ကျင်းပခွင့်မပြုဘဲ  မိုင်းပန်၌ကျင်းပရန် သဘောထားပေးခဲ့သည်။ 

ပြီးခဲ့သည့် နိုဝင်ဘာ ၂၇ ရက်က ကျင်းပသော NCA အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေးတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ကြားဝင်ညှိနှိုင်းပေးမှုကြောင့် လင်းခေးမြို့၌ ကျင်းပရန် သဘောတူညီမှုရခဲ့သည်။

More in News Section